【 ဆောင်းပါး 】တိုးတက်လာသော တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး

【 ဆောင်းပါး 】တိုးတက်လာသော တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၃ ရက်အထိ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ အမေရိကန်ဒေါ်လာ ၈၇၃ ဒသမ ၅၉ သန်းကျော်ရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ယခင်နှစ် ကာလတူ ကုန်သွယ်မှုအခြေအနေမှာ ၅၄၉ ဒသမ ၄၈ သန်းဖြစ်၍ ဘဏ္ဍာနှစ်ကာတူနှိုင်းယှဉ်ချက်အရ အမေရိကန် ဒေါ်လာ ၃၂၄ ဒသမ ၁၁၇ သန်း ကုန်သွယ်မှုတိုးလာသည့် အခြေအနေဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် မူဆယ်က ပို့ကုန်၊ သွင်းကုန်ဆောင်ရွက်မှုအများဆုံး ဖြစ်သည်။ ဧပြီ ၁ ရက် မှ ဇွန် ၂၃ ရက်အထိ ကာလအတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ် လာ ၅၇၅ ဒသမ ၅၄၆ သန်းဖြင့် အခြားသောနယ်စပ်စခန်းများထက် အများဆုံးကုန်သွယ်နိုင်ခဲ့သည်။  ယခင်နှစ် ကာလတူထက်လည်း အမေရိကန် ဒေါ်လာ ၁၃၆ သန်းကျော် မြင့်တက်လာသည်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ နယ်စပ်ကုန်သွယ်ရေးဖော်ပြချက်စာရင်းများတွင် ဖော်ပြထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၄၆၇ ဒသမ ၉၁၉ သန်း ကုန်သွယ်မှုရှိခဲ့သည်။ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်ရာတွင် သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပမာဏပိုများပါ သည်။

ယခုဘဏ္ဍာနှစ် သုံးလနီးပါးအတွင်း လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု အမေရိကန်ဒေါ် လာ ၂၀ ဒသမ ၉ သန်းကျော်၊ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၅ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု အနည်းငယ်လျော့ကျခဲ့ပါသည်။ 

ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သုံးလနီးပါးအတွင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၁ သန်းကျော်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၂၅ ဒသမ ၆၆ သန်း ရှိ၍ ယခင်နှစ် ကာလတူထက် ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်လာပါသည်။

တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ အတားအဆီးများ လျှော့ချပြီးနောက် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်စည်စီးဆင်းမှုများ ပြန်လည်တိုးတက်လာခဲ့သည်။ အထူးသဖြင့် မူဆယ်နယ်စပ်ဂိတ်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်များက ဆန်၊ ပြောင်း၊ ကြံ၊ ပဲမျိုးစုံနဲ့ တခြား စိုက်ပျိုးရေးထွက်ကုန်တွေ၊ ရေထွက်ကုန်များကို တရုတ်နိုင်ငံဘက်မှ ဝယ်ယူမှုများခဲ့သည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇွန်လအတွင်း တစ်သျှူးငှက်ပျောတန်ချိန် ၁၀၅၅၅ တန်နှင့် သတ္တုနှင့်သတ္တရိုင်း ၁၁၇၄ တန် တင်ပိုနိုင်ခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီးစသည့် ကုန်ပစ္စည်းများကို တရုတ်ပြည်သို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျက်ရှိသည်။

ယခုနှစ်တွင် တရုတ်ပြည်ဘက်၌ ကုန်စည်ပြပွဲများ မကြာခဏ ကျင်းပလျက်ရှိသည့်အတွက် တရုတ်-မြန်မာလုပ်ငန်းရှင်များအကြား ပိုမိုပေါင်းကူး‌ဆောင်ရွက်နိုင်သည့် အခြေအနေများကို တွေ့ရသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအလိုက် ကုန်သွယ်မှုများတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးဖြစ်ပြီး ယခုနှစ် မေလ၏ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးများမှတစ်ဆင့် ကုန်သွယ်မှုအခြေအနေမှာ ၁၅၅၀ ဒသမ ၄၅၇ သန်းဖြစ်ပြီး  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉၂၈၀ ဒသမ ၁၄၈ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိတွင် တရုတ်နယ်စပ်ကုန်သွယ်‌ရေးများ၌ သွင်းကုန်လုပ်ငန်းများအား ဘဏ်စနစ်ဖြင့်‌ဆောင်ရွက်ခြင်းကို လာမည့်ဩဂုတ် ၁ ရက်မှစ၍ စတင်ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထိုသို့‌ဆောင်ရွက်ရာတွင် သွင်းကုန်ပစ္စည်းများ တင်သွင်းမှုအတွက် တစ်ဖက်နိုင်ငံသို့  ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ဝင်ငွေ၊ အခြားဝင်ငွေများနှင့် ပြည်တွင်းဘဏ်မှဖြစ်စေ ဝယ်ယူရရှိထားသော ငွေစာရင်းလက်ကျန် (ယွမ်ငွေ)ကို အသုံးပြုတင်သွင်းခွင့်ပြုမည်ဖြစ်သည်။

သွင်းကုန်လုပ်ငန်းရှင်တွေအနေဖြင့် ပို့ကုန်တင်ပို့မှုက ရရှိသည့်ဝင်ငွေ၊ ပြည်တွင်းဘဏ်မှ နိုင်ငံခြားငွေ ဝယ်ယူထားသည့် အထောက်အထား (Credit Advice)နှင့် ဘဏ်ငွေစာရင်းရှင်းတမ်း(Bank Statement) မူရင်းများကို ပူးတွဲ၍  ကုန်သွယ်ရေးဦးစီးဌာနကို တင်ပြရမည်ဟု ဖော်ပြထားပါသည်။

ထိုကဲ့သို ဘဏ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးများတွင် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်အချို့ အခက်အခဲများဖြစ်ပေါ်ခဲ့သည်။ ယင်းအခြေအနေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အခက်အခဲများ ဖြစ်ပေါ်မည်ကို ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိနေပါသည်။

အမွန်