【 ဆောင်းပါး 】နယ်စပ်မြို့လေးက ဒုတိယကမ္ဘာစစ်သမိုင်းပြတိုက်

【 ဆောင်းပါး 】နယ်စပ်မြို့လေးက ဒုတိယကမ္ဘာစစ်သမိုင်းပြတိုက်

မြန်မာနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ နယ်စပ်မြို့လေးဖြစ်တဲ့ ထိန်ချုံးမြို့ (Tengchong)ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။

ထိန်ချုံးမြို့ဟာ ဒေသတွင်းမှာရှိတဲ့ ရေပူစမ်းတွေကြောင့်ကျော်ကြားပြီး ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်သည့် နေရာတစ်ခုဖြစ်သလို ရှေးဟောင်းဘုရားကျောင်းများအပါအဝင် ယဉ်ကျေးမှုဆိုင်ရာ နေရာတွေများစွာတည်ရှိတဲ့နေရာဖြစ်ပါတယ်။ နယ်စပ်မြို့လေးဖြစ်သော်လည်းအခြေခံအဆောက်အအုံများမှာ အဆင့်မီမီဆောက်လုပ်ထားကြပါတယ်။

လည်ပတ်စရာတွေနဲ့ လေ့လာစရာတွေပေါတဲ့ ထိန်ချုံးမြို့ကို မြန်မာနိုင်ငံအတွင်းကနေ သွားရောက်လည်ပတ်တဲ့သူတွေလည်းရှိပါတယ်။ ကိုဗစ်မတိုင်ခင်ကာလတွေတုန်းကဆိုရင် ပြည်တွင်းခရီးသွားကုမ္ပဏီတွေက မန္တလေး-မြစ်ကြီးနား-ထိန်ချုံးခရီးစဉ်တွေရေးဆွဲပြီး ဝန်ဆောင်မှုပေးခဲ့တာတွေလည်းရှိခဲ့ပါတယ်။

ထိန်ချုံးမြို့ဟာ ဒုတိယကမ္ဘာစစ်တွင်း အဓိကခံတပ်မြို့ဖြစ်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ထိန်ချုံးမြို့မှာ တည်ဆောက်ထားတဲ့ ထိန်ချုံးစစ်သမိုင်းပြတိုက်ဟာလည်း ခရီးသွားတွေ စိတ်ဝင်တစား လာရောက်လေ့လာကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ထိန်ချုံးမြို့အနီးတစ်ဝိုက်မှာ ပြင်းထန်တဲ့ စစ်မြေပြင်ဧရိယာဖြစ်ခဲ့ပြီး မြန်မာပြည်ဘက်မှ  ဂျပန်များကျူးကျော်ဝင်ရောက်လာမှုနဲ့ တိုက်ပွဲများအကြောင်းကိုလည်း ပြတိုက်အတွင်းမှာ ပြသထားပါတယ်။

အဆိုပါ ပြတိုက်အတွင်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်စစ်မြေပြင်မှာ ဂျပန်တွေကို မဟာမိတ်တပ်တို့နဲ့ တော်လှန်တိုက်ခိုက်ခဲ့ပုံများကို သမိုင်းဝင်ပစ္စည်း၊ ဓာတ်ပုံ၊ ဗီဒီယို ၊ မြေပုံစသည်တို့ကို အသေးစိတ်ပြသထားပါတယ်။

ဒီပြတိုက်ထဲမှာ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံက မထိန်းသိမ်းနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက ပစ္စည်းမှတ်တမ်းများကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယကမ္ဘာစစ်အတွင်းမှာ CBIလို့ ခေါ်တဲ့ တရုတ်-ဗမာ-အိန္ဒိယ (China Burma India Theater - CBI) ဆိုတဲ့ မဟာမိတ်တပ်ကြီးနဲ့ ဂျပန်တို့အား တော်လှန်ခဲ့ပုံများကိုလည်း မျက်ဝါး ထင်ထင် မြင်တွေ့ရသလိုဖြစ်အောင် ပုံဖော်ပြသထားပါသေးတယ်။

ပြတိုက်အတွင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်ခဲ့တဲ့ စစ်သားတွေရဲ့ ဦးထုပ်များကိုလည်း ခန်းမအတွင်းက မျက်နှာကျက်မှာ ချိတ်ဆွဲပြသထားပြီး စစ်အတွင်းအသုံးပြုခဲ့တဲ့ သေနတ်၊ စစ်ဝတ်တန်ဆာ၊ ဦးထုပ်များအပါအဝင် စစ်အသုံးဆောင် ပစ္စည်းများကိုလည်း ခင်းကျင်းပြသထားကာ သရုပ်ဖော်ပန်းချီကားများကိုလည်း လက်ရာမြောက်စွာပုံဖော်ထားတာ တွေ့ရမှာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ဒေသအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲများနှင့် လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဓာတ်ပုံများ၊ စာရွက်စာတမ်းများနှင့် သရုပ်ဖော်ပုံများကို စုစည်းပြသထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ပြတိုက်ခန်းမအတွင်းမှ ပြန်လည်ထွက်ခွာစဉ် ပြတိုက်ဧရိယာထဲမှာပဲ ဒုတိယကမ္ဘာစစ်အတွင်းက တရုတ်ကလေးစစ်သားတစ်ဦးရဲ့ပုံကို တွေ့ရမှာဖြစ်ပါတယ်။ စစ်အတွင်းမှာ ကလေးငယ်တွေလည်း ပါဝင်ခဲ့ရတယ် ဆိုတာကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလိုထားရှိပေးတာလို့ ဆိုပါတယ်။

ဒီပြတိုက်ထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိဘူးလို့ ပြတိုက်တာဝန်ရှိသူတွေက တားမြစ်ထားပေမယ့် ဝင်ရောက်လေ့လာသူ အားလုံးလိုလိုက ပါလာတဲ့ဖုန်းလေးတွေနဲ့ အမှတ်တရဓာတ်ပုံရိုက်တာတွေ့ရပါတယ်။

ဒီပြတိုက်ထဲမှာ ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းကြောင်းကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး နောင်လာနောက်သားတွေ ကြည့်ရှုနိုင်ဖို့အတွက် ရည်ရွယ်ပြသထားတာ တွေ့ရပါတယ်။ ထိန်ချုံးစစ်သမိုင်းပြတိုက်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ပျက်ခဲ့တဲ့ စစ်ပွဲသမိုင်းကြောင်းကို ထူးထူးခြားခြား ကြည့်ရှုနိုင်ဖို့ စုစည်းဖော်ပြထားတဲ့ ပြတိုက်တစ်ခု ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို မျက်ဝါးထင်ထင် မြင်ယောင်လာအောင် ပြန်လည်ခံစားကြည့်ရှုဖို့ စိတ်ဝင်စားသူတွေအတွက် ထိန်ချုံးစစ်သမိုင်းပြတိုက်ဟာ သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ခန့်မောင်