【 ဆောင်းပါး 】နီးနီးလေး သန်လျင်

【 ဆောင်းပါး 】နီးနီးလေး သန်လျင်

သာကေတကနေ လှမ်းကြည့်လိုက်ရင် သန်လျင်ဆိုတာမြစ်တစ်စင်းခြားတယ်ဆိုပေမဲ့ ကျနော်တို့ငယ် ငယ်တုန်းကတော့ တကူးတကန့်သွားမှရောက်တဲ့ မြို့တစ်မြို့ဖြစ်တယ်။ရန်ကုန်ဘက်ခြမ်းဆိပ်ကမ်းတစ်ခု ကနေ သင်းဘော နာရီဝက်ဝန်းကျင် စီး ပြီးမှ ရောက်တဲ့မြို့မို့ရန်ကုန်မြို့သားတော်တော် များများ သန်လျင်ကို မရောက်ဖူး။ သန်လျင်မြို့ရဲ့ တစ်ခုတည်းသောသင်းဘောဆိပ်နာမည်ကလည်း သိပ်လှ၊သီတာသင်းဘောဆိပ် တဲ့။ ဘာ့ကြောင့်သီတာ လို့တွင်တာလဲတော့မသိ။

ကျနော်တို့ငယ်ငယ်တုန်းက ကြားဖူးတာက သန်လျင်ဆိုတာ နည်းနည်းအတင့်ရဲတဲ့သမီးရည်းစားတွေ နေ့ချင်းပြန်သွားလည်ကြတဲ့နေရာတဲ့။ရန်ကုန်ကနေ မနက်စောစောထွက်မယ်။သန်လျင်သီတာဆိပ်ရောက်ပြီ ဆို ခပ်ကျပ်ကျပ်စီးရတဲ့ ဂျစ်ကားနဲ့ ကျိုက်ခေါက်ဘုရားသွားဖူးမလား။ဒါမှမဟုတ်၊ကျောက်တန်းအထိ ဂျစ်စီး ပြီး ကျောက်တန်းရေလယ်ဘုရားသွားဖူးမလား။တချို့အမျိုးသားတွေက ကိုယ့်ချစ်သူကိုယ် ယူချင်နေပြီဖြစ် ပေမဲ့ ချစ်သူက လက်မခံတော့ သန်လျင်ဘက်သွားလည်မယ်တို့၊ကျောက်တန်းရေလယ်ဘုရား သွားမယ်တို့ ဇာတ်လမ်းတွေဆင်။ ညနေခင်းသင်းဘောမမီအောင် အချိန်ဆွဲကာ ညားစေသတည်းဆိုတာမျိုးလုပ်တတ်ကြ တယ် လို့လည်း  ကြားခဲ့ဖူး တယ်။

မှတ်မှတ်ရရ၊ကျနော်၈တန်းစာမေးပွဲအပြီး နွေကျောင်းပိတ်ရက်တုန်းက သန်လျင်ဘက်တစ်ခေါက် စရောက်ခဲ့ဖူး၊၁၉၈၅ခုနှစ်လို့ ထင်ရတယ်။အဒေါ်ယောကျာ်းက စိုက်ပျိုးရေးဌာနစာရင်းစစ်။ခရမ်းသုံးခွဘက် စာ ရင်းစစ်ထွက်မယ်ဆိုတော့ ကျနော့်ကို ရောက်ဖူးအောင် ခေါ်လို့ ရောက်ခဲ့ဖူးခြင်းဖြစ်တယ်။သန်လျင်ဆိုတာ တ ကယ့်ကို ကျေးလက်ဆန်တဲ့နေရာ။သစ်ပင်တွေနဲ့ ညှို့မှိုင်းလို့။ကျနော်အကြိုက်ဆုံးက အတက်အဆင်းအနိမ့်အ မြင့်တွေနဲ့ ကတ္တရာလမ်းအကွေ့အကောက်လေးတွေနဲ့ သက်တမ်းရင့်တမာပင်ကြီးတွေကလည်း အုံ့အုံ့ဆိုင်း ဆိုင်း။အဲဒီလို သစ်ပင်ကြီးတွေအောက်မှာ မြင်းလှည်းဂိတ်ကိုတွေ့ခဲ့ဖူးတယ်။ရန်ကုန်နဲ့အင်မတန်နီးတဲ့ဒီလိုနေ ရာမှာ မြင်းလှည်းကို မြင်ရပြီး ကျေးလက်သိပ်ဆန်နေတာ ကျနော့်အတွက် လှိုက်လှိုက်လှဲလှဲကြွေခဲ့ရတယ်။

ကျနော့်လူပျိုပေါက်အရွယ်ရောက်တော့ ကွန်မြူနစ်ခေါင်းဆောင်သခင်စိုး သခင်မဖြစ်ခင်ကာ လက သန်လျင်ဘီအိုစီကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ဖူးကြောင်းဖတ်မိပြီး သခင်စိုးနဲ့သန်လျင်ကို တွဲမှတ်ခဲ့ဖူးတယ်။ ပြီး တော့ ရတုဘုရင်နတ်ရှင်နောင်ရဲ့ ကျိုက်ခေါက်ဘုရားဘေး ဂူဗိမာန်။ပြီးတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ‘သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်…ခို င်’။ နင့်နေအောင်ခံစားခဲ့ရတဲ့ အဲဒီဝတ္ထုကို ဘယ်နှကြိမ်မှန်းမသိ ဖတ် ခဲ့ကာ ဖတ်တဲ့အချိန်တိုင်း သန်လျင်မြို့အနှံ့ လမ်းလျှောက်လိုက်စက်ဘီးလေးဖြည်းဖြည်းနင်းလိုက်နဲ့ လွမ်းမော ချင်စိတ်ဟာ ထိန်းမရ။

၁၉၉၃ခုနှစ်၊သန်လျင်တံတားကြီး ပြီးသွားတဲ့အခါ အရင်က တကူးတကနဲ့ နာရီဝက်လောက် သွားမှ ရောက်တဲ့ သန်လျင်ဟာ အခုတော့ တံတားပေါ် ၅မိနစ်လောက် ကားစီးလိုက်ရုံနဲ့ရောက်ခဲ့ပြီဖြစ်တယ်။ ပဲခူးမြစ်ပေါ် ၂ကီလိုမီတာကျော်ရှည်တဲ့တံတား။ကားလမ်းနှစ်ဖက်ရဲ့အလယ်မှာ မီးရထားလမ်းထည့်ဆောက် ထားတာ ပိုလှနေသလို။တရုတ်က ဆောက်ခဲ့ပေးတဲ့ ချစ်ကြည်ရေးတံတား။

တံတားဖွင့်ပြီး တစ်နှစ်တောင်မကြာလိုက်ပါဘူး။အရင်က အမြဲမပြတ်စည်ကားနေတဲ့ သီတာဆိပ်ဟာ တောရကျောင်းပမာ ဆိတ်လို့။သန်လျင်ဟာ သိပ်ကိုနီးသွားတဲ့မြို့တစ်မြို့မို့ ရန်ကုန်နဲ့ လူအဝင်အထွက်စိပ်လာ တယ်။တံတားပြီးတဲ့နောက် အရင်က ပိုဝေး ပိုခေါင်လှတဲ့ ကျောက်တန်း၊သုံးခွနဲ့ ခရမ်းမြို့တို့ဟာလည်း ရန်ကုန် နဲ့ အိမ်ဦးနဲ့ကြမ်းပြင်ဖြစ်လာတယ်။    အဲဒီအချိန်တုန်းက သမီးရည်းစားတွေရဲ့ နှစ်ကိုယ်တူချစ်သမျှနဲ့ တည်းခိုရေးဆိုင်ရာကိစ္စဟာ ရန်ကုန်မြို့ကတည်းခိုခန်းတွေမှာ ရန်ကုန်မှတ်ပုံတင်နဲ့ လက်မခံလေတော့ သန် လျင်ကိုယွင်းရတယ်။သန်လျင်မှာက ရန်ကုန်မှတ်ပုံတင်နဲ့ဆို အိုကေ။ပြီးတော့ သန်လျင်ဆိုတာ ရန်ကုန်အသိအ ကျွမ်းတွေ မမြင်လောက်ဘူးလို့ထင်ရတဲ့နေရာမို့ စွန့်စားရဲကြတယ်။ထားတော့။

သန်လျင်ဟာတံတားထိုးအပြီး မြို့ဆန်ဖို့ကြိုးစားလာတယ်။လိုင်းကားတွေ ခပ်များများပြေးနေပြီမို့ အရင်က သန်လျင် မြို့တွင်း အတိုအထွာ သွားလာရင်သုံးတဲ့ မြင်းလှည်းတွေ တဖြည်းဖြည်းကောခဲ့တယ်။ ရန်ကုန်နဲ့နီးနီးလေး သော သန်လျင်မှာ ထူးထူးခြားခြား ဆိုက်ကားတွေ မမြင်လို့ သန်လျင်သားတစ်ဦးကို မေးကြည့်မိ။ ‘ကားလမ်း က အ ဆင်းအတက်တွေများတာကြောင့်ထင်တယ်’တဲ့။

သန်လျင်မြေကို တိတိပပ ခြေချခဲ့ဖူးတာကတော့ အသက်၂၀ကျော်အရွယ်လောက်မှ။အအေးဓာတ် အနည်းငယ်စိမ့်နေတဲ့ညနေခင်းတစ်ခုမှာ စိတ်ရူးပေါက်လာတာနဲ့ သန်လျင်မြို့အ ဝင်လောက်ကနေ သန်လျင် ဈေးအထိ လှိုက်စားခဲ့ဖူးတဲ့ ‘သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်…ခိုင်’ ကို လိုက်လံရှာဖွေမိတဲ့အရသာဟာသိပ် လှ။

သန်လျင်ဟာ တောင်ကုန်းအနိမ့်အမြင့်တွေ၊ဥရောပဆန်တဲ့ အဆောက်အဦတွေ၊သစ်ပင်ကြီးတွေ ညှို့မှိုင်းအုပ်ဆိုင်းနေတာတွေနဲ့ သွေးခုန်နှုန်းမြန်ခဲ့ဖူးတယ်။ကျိုက်ခေါက်ဘုရားကိုရောက်တော့ ရတုအကျော် အမော် နတ်ရှင်နောင်ရဲ့ ဂူဗိမာန်ဟာ လွမ်းမောဖွယ်ရာ။ရှေးမူနဲ့အညီ တခမ်းတနားဖွဲ့ဆိုထားရမယ့် ဂူဗိမာန် ဟာ ညှိးငယ်စွာ။

အဲဒီတုန်းက သန်လျင်ဂျီတီအိုင်ကျောင်းရှေ့ သူငယ်ချင်းနေတဲ့ အဆောင်မှာ ၂ညအိပ်။သန်လျင်ဂျီတီ အိုင်ကျောင်းထဲအဝင် ကွန်ကရစ်လမ်းမကြီးဘေး သီဟိုပင်နှစ်ဖက်ရံကာ နေမခတဲ့ လမ်းရှည်ရှည်ကွေ့ကွေ့ လေးကို တအံ့တဩ ဖြတ်လျှောက်မိ။

နောက်တစ်ခါကျတော့ စည်ကားနေပြီဖြစ်တဲ့ တာဝတက္ကသိုလ်။ဘာကိစ္စမှမရှိ၊တာဝတက္ကသိုလ် ကျောင်းသား အသိမိတ်ဆွေရယ်လို့လည်း တစ်ဦးမှမရှိ။တာဝတက္ကသိုလ်ကို အရသာခံချင်စိတ်တစ်ခုတည်း နဲ့ စိတ်ချင်းမဝေးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ ရောက်ခဲ့တယ်။

ပြီးတော့ နောက်တစ်ခေါက် ထပ်ရောက်ဖြစ်သေးတာက သန်လျင်ဘုရားကြီးလမ်းဆုံနဲ့ တာဝတက္က  သိုလ်ကြား ဘုရားကြီးဘက်ကလာရင် ဘက်ဘက်ချိုးဝင်ရတဲ့ ရုပ်ရှင်ရိုက်ကူးရေးနေရာ။ထိုးခန်းကြိတ်ခန်း၊သေ နတ်ပစ်ခန်းတွေဆို ဒီနေရာမှာ လာရိုက်တာတဲ့။မိတ်ဆွေ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက ခေါ်လာလို့ ရောက်ရ တယ်။အဲဒီနေရာက မြေသားလိုရင် လာတူးကြရင်း ချိုင့်ကြီးချိုင့်ငယ်တွေ၊ဟိုး..ခပ်မြင့်မြင့် တောင်ပေါ်လိုနေရာ တွေဖြစ်လို့။ရုပ်ရှင်ထဲ ကင်မရာရဲ့လှည့်စားမှုတွေပါလာတော့ ရုပ်ရှင်သရုပ်ဆောင်တွေက တကယ့်တောင်တန်း ကြီးပေါ် တိုက်နေခိုက်နေကြသလို။

သန်လျင်ဟာ အဲဒီလို တောတောင်ရေမြေ သဘာဝအလှတွေပွင့်နေသလို တစ်နှစ်ပြီးတစ်နှစ် တက် လိုက်တဲ့ အိမ်ဈေးတွေက နင့်လို့။သန်လျင်ဟာ ရန်ကုန်နဲ့နီးနီးလေး၊သန်လျင်ဟာ မြို့ပြဆန်လာအောင် လက်ကုန်ကြိုးပမ်းနေပေမဲ့ သန်လျင်ဟာ ဒီနေ့ထိတိုင် ရန်ကုန်နဲ့မတူ အရင်သန်လျင်အသွင်အပြင်အတိုင်း ကျေးလက်ဆန်လို့ကောင်းတုန်း။

နည်းနည်းတော့ကြာခဲ့ပြီ။တံတားကြီးထိုးပြီးခဲ့ပေမဲ့ ကျနော်အရောက်အပေါက်နည်းခဲ့တဲ့သန်လျင်ကို မကြာခဏဆိုသလို ကျနော်ဖြတ်ရတယ်။ကားပေါ်ကနေသန်လျင်ကိုဖြတ်ရတာဆိုတော့ ပန်းခင်းထဲ မြင်းစီး ဖြတ်သလို ကားပေါ်ကနေ အပေါ်ယံဝေ့ဝေ့ဝဲဝဲ။ဘာပဲဖြစ်ဖြစ် သန်လျင်ကိုရောက်တဲ့အချိန်တိုင်း ကျနော့်စိတ် တွေလန်းလာမြဲ။သန်လျင်ဟာ ကျေးလက်ရနံ့မပြယ် ဒီအတိုင်းကျနော်ဆက်မြင်ချင်နေမိတယ်။

 

 ငြိမ်းဆက်