【 ဆောင်းပါး 】နွားဆိုတာလည်း လူပါပဲ

【 ဆောင်းပါး 】နွားဆိုတာလည်း လူပါပဲ

ဘကြီးက သူ့ကိုယ်သူ နွားနဲ့ဖက်ပြီး မွေးလာသူလို့ ဂုဏ်ယူစွာပြောလေ့ရှိတယ်။ဘကြီးမွေးဖွားတဲ့ကာလက သူ့ကျွန်ဘဝလို့ပြောကြတဲ့ အင်္ဂလိပ်ခေတ်။ကျနော်တို့တောရဲ့ အဓိကစီးပွားရေးလုပ်ငန်းဟာ လယ်ယာ စိုက်ပျိုးရေးဖြစ်သလို စိုက်ပျိုးရေးအတွက် အဓိကလုပ်အားကို နွားတွေဆီကရတာမို့ နွားဟာ တောင်သူလယ်သမားတွေအတွက် သိပ်အဖိုးတန်ပါတယ်။အဲဒီလို နွားတွေရဲ့အခန်းကဏ္ဍ ကြီးမားကျယ်ပြန့်တဲ့ခေတ်မှာ လယ်သမားတစ်ဦး ဘယ်လောက်ထိကြွယ်ဝသလဲ ဆိုတာကို သူပိုင်ဆိုင်တဲ့လယ်ဧကတင်မက နွားဘယ်နှကောင်ပိုင် သလဲဆိုတာနဲ့ပါ တိုင်းတာလေ့ရှိပါတယ်။

ကျနော်တို့အဘိုးအဘွားက စပါးအထွက်ကောင်းတဲ့ လယ်ဧက ၅၀လောက်ပိုင်သလို နွားအကောင် သုံး၊လေးဆယ်ပုံမှန်ပိုင်ဆိုင်တာမို့ တောမှာလူလေးစားခံရတဲ့အဆင့်ရှိသူတွေပါ။ကျနော်တို့အဘိုးအဘွားတွေက နွားတွေဟာ သူတို့စီးပွားရေးအတွက် ထမင်းစားကျွန်ခံပုံစံမျိုး ဖက်ရုန်းပေးနေရရှာသူတွေလို့ သတ်မှတ်တဲ့အတွက် သူတို့ပိုင်နွားတွေကိုကျေးဇူးရှင်ရယ်လို့ သိမှတ်ကြတယ်။ဒါ့ကြောင့် နွားတွေကို တိရစ္ဆာန် ရယ်ဆိုပြီး မ ရိုက်မနှက်၊လိုအပ်တာထက်လည်းပိုမခိုင်းဘဲ ကောင်းကောင်းကျွေးရုံတင်မက ကျနော့်အဘိုးအဘွားရော ဘကြီးရော ကျနော့်အဖေပါ ရာသက်ပန်အမဲသားမစားကြပါဘူး။

ဘကြီးက အဲဒီလိုနွားတွေကို တန်ဖိုးထားဆက်ဆံတာပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့သူဆိုတော့ နွား တွေကိုချစ်တဲ့စိတ် အင်မတန်ကြီးသူပါ။

‘ဘကြီးတို့အိမ်ကနွားတွေကို အသက်ကြီးလာလို့ ခိုင်းလို့မရတော့လို့ဆိုပြီး သူများတွေလို အမဲဖော်ဖို့ ဘယ်တုန်းကမှ မရောင်းခဲ့ဘူး’လို့ ဘကြီးက မကြာခဏဆိုသလို ဂုဏ်ယူစွာပြောလေ့ရှိပါတယ်။တချို့လယ်သမားတွေက သူတို့နွားအသက်ကြီးလာလို့ ခိုင်းမရတော့ဘူးဆိုရင် နွားသတ်ပြီးအမဲသားလုပ်ရောင်းတဲ့သူတွေဆီ ရောင်းလေ့ရှိကြပြီး အဲဒီလိုလူမျိုးကို ဘကြီးက အကျွမ်းတဝင်ဘယ်တော့မှ ဆက်ဆံလေ့မရှိပါဘူး။

‘တစ်သက်လုံးလည်း ကိုယ့်စီးပွားရေးအတွက် နွားကို အားမနာတမ်း ရိုက်နှက်ပြီးတော့လည်းခိုင်း တယ်။အလုပ်မလုပ်နိုင်တော့ နွားကိုသတ်ပြီး ထပ်စီးပွားရှာတဲ့သူမျိုး ဘကြီးက လူကောင်းလို့ မထင်ဘူး’လို့ လည်း မှတ်ချက်ပေးတတ်ပါတယ်။

ဘကြီးတို့က ကိုယ့်နွားကိုယ် မရောင်းဘူးလားဆိုတော့ ရောင်းပါတယ်။နွားအရွယ်ကောင်းနေစဉ်ခိုင်းလို့ကောင်းနေစဉ် ရောင်းပါတယ်။ဒါတောင် နွားကို လူလိုမဆက်ဆံတတ်ဘူးလို့ သေချာပေါက်သိထားတဲ့သူမျိုးကိုဆို ကိုယ့်နွားသူ့လက်ထဲရောက်မှ ဒုက္ခရောက်မှာစိုးလို့ ရောင်းလေ့မရှိပါဘူး။

‘ဒါတောင်ကိုယ့်ခြံပေါက်နွားတွေဆို သံယောဇဉ်မကြီးခင် ငယ်ငယ်ရွယ်ရွယ်အချိန်ရောင်းချင်ရောင်း၊ ကြီးလာမှ ရောင်းတာမျိုးက ရှားတယ်’လို့ ဘကြီးက ပြောပါတယ်။

ကျနော်တို့ဆွေမျိုးစုတွေထဲ နွားကို အင်မတန်ချစ်တတ်တာ ဘကြီးအပြင် နောက်တစ်ဦးက ကျနော်တို့အဘိုးလေးဖြစ်ပါတယ်။အဘိုးလေးဆိုတာလည်း တစ်သက်လုံးလယ်သမားလုပ်လာသူ၊အခု အသက်၉၈နှစ် ဆိုလား၊ဒေါင်ဒေါင်မြည်နေတုန်း။နွားကိုချစ်တတ်တာ သူ့ဦးငယ်(အဘိုးလေး)ဆီက အမွေရခဲ့တာလို့ ဘကြီးက ပြောပြတတ်ပါတယ်။

‘ဘကြီး၄-၅နှစ်သားလောက်ကတည်းက မနက်စောစော ဦးငယ်နွားတွေအပြင်ထုတ်ပြီ၊နွားစာကျွေးပြီဆို ဦးငယ်နောက်တကောက်ကောက်လိုက်ရှုပ်နေတော့တာ’လို့ဆိုပါတယ်။

ဘကြီးနဲ့အဘိုးလေးတို့ နှစ်ဦး ဆုံလို့ နွားတွေအကြောင်း စကားလမ်းပေါက်သွားပြီဆို သူတို့မွေးခဲ့တဲ့ အဆက်ဆက်သောနွားတွေအကြောင်းက နားထောင်လို့ကောင်းမှကောင်း။တချို့နွားတွေက သူတို့သခင် အဘိုးလေးတို့ ဘကြီးတို့နဲ့ ဘယ်လောက်ယဉ်ပါးပြီးလူစကားနားလည်သလဲဆို နွားကြိုးကိုင်စရာမလို၊စကားနဲ့ ပြောလိုက်ရင်ကို နွားက လူစကားနားလည်နေတဲ့အထိပါပဲ။

‘အဲဒီလိုနွားမျိုးဘကြီးတို့ ၅ကောင်၊၆ကောင်လောက်ပိုင်ခဲ့ဖူးတယ်။ဘကြီးမွေးပြီး သိပ်မကြာခင် မွေးတဲ့ ဝိုင်းဝိုင်းလေးဆို အဲလိုနွားမျိုး၊ဘကြီးကိုလည်း ခင်မှခင်။ဘကြီးတို့ သေတဲ့အထိ သူတို့ကို မ ရောင်းဘူး။ သေတော့လည်းသူတို့ကိုကောင်းကောင်းမွန်မွန် မြေမြှုပ်ပေးတယ်’လို့ ဘကြီးက ဆိုပါတယ်။

ဝိုင်းဝိုင်းလေးလို့ ဘာလို့ခေါ်တာလဲဆိုတော့ အဲနွားရဲ့ ဂျိုက ဝိုင်းနေတာကြောင့်လို့ဆိုပါတယ်။ဘကြီး တို့ နွားနာမည် ကျနော်မှတ်မိသလောက်ပြောရရင် နွားပြာကြီး(ဘကြီးကအခေါ်- နဗျာကြီး)၊ရွှေဝါ၊မိုက်တုံး၊မိနီ၊ မိန်းမရွှင်၊ဝါးလုံးတိုး၊ဗိုက်ပူ….။

မိုက်တုံးဆိုတာက တစ်လက်ကိုင်၊ဒေါသကြီးပြီးမထင်ရင်မထင်သလို ပေကပ်ကပ် လုပ်တတ်လို့ မိုက်တုံး လို့ခေါ်တာပါ။မိုက်တုံးက သူစိမ်းဆို အကပ်မခံသလို နွားလှည်းတပ်ရင်လည်း ပေကပ်နေတတ်ပါ တယ်။မိုက်တုံးဆိုတာက ဘကြီးတို့ငယ်မွေးခြံပေါက်။

‘မိုက်တုံးကြောက်တာဆိုလို့ သားတို့အဘိုးတစ်ယောက်ပဲရှိတယ်။အဖေအော်လိုက်ရင်ကို ဒီကောင် ကြောက်တယ်။ဘကြီးနဲ့အဘိုးလေးကိုတောင် သူလှည်းမထွက်ချင်ရင်ပေကပ်ကပ်လုပ်သေးတာ။သူ့ကိုချော့ မော့လိုက်မှ သူက ပေကပ်ကပ်မလုပ်တော့တာ။ဒီကောင့်ကို သားတို့အဘိုးကရောင်းမယ်တကဲကဲလုပ်တာ။ သားတို့အဘွားနဲ့ဘကြီးက မိုက်တုံးကိုရောင်းရင် သူစိမ်းလက်ထဲ ဒီကောင်ပေကပ်နေရင် နှိပ်စက်ခံရမှာသေချာ တယ်။ခိုင်းမရရင် နွားသတ်ရုံအပို့ခံရမှာစိုးလို့ ဝိုင်းတားကြလို့ မရောင်းဖြစ်တာ။သေတဲ့အထိပဲ ဘကြီးတို့ဆီမှာ’ လို့ ဘကြီးပြောတဲ့ မိုက်တုံးဋီကာကို ကြားခဲ့ဖူးပါတယ်။

ဘကြီးက ငယ်စဉ်ကတည်းက မနက်ခင်းအိပ်ယာကနိုးတာနဲ့ နွားတွေအပြင်ထုတ်၊နွားစာကျွေးလုပ်နေ ကျမို့ ရှားရှားပါးပါး ဘကြီးခရီးထွက်တဲ့အချိန်ကလွဲ နေ့စဉ်မပျက် အချိန်အတိအကျ နွားစာကျွေး၊ညနေခင်း နွား တွေကိုနွားခြံထဲမထည့်ခင် နွားတစ်ကောင်ချင်း ပွတ်သပ်ချော့မြှူ၊နေကောင်းလား ကျန်းမာလား ဂရုတစိုက်။

‘နွားဆိုတာ ကိုယ်ကျွေးမှ စားရတာ။ကိုယ်ကျွေးမှစားရမယ့်နွားဖြစ်ဖြစ်လူဖြစ်ဖြစ်၊ကိုယ်လုပ်ရင်ခံရ မယ့်လူမျိုးဖြစ်ဖြစ်၊ဘယ်တော့မှ မညှာမတာ မလုပ်ရဘူး။အဲဒါလူတစ်ယောက် မဖြစ်မနေစောင့်ထိန်းရမယ့်လူ ကျင့်ဝတ်ပဲ’လို့ ဘကြီးက ဆိုပါတယ်။

ခေတ်မီတဲ့လယ်သမားကြီးဖြစ်တဲ့ဘကြီးဟာ ကျနော်အသက်၂၀မရောက် ခင်အရွယ် လွန်ခဲ့တဲ့ နှစ်၃၀ လောက်ကတည်းကသူ့လယ်မှာ နွားအသုံးလျှော့ကာ စက်တွေသုံးခဲ့ပါတယ်။ပြီးခဲ့တဲ့ အနှစ်၂၀လောက်ကစပြီး သူ့ခြံထဲ မွေးလာသမျှနွား သံယောဇဉ် မတွယ်ခင်ရောင်းစား။လက်ကျန်နွားကြီး တွေကို နည်းနည်းပါးပါးခိုင်းရုံကလွဲ သေတဲ့အထိစောင့်ရှောက်ထား။

အခုဆို ဘကြီးအသက်က၈၀။ဘကြီးအသက်၇၀မတိုင်ခင်ကတည်းက ဘကြီးချစ်ခဲ့တဲ့နွားတွေလည်း တစ်ကောင်မှမရှိတော့။ဘကြီးချစ်တဲ့ မိန်းမလည်း လွန်ခဲ့တဲ့ ၅နှစ်ကျော်လောက်ကတည်းက တိမ်းပါး။နွားမရှိ၊ မယားမရှိ၊သားသမီးလည်းမရှိတဲ့ဘကြီးဟာ ထီးထီးကြီးဖြတ်သန်းနေခဲ့ပါတယ်။

ဘကြီးသံယောဇဉ်ကြီးတဲ့ နွားတချို့သေတော့ မျက်ရည်ကျခဲ့ပြီး မိန်းမသေတော့မျက်ရည်မကျတာ ကျနော်တွေ့ခဲ့ရလေတော့ ‘ဘကြီး နွားနဲ့မယားဘယ်သူ့ကိုပိုချစ်သလဲ’လို့ မေးခဲ့ရပါတယ်။

‘လခွီး၊မေးပဲမေးတတ်တယ်။မယားသေတော့ ကြီးကောင်ကြီးမားနဲ့ မျက်ရည်ကျတယ်ဆိုပြီး သူများကဲ့ရဲ့မှာစိုးလို့ ခိုးမျက်ရည်ကျရတာပေါ့’လို့ ရယ်ရယ်မောမောနဲ့ ဘကြီး ပြန်ပြောခဲ့ပါတယ်။

ဒါပေမယ့်  ဒီနေ့ထိတိုင် စကားစပ်မိတိုင်း သူ့နွားတွေအကြောင်း ပြောနေလေ့ရှိပေမဲ့ မယားအကြောင်း ပြောတာကိုတော့ သိပ်မကြားခဲ့ရပါဘူး။   

 ငြိမ်းဆက်