【 ဆောင်းပါး 】နှစ်သစ်ကူးနှင့် ဆက်နွယ်သော လက်ဆောင်ပစ္စည်းစျေးကွက်

【 ဆောင်းပါး 】နှစ်သစ်ကူးနှင့် ဆက်နွယ်သော လက်ဆောင်ပစ္စည်းစျေးကွက်

ချစ်ခင်လေးစားရသည့် လူကြီးမိဘ၊ ဆရာသမားများ၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများ၊ ညီအစ် ကိုမောင်နှမ များအပေါ် ထားရှိတတ်သော မိမိ၏ စိတ်ထားကို ထိတွေ့နိုင်သည့် ဒြပ်ထုတစ်ခုအဖြစ် ပြသပေးနိုင် ရန် လက်ဆောင်များကို ပေးလေ့ရှိကြသည်။
 
လက်ဆောင်များပေးရာတွင် အချိန်အခါဖြင့်ပေးလေ့ရှိသလို အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ရည် ရွယ်ချက်အမျိုးမျိုးဖြင့် ပေးလေ့ရှိကြပြီး လက်ဆောင် ပေးခြင်းသည် လက်ဆောင်ပေးသူနှင့် လက်ဆောင် လက်ခံ သူ၏ကြား၌ ကြည်နူးစရာ တစ်ခုပင် ဖြစ်သည်။
 
အမှတ်တရလက်ဆောင်ပေးခြင်းမှာ ချစ်စရာကောင်းသည့် အလေ့အထတစ်ခုဖြစ်ပြီး မိမိကသူတစ်ပါးကို ဂရုတစိုက်ရှိသည့် သဘောဖြစ်သလို တခဏတာတွေ့ဆုံသည့်အခိုက်အတန့်၌လည်း တန်ဖိုးထားခြင်းကို သက် ရောက်စေခဲ့သည်။ ထိုကဲ့သို့သော တွေ့ဆုံမှုကို အမှတ်တရရှိစေချင်သည့် သဘောမျိုးအဖြစ်လည်းကောင်း၊ အကူ အညီတစ်ခုပေးလိုက်သည့်အပေါ် ကျေးဇူးတင်ကာ တုန့်ပြန်ဖော်ထုတ်ပြသသည့် သဘောမျိုးဖြင့်လည်းကောင်း လက်ဆောင်များကို ပေးလေ့ရှိကြသည်။
 
လက်ဆောင်များပေးရာတွင် ပေးသောသူ၏ အကြိုက်ကိုမှန်းဆပြီး ရွေးချယ်ကာပေးလေ့ရှိသလို ပေး လိုက်သည့်လက်ဆောင် မှာလည်း မိမိသုံးစွဲရန်သတ်မှတ်ထားသည့် ငွေကြေးပမာဏအနက်မှ အကောင်းဆုံး ဖြစ်အောင် ရွေးချယ်ပေးကြခြင်းလည်း ဖြစ်သည်။ အချို့မှာ ပေးချင်သည့်ပစ္စည်းအတွက် လိုက်ရှာဝယ်ယူသော် လည်း အချိန်မရခြင်းကြောင့်ဖြစ်ဖြစ်၊ ဒုက္ခခံကာ အလုပ်ရှုပ်ခံပြီး မဝယ်ယူချင်သောကြောင့်ဖြစ်စေ၊ လက်ဆောင် ပေးခံရသူမှ နှစ်သက်ရာရွေးချယ်ဝယ်ယူခွင့်ပေးနိုင်ရန် ရည်ရွယ်၍လည်း ငွေသားများကိုစာအိတ်အတွင်းထည့် ပေးလေ့ရှိကြသည်။
 
ထိုကဲ့သို့သော စာအိတ်အတွင်းထည့်ပေးလေ့ရှိသည့်အလေ့အထကိုအစပြုပြီး စျေးဝယ်စင်တာကြီးများ တွင် ယခုနောက်ပိုင်း ပရိုမိုးရှင်းအစီအစဉ်များ လုပ်ဆောင်သည့်အခါ Gift Voucher များအဖြစ် စီစဉ်လာကြသည်။ အချို့သောစျေးဝယ် စင်တာ များတွင် Gift Voucher များကို ပြန်ရောင်းချလာသည်အထိ တွင်ကျယ်လာပြီး မင်္ဂလာ လက်ဆောင် လက်ဖွဲ့ပေးခြင်း အပါအဝင် လက်ဆောင်ပေးရန်အတွက် Gift Voucher ဝယ်ယူသူများလည်း ရှိခဲ့သည်။
 
အဓိပ္ပာယ်အမျိုးမျိုးဆောင်သည့် သဘောဖြင့် ပေးလေ့ရှိသော လက်ဆောင်များတွင် လက်ဆောင်ပေး သူ၏ စိတ်ထား သည်လည်း ပေးသောလက်ဆောင်အပေါ် မှန်းဆကြည့်ရုံဖြင့်သိရှိနိုင်မည်ဟု ဆိုထားကြသည်။ အချို့သောသူများမှာ ချစ်သူနှစ်ဦးကြားဖြစ်စေ သူငယ်ချင်းအပေါင်းအသင်းများကြား၌ဖြစ်စေ အားကိုးကာ ချစ်ခင် မှုပြယုဂ်အဖြစ်လည်းကောင်း၊ ကလေးတစ်ဦးကဲ့သို့ အပြစ်ကင်းစင်ကာ ချစ်စဖွယ်ကောင်းသော ပြယုဂ်ကိုရည်ညွှန်း ခြင်းဖြင့် အရုပ်လက်ဆောင်များကို ပေးလေ့ရှိသည်။
 
သို့ရာတွင် ဖက်ရှင်ကျခြင်း၊ အဝတ်အစားဝတ်ဆင်ရာတွင် စမတ်ကျကာ ကျက်သရေရှိခြင်း၊ ခေတ်မီ ခြင်းအပါအဝင် တစ်လောကလုံး၌ အလှဆုံးဟူသော ပြယုဂ်ကိုရည်ညွှန်းသည့်အနေဖြင့်လည်း အချို့သောသူ များက အဝတ်အထည်များကို လက်ဆောင်အဖြစ်ပေးလေ့ရှိကြသည်။ အချို့မှာ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ရေမွှေးတို့ အပါအဝင် အလှကုန်ပစ္စည်းများကို လက်ဆောင်ပေးလေ့ရှိပြီး ယင်းမှာလည်း အချောဆုံးဟူ၍တင်စားခြင်း၊ မိမိ၏ အနားတွင်အမြဲရှိနေစေခြင်း၊ ချုပ်ခြယ်လိုခြင်း စသည့် ပြယုဂ်များအဖြစ်ဖြင့် ပေးလေ့ရှိသည်ဟု ဆိုကြသည်။
 
ထို့အပြင် ရိုးသားခြင်း၊ အလျော့ပေးလိုက်လျောခြင်း၊ ပေးဆပ်ခြင်း၊ အနားမှာအမြဲရှိပြီး စိတ်နာသွားပြီ ဆိုပါက ပြန်လှည့်မကြည့် တတ်ခြင်း ဟူသည့် ပြယုဂ်အဖြစ် ဖိနပ်များကို လက်ဆောင်ပေးလေ့ရှိသည်။ အချို့ သောသူများမှာ ဦးနှောက်နှင့် နှလုံးသားကို အကန့်ခွဲထားကာ အချစ်နှင့်ပတ်သက်လာပါက အတ္တကြီးခြင်း၊ ကိုယ် ချစ်သလောက်ပြန်ချစ်မှ ကျေနပ်ခြင်း စသည့် ပြယုဂ်များ အဖြစ် ပိုက်ဆံအိတ်၊ လက်ကိုင်အိတ် အစရှိသည့် အိတ် များကို လက်ဆောင်အဖြစ် ပေးလေ့ရှိကြသည်။
 
သစ္စာရှိခြင်း၊ စိတ်ဆိုးစိတ်ကောက်ဖြစ်ရန် ခက်ခဲခြင်း၊ အစွဲလမ်းကြီးခြင်း၊ မြတ်နိုးတန်ဖိုးထားသော်လည်း ပြတ်သားတတ်ခြင်း ဟူသည့် ပြယုဂ်များအဖြစ် အဖိုးတန် လက်ဝတ်ရတနာများကို အမှတ်တရ လက်ဆောင်အဖြစ် ပေးလေ့ရှိကြသည်။ အချို့မှာ တိုင်ပင်ဖော်၊ ရင်ဖွင့်ဖော် သူငယ်ချင်းမျိုးအဖြစ်သာ သဘောထားခြင်း သင်္ကေတ ပြယုဂ် အဖြစ် ဖုန်းအပါအဝင် အီလက်ထရွန်နစ်ပစ္စည်းများကို လက်ဆောင်အဖြစ် ပေးလေ့ရှိကြသလို လက်ဆောင် များ တွင် အဓိပ္ပာယ်အမျိုးမျိုးဖော်ဆောင်ကာ အယူအဆ အမျိုးမျိုးဖြင့် ပေးကြခြင်းလည်း ရှိကြသည်။
 
ယခုအခါ တရုတ်နှစ်သစ်ကူးကာလလည်း ဖြစ်လာသလို ရန်ကုန်မြို့ရှိ အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင်များ အပါအဝင် အနယ်နယ်အရပ်ရပ်က လက်ဆောင်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းအား ကောင်းနေသည့် အခြေအနေမျိုးကို ပိုင်ဆိုင်လာကြသည်။ တရုတ်နှစ်ကူးပွဲတော်ကာလအတွင်း ချစ်ခင်နှစ်သက် သူများကို အမှတ်တရလက်ဆောင်များ ပေးလေ့ရှိကြပြီး ရင်းနှီးချစ်ကြည်မှု တိုးတက်ခိုင်မာစေခြင်း၊ ကံကောင်းစေ ခြင်း စသည့် ယုံကြည်မှုများဖြင့် ပေးလေ့ရှိကြသည်။
 
တရုတ်နှစ်သစ်ကူးကို နွေဦးပွဲတော် အဖြစ်သိကြပြီး နွေဦးမှာ ဆောင်း၏ အငွေ့အသက်များ မပျယ်သေး သလို ဆောင်းဥတု၏ ကာလရှည်ကြာ အေးစက်မှုအပြီး နွေဦးအားလပ်ရက်များရောက်လာကြောင်း၊ လေနုအေး များ ဖြင့် စိမ့်နေဆဲဖြစ်ပြီး အေးစက်စက်အချိန်များ မရှိတော့သည့် နွေဦးရာသီကို ကြိုဆိုကြခြင်းဖြစ်သည်။ နွေဦး ရာသီတွင် သီးနှံပင်များ စိုက်ပျိုး၊ ရိတ်သိမ်းကြပြီး သစ်လွင်သည့် နှစ်တစ်နှစ်၏ အစလည်းဖြစ်သလို Lunar New Year ဟူ၍လည်း ခေါ်ကာ ကိုရီးယား၊ ဗီယက်နမ်တို့၌ပါ ယင်းပွဲတော်ကို ကျင်းပလေ့ရှိသည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။
 
ထိုတရုတ်နှစ်ကူးအတွက် လက်ရှိပြက္ခဒိန်တွင် ရက်အတိအကျ သတ်မှတ်ထားခြင်း မရှိဘဲ လကို အခြေပြုရေးဆွဲထားသည့် တရုတ်ရိုးရာ လပြက္ခဒိန်အရ နွေဦးပွဲတော်မှာ ဇန်နဝါရီတစ်ရက်နေ့မှ လပြည့်သည့် အချိန်အထိ ဆယ့်ငါးရက်တိုင် ကြာသွားသည်အထိ ဖြစ်နေတတ်သည်။ တရုတ်နှစ်ကူးပွဲတော်မှာလည်း ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အတွင်းတွင် ကျရောက်တတ်ခြင်းဖြစ်သည်။
 
တရုတ်နိုင်ငံတွင် နိုင်ငံတကာနည်းတူ ဂရီဂေါ်ရီယမ်ပြက္ခဒိန် (အင်္ဂလိပ်ပြက္ခဒိန်)ကို အသုံးပြုနေသော် လည်း တရုတ်ရိုးရာ လပြက္ခဒိန် (Lunar Calendar) ကို ပစ်ပယ်၍ မရသေးပေ။ ရိုးရာပွဲတော်နေ့တွင် အဆိုပါ ရိုးရာလပြက္ခဒိန်အပေါ်၌ တွက်ချက်ပြီး ကျင်းပကြခြင်းဖြစ်သည်။ ထိုသည်မှာလည်း မြန်မာနိုင်ငံတွင် ကောဇာ သက္ကရာဇ် ပြက္ခဒိန်ကို အသုံးပြုပြီး ထမနဲပွဲ၊ တပေါင်းပွဲ၊ သင်္ကြန်ပွဲ၊ သီတင်းကျွတ်ပွဲ စသည်တို့ ကျင်းပကြသလိုပင် ဖြစ်သည်။ ထို့အပြင် တရုတ်လူမျိုး အချို့မှာ ၎င်းတို့၏ မွေးနေ့များ၊ အသက်များကို ရိုးရာလပြက္ခဒိန်ဖြင့်သာ တွက်ချက်နေဆဲဖြစ်သည်။
 
ယခုရောက်ရှိနေသည့် နှစ်ကူးပွဲတော်ကာလတွင် လက်ဆောင်ပစ္စည်းများအဖြစ် ဖုန်းတွင် ချိတ်သည့် ကျောက်စိမ်းကြိုးများ၊ အလှချိတ်ဆွဲရသည့် ကျောက်ကြိုးလေးများ၊ ကျောက်လက်ပတ်ကြိုးလေးများ၊ ကျောက် ပုတီးများ၊ အလှဆင်ကြိုးများ အပါအဝင် ကံကောင်းကာ ဥစ္စာစီးပွားတိုးစေရန် အယူအဆများဖြင့်လည်း လက် ဆောင်များကို ပေးလေ့ရှိကြသည်။ ထိုသို့သော လက်ဆောင်အဖြစ်ပေးရန် ဝယ်ယူမှုများ ကြောင့်လည်း လက် ဆောင် ပစ္စည်းအရောင်းဆိုင်များအဖို့ ရောင်းအား သိသာစွာကောင်းခဲ့ပြီး စျေးနှုန်းများလည်း ယခင်ကထက် အနည်းငယ်မြင့်ခဲ့သလို အမျိုးအစားပေါ်မူတည်၍ အနိမ့်ဆုံး ၁၅၀၀ ကျပ်မှ ၁၀၀၀၀ ကျော် အထိ စျေးအသီးသီး တန်ကြေးဖြစ်လာခဲ့သည်။
 
မိတ်ဆွေအချင်းချင်း အမှတ်တရ ပေးသည့်အခါ သေချာရွေးပေးသည့် လက်ဆောင်မှာ အကောင်းဆုံးပင် ဖြစ် သည်။ ပေးသည့် လက်ဆောင်အပေါ် ပိုမိုလေးနက်အောင် သေချာစွာ ထုပ်ပိုးပြင်ဆင်ရပြီး ယင်းအထုပ်ပိုးပေါ် တွင် စာတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းလောက် ရေးခြင်းကလည်း ပေးသူနှင့်လက်ခံသူကြားတွင် စိတ်ရွှင် လန်းမှုရစေခဲ့သည်။
 
ယင်းကဲ့သို့ပင် လက်ဆောင်များကို ပေးသည့်အခါ အဓိပ္ပာယ်အမျိုးမျိုး အယူအဆအမျိုးမျိုး၊ ယုံကြည် ချက်အမျိုးမျိုးဖြင့် ပေးလေ့ရှိကြသော်လည်း တူညီသည့်အချက်မှာ လက်ဆောင်ပေးသူနှင့် လက်ခံသူကြားတွင် ပျော်ရွှင်ရသော ပီတိလေးကို ခံစားရမည်ဖြစ်သည်။ ခေတ်ကာလအရ မည်သို့ပင်ပြောင်းလဲလာသော်ငြားလည်း လူတစ်ဦးနှင့်တစ်ဦးကြား ချစ်ခင်မှု၊ ရင်းနှီးမှု၊ ကံကောင်းစေသည့် အတိတ်နိမိတ်များအဖြစ် လူမှုဆက်ဆံရေးတွင် ပေးလေ့ရှိသည့် အလေ့အထများကို လက်ဆင့်ကမ်း ထိန်းသိမ်းရင်း လူသားမျိုးနွယ်များကြား၌ ထာ၀ရရှင်သန် နေမည်ဖြစ်သည်။
 
ဧပရယ်လ်