【 ဆောင်းပါး 】နှစ်သစ်ကူးမှာ ပျောက်ကွယ်စပြုလာတဲ့ အလေ့အထများ

【 ဆောင်းပါး 】နှစ်သစ်ကူးမှာ ပျောက်ကွယ်စပြုလာတဲ့ အလေ့အထများ

ကမ္ဘာ့နိုင်ငံအသီးသီးက လူမျိုးအသီးသီးတို့ဟာ မိမိတို့ရဲ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ နှစ်သစ်ကူးပွဲတော်များကို ကျင်းပကြပါတယ်။

မြန်မာနိုင်ငံမှာလည်း နှစ်ဟောင်းကနေ နှစ်သစ်သို့ကူးပြောင်းချိန်မှာ ကျင်းပလေ့ရှိသော ပွဲတော်တစ်ခုကတော့ အတာသင်္ကြန်ပွဲတော် ဖြစ်ပါတယ်။  

မြန်မာတို့ရဲ့ ၁၂ လရာသီပွဲတော်တွေထဲမှာ နှစ်သစ်ကူးကာလမှာကျင်းပတဲ့ သင်္ကြန်ပွဲတော်ဟာ အထူးခြားဆုံးနှင့် အထင်ရှားဆုံးပွဲတော်လည်း ဖြစ်ပါတယ်။

နှစ်ဟောင်းကို အတိတ်ဟောင်းအဖြစ် ကျန်ရစ်ခဲ့ပြီး နှစ်ဟောင်းမှ အနိဋ္ဌာရုံများ နှစ်သစ်ဆီသို့ ကူးပြောင်းလိုက်ပါမလာစေလိုဘဲ နှစ်သစ်ကို မျှော်လင့်ချက်အသစ်တို့ဖြင့် ကြိုဆိုလိုကြတာဖြစ်ပါတယ်။  

ခေတ်အဆက်ဆက်မှာလည်း မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြပါတယ်။

ဒါကြောင့်ပဲ နှစ်ဟောင်းမှ နှစ်သစ်ကို ကူးပြောင်းတဲ့အချိန်မှာဆင်နွှဲကြတဲ့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ဟာ မြန်မာနိုင်ငံသားတို့၏ ရိုးရာပွဲတော်များအနက် ထူးခြားလေးနက်မှုရှိပြီး အနှစ်သာရပြည့်လှသောပွဲတော်လည်း ဖြစ်ပါတယ်။

မြန်မာအများစုဟာ နှစ်ဟောင်းမှာ ပြုလုပ်ကျူးလွန်ခဲ့ကြတဲ့ အပြစ်တွေ၊ မကောင်းတဲ့ လုပ်ရပ်စတာတွေ နှစ်သစ်ကို ပါလာခြင်းမရှိအောင်ဆိုပြီး နှစ်သစ်ကူးပြောင်းနေချိန် သင်္ကြန်ပွဲတော်ကာလတစ်လျှောက်လုံးမှာ ကောင်းမှုကုသိုလ်တွေရဖို့ နည်းအမျိုးမျိုးနဲ့ ကုသိုလ်ယူပြီး နှစ်သစ်ကူးလေ့ရှိကြပါတယ်။

ယခင်ကတည်းက နှစ်ကူးကာလရောက်ရင် ရေသဘင်ပွဲဆင်နွှဲခြင်းနဲ့အတူ အလှူဒါနပြုလုပ်တာ ၊ ဥပုသ်သီလ ဆောက်တည်တာတွေပြုလုပ်ကြသလို မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာတော့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲများ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲများ၊ ဘေးမဲ့လွှတ်ခြင်းများ စသောမင်္ဂလာအမှုတို့ကိုလည်း ပြုကြပါတယ်။

သင်္ကြန်ပွဲတော်ရက်အတွင်း အချို့လူကြီး၊ လူငယ်များက တရားစခန်းများသို့ဝင်ရောက်၍ ဝိပဿနာတရားတော်များ ပွားများအားထုတ်ကြတာတွေလည်းရှိပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအများစုက နှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနအလှူပွဲများ စုပေါင်းကျင်းပလေ့ရှိကြရာ ငါးလွှတ်ပွဲအပါအဝင် အခြားတိရစ္ဆာန်များအား ဘေးမဲ့ပေးလှူပွဲများကိုလည်း မြို့ရွာအနှံ့မှာ ကျင်းပလေ့ရှိကြပါတယ်

ထို့အတူ နှစ်ဆန်းတစ်ရက်နေ့တွင် ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်းဖြင့်လည်း ကုသိုလ်ယူကြပါသေးတယ်။  မိမိတို့နေထိုင်ရာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပာယ်ကြခြင်း၊ စေတီရင်ပြင်တော်တွင် တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်ခြင်းဖြင့် ကုသိုလ်ယူကြသူများခဲ့ပါတယ်။

အလားတူ နှစ်ဆန်းတစ်ရက်နေ့မှာပဲ  ကျေးရွာရပ်ကွက်အတွင်းရှိ လူငယ်များက သက်ကြီးရွယ်အိုများအား ဦးခေါင်းဆေးလျှော်ပေးခြင်း၊ လက်သည်းခြေသည်းညှပ်ပေးခြင်းဖြင့် ကုသိုလ်ယူကြပါတယ်။ နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်သို့ ပါမလာစေရန် အထိမ်းအမှတ်ဖြင့် ဦးခေါင်းတွင် တင်ရှိနေသော အညစ်အကြေးများအား မြန်မာ့ရိုးရာ တရော်ကင်ပွန်းတို့ဖြင့် ဆေးကြောပေးကြခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာသာမက အိမ်နီးချင်း တရုတ်၊ ထိုင်းအပါအဝင် စင်ကာပူ ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဩစတြေးလျအပါအဝင်  ပြည်ပနိုင်ငံအသီးသီးကို ရောက်ရှိနေကြတဲ့ မြန်မာတွေကလည်း အချင်းချင်းစုစည်းကြပြီး ရေသဘင်ပွဲဆင်နွှဲတာတွေနဲ့အတူ စတုဒီသာကျွေးမွေးခြင်းစတဲ့ အလှူဒါနတွေ ပြုလုပ်ကြပါတယ်။

အခုနောက်ပိုင်း သင်္ကြန်ကာလတွေမှာ တွဲဖက်မြင်ကြတာတွေကတော့ ရေလောင်းရေပက်နေကြတာ၊ သင်္ကြန်သီချင်းတွေဆိုကြတာ၊ သင်္ကြန်ယိမ်းအကနဲ့ အလှပြယာဉ်၊ သံချပ်တွေလှည့်လည် ဖျော်ဖြေတာတွေနဲ့ သင်္ကြန်တွင်း စတုဒီသာအလှူတွေ ကျွေးမွေးလှူဒါန်းကြတာတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် ခေတ်ကာလရွေ့လျားလာတာနဲ့အမျှ သင်္ကြန်ကာလမှာအလှူအတန်းပြုကုသိုလ်ယူကြတဲ့ အလေ့အထ ပုံစံတွေကလည်း တဖြေးဖြေးပြောင်းလဲလာခဲ့ပါတယ်။

အရင်ကလို တိရစ္ဆာန်တွေကိုဘေးမဲ့လွှတ်ပေးတာ၊ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ပေးတာနဲ့ ခြေသည်းလက်သည်း လှီးဖြတ်ပေးတာတွေကလည်း နေရာဒေသအသီးသီးမှာ ရှိနေဆဲဆိုပေမယ့် ဟိုးအရင်ကလောက်မလုပ်ကြတော့ပါဘူး။

ထို့အတူပဲ နှစ်ဆန်းတစ်ရက်နေ့မှာ အန္တရာယ်ကင်းပရိတ်တရားတော်နာယူတဲ့ အလေ့အထဟာလည်း အရင်ကလောက် မတွေ့ရတော့ပါဘူး။ အရင်ကဆိုရင် နှစ်ဆန်းတစ်ရက်နေ့ ညနေချမ်းအချိန်ရောက်ပြီဆိုတာနဲ့ ကျေးရွာ၊ ရပ်ကွက်အလိုက် လမ်းဆုံလမ်းခွလို နေရာတွေမှာ သံဃာတော်တွေ ပင့်ဖိတ်ကာ တစ်နှစ်တာအန္တရာယ်ကင်းစေရန် ပရိတ်တရားတော်များ၊ ကမ္မဝါစာများ ရွတ်ဖတ်သရဇ္ဈာယ်တော်မူပါတယ်။ ဒါကလည်း အစဉ်အလာ ယုံကြည်မှုပင်ဖြစ်ပါတယ်။

ဒီလိုမျိုး ရပ်ကွက်အလိုက် ၊ ကျေးရွာအလိုက်တွေမှာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ရောက်တာနဲ့ အလှူဒါနမျိုးစုံနဲ့အတူ အန္တရာယ်ကင်းပရိတ်တရားတော်နာယူမှုတွေနဲ့ စည်ကားခဲ့ပေမယ့် အခု နောက်ပိုင်းမှာ တစတစနဲ့ လျှော့နည်းလာတာ ဖြစ်ပါတယ်။

ယနေ့ခေတ်ကာလမှာတော့ နည်းပညာတိုးတက်လာတာနဲ့အတူ ပရိတ်တရားတော်တွေ ရွတ်ဖတ်ပူဇော်တာကို ရုပ်မြင်သံကြားတွေကနေတစ်ဆင့် နှစ်ဆန်းတစ်ရက်နေ့တွေမှာ ထုတ်လွှင့်ပေးတာရှိသလို ကျေးရွာအလိုက်၊ ရပ်ကွက် အလိုက်မှာလည်း ကားတွေ ၊ ဆိုင်ကယ်တွေဖြင့် လှည့်လည်ရွတ်ဖတ်မှုတွေလောက်သာ တွေ့ရပါတယ်။ တချို့ ကျေးရွာ၊ ရပ်ကွက်တွေမှာဆိုရင် အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်တော့တာတွေလည်း ရှိလာပါတယ်။

နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလမှာ နှစ်သက်ကြည်နူးဖွယ်တစ်ခုဖြစ်တဲ့ လူငယ်များက သက်ကြီးရွယ်အိုများအား လက်သည်း၊ ခြေသည်းလှီးဖြတ်ပေးခြင်း၊ ခေါင်းလျှော်ရေချိုးပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ သနပ်ခါးလိမ်းပေးခြင်းစတဲ့ ကုသိုလ်ကောင်းမှုများအပြင် ရိုသေမြတ်နိုးစွာ ကန်တော့ကြသည်မှာ ကမ္ဘာတွင်မရှိသော တန်ဖိုးထားရမည့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ တဖြေးဖြေးနဲ့ လျှော့နည်းပျောက်ကွယ်စပြုလာတာ တွေ့ရပါတယ်။

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်နဲ့အတူ ကြည်နူးချစ်ခင်ဖွယ်ကောင်းတဲ့ ထက်သန်သော သဒ္ဓါ၊ ဖြူစင်သော စေတနာနဲ့  မွန်မြတ်သန့်စင်သော  နှစ်သစ်ကူးအခါသမယမှာ မြင်ရသူတိုင်းအတွက် စိတ်နှလုံးကြည်နူးရွှင်ပြုံးမှုကို ခံစားရရှိစေတဲ့ အလေ့အထတွေ မပျောက်ကွယ်သွားအောင်တော့ အားလုံးက ဝိုင်းဝန်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။

ခန့်မောင်

ဓာတ်ပုံ- လူမှုကွန်ရက်