【 ဆောင်းပါး 】ပီကင်းဘဲကင် (သို့မဟုတ်) တရုတ်ရိုးရာနန်းတွင်းဟင်းလျာ

【 ဆောင်းပါး 】ပီကင်းဘဲကင် (သို့မဟုတ်) တရုတ်ရိုးရာနန်းတွင်းဟင်းလျာ

မြန်မာလူမျိုးတွေအကြား တရုတ်ရိုးရာအစားအသောက်တွေ နေရာယူလာခဲ့တာဟာ နှစ်ပေါင်းအတော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ကော်ရည်ဆီချက်ခေါက်ဆွဲ၊ ကော်ပြန့်၊ ဖက်ထုပ် အစားအသောက်များမှ ဟော့ပေါ့၊ စီချွမ်မာလာဟင်း၊ မောက်ချိုက်အထိ တရုတ်အစားအသောက်များဟာ မြန်မာတွေနေ့တိုင်း စားသုံးနေတဲ့ အစားအစာတွေထဲမှာ ဝင်ရောက်နေရာယူလာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့က လမ်းမတော်မြို့နယ်ထဲမှာဆိုရင် တရုတ်ရိုးရာစားသောက်ဆိုင်တွေ အများအပြားတည်ရှိပြီး လူငယ်လူရွယ်များနဲ့ မိသားစုတွေပါ လာရောက်စားသောက်ကြလေ့ ရှိပါတယ်။ ဒါ့အပြင် မန္တလေးမြို့ကြီးမှာလည်း တရုတ်ရိုးရာအစားအသောက်ကောင်းတွေ နေရာယူထားလျက်ရှိပါတယ်။တရုတ်ရိုးရာဟင်းလျာများထဲ မြန်မာလူမျိုးတွေအကြား နာမည်ကြီးတဲ့ ဟင်းလျာတစ်ခုကတော့ ပီကင်း ဘဲကင်ဖြစ်ပါတယ်။ ပီကင်းဘဲကင်ဟင်းလျာမှာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီး သာမန်ဘဲကင်များနဲ့မတူဘဲ အဆီမပါဘဲ နီရဲကြွပ်နေတဲ့ အရေခွံနဲ့အတွင်းသားနူးညံ့မှုနဲ့ တရုတ်ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဖန်တီးထားခြင်းက ကမ္ဘာကျော်စေခဲ့တာ ဖြစ်ပါတယ်။

ပီကင်းဘဲကင်ဟာ တရုတ်အင်ပါယာ ဘုရင်မင်းမြတ်များအတွက် တော်ဝင်ဟင်းလျာတစ်ခုဖြစ်ခဲ့သလို မင်းဆက်များ အဆက်ဆက်နဲ့ နောက်ဆုံး 'မင်' မင်းဆက်အထိ တော်ဝင်ဟင်းလျာအဖြစ် ဘုရင်မင်းမြတ်များ နှစ်ခြိုက်စွာ ပွဲတော်တည်စားသုံးလေ့ရှိခဲ့ပါတယ်။ သမိုင်းကြောင်းအရ ၁၃၃၀ ခုနှစ် မွန်ဂိုများအုပ်စိုးတဲ့ 'ယွမ်' မင်းဆက်ခေတ်ကတည်းက နန်းတွင်းဟင်းလျာများမှာ ပီကင်းဘဲကင်ပါဝင်ခဲ့တယ်ဆိုတဲ့ အထောက်အထားများ ကျန်ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာ ရှေးအကျဆုံးသော ပီကင်းဘဲကင်ဆိုင် နှစ်ဆိုင်ရှိခဲ့ပြီး (Quanjude) နဲ့ (Bianyifang) တို့ပဲ ဖြစ်ပါတယ်။ အဆိုပါနှစ်ဆိုင်ထဲ (Quanjude)က ပိုမိုနာမည်ကျော် ထင်ရှားလာခဲ့ပြီး ပြည်ပနိုင်ငံများတွင်ပင် ဆိုင်ခွဲများဖွင့်လှစ်ထားလျက်ရှိပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ ပေကျင်းမြို့တော်သို့ လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်သမ္မတ အဆက်ဆက်ဟာလည်း (Quanjude) ပီကင်းဘဲကင် စားသောက်ဆိုင်ကို လာရောက်သုံးဆောင်ခဲ့ဖူးပြီး ဆိုင်အတွင်းမှာလည်း လာရောက်သုံးဆောင်ခဲ့ဖူးတဲ့ VIP ဧည့်သည်များရဲ့ ဓာတ်ပုံများကို ချိတ်ဆွဲထားပါတယ်။

တရုတ်ရိုးရာ ပီကင်းဘဲကင်ဟင်းလျာကို ပြုလုပ်ရာမှာ သာမန်ဘဲများကို အသုံးမပြုဘဲ ပီကင်းဘဲများကိုသာ အသုံးပြုလေ့ရှိပါတယ်။ သမိုင်းမှတ်တမ်းများအရ ပီကင်းဘဲမျိုးများဟာ 'မင်' မင်းဆက်ရဲ့ မြို့တော်တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ နန်ကျင်းမြို့မှ ဆင်းသက်လာတယ်လို့ သိရပြီး၊ ၎င်းဘဲမျိုးမှာ အနက်ရောင်အမွှေးအတောင်အချို့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပီကင်းဘဲမျိုးများကို မြို့တော် ပေကျင်းရဲ့ အနောက်ပိုင်း ရာသီဥတုမျှတတဲ့ တောင်ကုန်းပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀ ကတည်းက ဒေသခံရွာသားများက မွေးမြူခဲ့ကြတယ်လို့လည်း သမိုင်းမှတ်တမ်းများ ကွဲပြားနေခဲ့ပါတယ်။

ထပ်မံတွေ့ရှိရတဲ့ သမိုင်းမှတ်တမ်းများအရ ခရစ်နှစ် ၁၈၇၄ ခုနှစ်မှာ ပေကျင်းမှ ပီကင်းဘဲများကို အမေရိကန် နိုင်ငံ သို့ ယူဆောင်ကာ မွေးမြူခဲ့ကြပြီး အမေရိကန်နိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံ အပါအဝင် အခြားသောနိုင်ငံများသို့လည်း ယူဆောင်မွေးမြူခဲ့ကြတယ်လို့ သိရပါတယ်။ ပီကင်းဘဲမျိုးများရဲ့ နှုတ်သီးနဲ့ ခြေထောက်များဟာ ရဲရဲနီကာ အလွန်ကြည့်ကောင်းပြီး သုံးလပြည့်တာနဲ့ စတင်ရောင်းချလေ့ရှိပါတယ်။

ပီကင်းဘဲကင်ရဲ့ အစဟာ နန်ကျင်းဘဲကင်ဖြစ်တယ်လို့လည်း ဆိုကြပြီး နန်ကျင်းမြို့ဟာ 'မင်' မင်း ဆက် ရဲ့ မြို့ တော်တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တာကြောင့် ပီကင်းဘဲကင်ရဲ့ အဦးအစဖြစ်နိုင်တယ်လို့ ယူဆကြတာ ဖြစ်နိုင်ပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ စားသောက်ဆိုင်ကြီးများဟာ ပီကင်းဘဲကို ကင်ရာမှာ သာမန်သစ်သားများ ကိုမသုံးဘဲ သလဲထင်းသားနဲ့ စွန်ပလွန်ထင်းသားတို့ကို အသုံးပြုလေ့ရှိပါတယ်။ အဆိုပါထင်းများနဲ့ကင်ရာမှာ ပီကင်းဘဲကင်မှာ ထူးခြားတဲ့ ရနံ့တစ်မျိုးကျန်ရှိတယ်လို့လည်း မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။

၂၀ ရာစုအလယ်ပိုင်းမှာတော့ တရုတ်နိုင်ငံအတွက် ပီကင်းဘဲကင်ဟင်းလျာဟာ အမျိုးသားသင်္ကေတ တစ်ခုဖြစ်လာခဲ့ပြီး နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံခြားခေါင်းဆောင်များနဲ့ သံတမန်များကို တည်ခင်းဧည့်ခံရာမှာ အလွန်နှစ်သက်မှုရှိခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ပီကင်းဘဲကင်ဟာ နာမည်ကြီးတဲ့ တရုတ်ဟင်းလျာဖြစ်လာခဲ့ပြီး အထူးသဖြင့် တရုတ်လူမျိုး တွေ အခြေချနေထိုင်မှုများတဲ့ မန္တလေးမြို့မှာ မြင်တွေ့ရမှုပိုမိုများပြားပါတယ် ။ ရန်ကုန်မြို့မှာလည်း ပီကင်းဘဲကင်ကိုရောင်းချတဲ့ စားသောက်ဆိုင်ကြီးတွေရှိပေမယ့် အသုံးပြုတဲ့ ဘဲအမျိုးအစားနဲ့ အရသာပိုင်းမှာ ကွာခြားမှုရှိမယ်လို့ ယူဆရပါတယ်။

မြန်မာလူမျိုးတွေဟာလည်း တရုတ်ရိုးရာဟင်းလျာဖြစ်တဲ့ ပီကင်းဘဲကင်ကို ကြိုက်နှစ်သက်ကြပြီး၊ ရန်ကုန်မြို့မှာ တည်ရှိတဲ့ အထင်ကရ စားသောက်ဆိုင်ကြီးတွေမှာ တခုတ်တရသွားရောက်စားသောက်လေ့ရှိကြပါတယ်။

အဓိကကတော့ ပီကင်းဘဲကင် လုပ်ဆောင်ရာမှာပါဝင်တဲ့ တရုတ်ရိုးရာ ဟင်းခေတ်အမွေးအကြိုင်များဟာ သာမန် ဘဲကင်များနဲ့ ကွာခြားသွားစေတာဖြစ်ပြီး၊ မြန်မာလူမျိုးတွေ အသုံးပြုမှုများပြားတဲ့ Facebook လူမှုကွန်ရက်ပေါ်မှာ လည်း ပီကင်းဘဲကင်လုပ်ဆောင်နည်းတွေကို ဖော်ပြထားတာကို အများအပြားမြင်တွေ့ရသလို၊ အွန်လိုင်းပေါ်က ပီကင်းဘဲကင်ဟင်းလျာ ရောင်းချမှုများကိုလည်း မြင်တွေ့လာရပါတယ်။

 

မိုးသီဟန်