【 ဆောင်းပါး 】ပုဂံသွား ဗီအိုင်ပီ

【 ဆောင်းပါး 】ပုဂံသွား ဗီအိုင်ပီ

ပုဂံကို သွားကြမယ်ဆိုတော့ လမ်းခရီးတစ်လျှောက် ရထားစီးရင်း အရသာခံဖို့ အရင်စဉ်းစားကြည့် တယ်။ကျနော်က ရထားခရေစီ။ရထားစီးရင် ပြတင်းပေါက်ကနေ ငေးရတဲ့အရသာကို ဟိုး..ငယ်ငယ်ကတည်း က အစွဲကြီးစွဲလာတာ အခုထိဆိုတော့ ဘယ်သွားသွား ရထားနဲ့သွားဖို့ကိုသာ အရင်စဉ်းစားကြည့်လေ့ရှိတယ်။

အခုလည်း ပုဂံရထား မိသားစု အိပ်ခန်းယူပြီးသွားဖို့ ကြိုတင်စုံစမ်းဖြစ်တယ်။၂၀၁၇ခုနှစ်၊အစစအရာ ရာ တိုးတက်ကောင်းမွန်လာတဲ့အချိန်မှာ ရထားလက်မှတ်ကိစ္စ အွန်လိုင်းကနေလည်း စုံစမ်းလို့မရ၊မြန်မာ့မီးရ ထားဖေ့စ်ဘွတ်ခ်ပေ့ချ်ဆိုတာလည်းမရှိ။လူတိုင်းဖုန်းကိုင်နိုင်တဲ့ကာလမှာ မြန်မာ့မီးရထားက ဖုန်းဆက်စုံစမ်းလို့ မရ။သိချင်ရင် ရန်ကုန်ဘူတာကြီးလာခဲ့။အများကြီးတော့ မမေးနဲ့ အာညာင်းခံပြီး မဖြေနိုင်တဲ့ ရှစ်ခေါက်ချိုးဝန် ထမ်းတွေက အဆင်သင့်။မီးရထားအိပ်ခန်းလက်မှတ်က အသွားအပြန်မရတာကြောင့် လက်လျှော့လိုက် တယ်။

ဒါဆိုလည်း ကားနဲ့သွားကြမယ်ပေါ့။ကားဆိုတော့ ဖြစ်နိုင်ရင် ကျနော်က ရန်ကုန်-မန်းလမ်းဟောင်းက နေသာ သွားချင်တယ်။လမ်းဟောင်းဆိုတာက တစ်မြို့ဝင်တစ်မြို့ထွက်နဲ့ မတူညီတဲ့ မြို့တွေရဲ့ပုံရိပ်တွေကိုမြင် ရတာ သိပ်မိုက်တယ်မဟုတ်လား။

ဟိုးငယ်ငယ်က လမ်းဟောင်းကနေ မန္တလေးကို သွားခဲ့ဖူးတယ်။အဲဒီတုန်းက ကားကလည်းမကောင်း၊ လမ်းကလည်းမကောင်းပေမဲ့ တစ်မြို့ပြီးတစ်မြို့ငေးရတာအရသာဟာ သိပ်လှလွန်းနေတော့ ကျန်တာတွေအ ကုန်မေ့တယ်။အထူးသဖြင့် အလယ်ပိုင်းမြန်မာမြို့တွေကို ရောက်ချိန်မှာ မြင်ရတဲ့ ညှို့မှိုင်းပြီးအပြိုင်းအရိုင်း ထိုးထောင်နေတဲ့ ထန်းတောအုပ်တွေ၊မန်ကျည်းပင်မြင့်မြင့်ဆိုင်းဆိုင်းကြီးတွေက ငေးလို့မဝ။တချို့လက်ဖက် ရည်ဆိုင်များဆို အောက်သားတွေမျက်လုံးနဲ့စိမ်းတဲ့ သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်းတွေအောက် ဖွဲ့နွဲ့ထားတာဆိုတော့ အခုချက်ချင်း ကားပေါ်ကခုန်ဆင်းပြီး အဲဒီလက်ဖက်ရည်ဆိုင် ပြေးထိုင်ချင်စိတ်ပင် ပေါက်ခဲ့ဖူးတယ်။

ဒါပေမဲ့၊လမ်းဟောင်းဆိုတာ ခေတ်ဟောင်းမှာ ကျန်ခဲ့လေပြီ။ဘယ်အဝေးပြေးကားမှ မလိုအပ်ဘဲ လမ်း ဟောင်းကနေမသွားတော့တာ ကြာခဲ့ပြီ။ရန်ကုန်-မန်း လမ်းတစ်လျှောက်ကဘယ်မြို့မဆို အမြန်လမ်းသစ် ကနေသာ သွားပြီး ကိုယ့်မြို့နားအရောက် အမြန်လမ်းနဲ့ချိတ်ဆက်‌ေဖာက်ထားတဲ့ လမ်းကနေ ကွေ့လိုက်ကြ တာ ချည်း။

ရန်ကုန်-မန်းလမ်းတစ်လျှောက်မပြောနဲ့။ရန်ကုန်-မော်လမြိုင်ဘက်သွားတဲ့ကားတွေတောင် ရန်ကုန် ကနေ အထွက် အမြန်လမ်းပေါ်တက်ကာ ဘုရားကြီးနားရောက်မှ အမြန်လမ်းကနေခွဲထွက်၊ ရန်ကုန်-မော် မြိုင်လမ်းပေါ် ပြန်တက်ကြသတဲ့။ဘာလို့လဲလို့မေးကြည့်တော့ လမ်းကြောင်းလည်းတို ပဲခူးကိုလည်းဝင်စရာ မလိုတာကြောင့် ကားလမ်းလည်းရှင်းပြီး အချိန်ကုန်သက်သာခြင်းကြောင့်လို့ ဆိုကြတယ်။

အဝေးပြေးလေအိတ်ကားကြီးတွေပေါ်လာတဲ့ ဒီဘက်နှစ်တွေမှာ ညဘက်ခရီးသွားခြင်းဟာ ယဉ်ကျေး မှုတစ်ခုလို ထွန်းကားခဲ့တယ်။ဘာ့ကြောင့် ညဘက်ခရီးသွားချင်ကြတာလဲဆိုတော့ အချိန်ကုန်သက်သာချင်လို့။ ညဘက် ကားပေါ်မှာပဲ ကားစီးရင်းနဲ့အိပ်။လူတွေကအလုပ်တွေများလာ၊အလုပ်တွေက ဝန်ထမ်းအခွင့်အရေး ကို ပြည့်ပြည့်ဝဝ မပေးချင်ကြ။ခွင့်ယူမယ်ဆိုရင် အလုပ်ရှင်တွေက မျက်နှာမသာမယာတွေချည်းဆိုတော့ ကိုယ့်ရဲ့ ညအိပ်ချိန်ကိုဖဲ့ပေးကာ တစ်ရက်အပုပ်မခံရလေအောင် ညကားစီးကြတယ်။

ပြဿနာက ညကားဟာ အချိန်ကုန်သက်သာပေမဲ့ ကားဆရာတွေရဲ့ထင်ရာစိုင်းမှုကြောင့် အန္တရာယ် များတာပါ။ဟိုး..အပတ်စည်ထုတ်ဂျာနယ်ခေတ်ကတည်းက အပတ်စဉ် ခရီးသည်တင်ညကား မှောက်တဲ့သ တင်းတွေ အမြဲတွေ့ရလေ့ရှိတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းဖွင့်ပြီးနောက်ပိုင်းမှာ ကားမှောက်တဲ့သတင်းတွေကိုခပ်စိပ်စိပ်ကြားလာရ တယ်။အဲဒီအမြန်လမ်းက လမ်းအရည်အသွေးညံ့ဖျင်းတာကြောင့်လို့ဆိုကြတယ်။ပြီးတော့ လမ်းက ရှင်းတော့ မဆင်ခြင်တဲ့ကားဆရာတွေက လီဗာကုန်စွတ်တင်။တချို့ကားဆရာတွေက ဖြတ်ခနဲ့ တစ်ချက်အိပ်ငိုက်သွားတဲ့ အချိန် ကားပေါ်က ခရီးသည်တွေခမျာ တမလွန်ရောက်မှန်းမသိရောက်ကုန်တော့တယ်။တချို့ယာဉ်မှောက် မှု တွေဆို ခရီးသည်ခပ်များများ ဆိုးဆိုးရွားရွားသေကြရတယ်။ရန်ကုန်-မန်းအမြန် လမ်းပေါ် အသက်ဆုံးရှုံးခဲ့ကြ တဲ့ သူတွေမနည်းလှ။ဒါ့ကြောင့် မီဒီယာတွေက သေမင်းတမန်လမ်းလို့တောင်ခေါ် ခဲ့ကြတယ်။

ပြီးတော့ ရန်ကုန်-မန်းအမြန်လမ်းဆိုတာက ဘာဆိုဘာမှ ကြည့်စရာမရှိတဲ့နေရာ။ဘယ်နေရာကြည့် ကြည့် သစ်ပင်နည်းနည်းနဲ့ တောင်ကတုံးတွေသာ မြင်ရတဲ့လမ်းမ။အဲဒီတောင်ကတုံးတွေသာမြင်ရတဲ့လမ်းကို ဘယ်လိုမှာဖီးလ်မလာ။ရန်ကုန်-နေပြည်တော်အမြန်လမ်းစဖွင့်ပြီးမကြာခင် နေပြည်တော်ကို ကိစ္စတစ်ခုနဲ့ သွား ရမယ်ဆိုတော့ တစ်ခါမှ မမြင်ဖူးတဲ့ လမ်းတစ်လျှောက်ရှုမျှော်ခင်းတွေကို ငေးချင်တဲ့စိတ်က ထိန်းမနိုင်သိမ်းမရ ဆိုတော့ တမင် နေ့ခင်းဘက်ကို ရွေးပြီးသွားခဲ့တယ်။ဘာဆိုဘာမှကြည့်စရာမရှိလောက်အောင် ဆိုးလှသမို့ နောက်နောင် ဖြစ်နိုင်ရင် အမြန်လမ်းပေါ် နေ့ခင်းဘက်မသွားဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အထိပါပဲ။

မှတ်မှတ်ရရ ၂၀၁၂ခုနှစ်တုန်းက ဒုတိယတစ်ခေါက်အနေနဲ့ အမြန်လမ်းပေါ်ကနေ မန္တလေးအထိ နေ့ခင်း ဘက်တစ်ခေါက် ထပ်သွားခဲ့ဖူးတယ်။ဘာမှကြည့်စရာမရှိတဲ့လမ်းမို့ ဖတ်စရာစာအုပ်အသစ်၂အုပ် ထည့်သွား ခဲ့ကာ တစ်လမ်းလုံး စာအုပ်နဲ့ အချိန်ဖြုန်းခဲ့တယ်။စာအုပ်ဖတ်တာ မျက်စိနည်းနည်းညောင်း လာရင်တော့ ကြည့်စရာမရှိတဲ့ တောင်ကတုံးတွေဘက် ငေးပေါ့။

အဲဒီတုန်းက ဗီအိုင်ပီကားတွေ ပေါ်တာ သိပ်မကြာသေးတဲ့ကာလ။ရုံးက ဗီအိုင်ပီကားနဲ့တင်ပေးလိုက် လို့သာ ဗီအိုင်ပီလိုက်ရတာ ဗီအိုင်ပီကားဆိုတာဘာမှန်းသိတာမဟုတ်။ ပုံမှန်ခရီးသည်တင် ယာဉ်ထက် ၂ဆ လောက်ပေးစီးရတဲ့ ဗီအိုင်ပီကားဆိုတာ ပေးရတဲ့ငွေနဲ့ ထိုက်တန်မှန်း ကားပေါ်ရောက်တာနဲ့ သိလိုက်တယ်။ ရိုးရိုးကားတွေလို ဒူးကွေးရခက်ဆန့်ရ ခက်၊ကျပ်ကျပ်သပ်သပ်ဆိုတာမျိုးမဟုတ်။ကျယ်ကျယ် ဝန်း ဝန်း ခြေ လည်း ဆန့်လို့ရ၊ထိုင်ခုံကို နောက်လှဲချတာ လည်း နောက်လူကိုအားနာဖို့မလို ရှေ့နဲ့နောက် ခပ် ခြား ခြား။နှစ် ယောက်တွဲနဲ့တစ်ယောက်တည်းထိုင်ခုံတန်း သာရှိတာကြောင့် အလယ်လူသွားလမ်းလည်း ကျယ်ကျယ်။ပြီး တော့ လမ်းမှာ မုန့်လည်း ကျွေးကော်ဖီလည်း  တိုက်။မရှက်ဘူးဆိုရင် ကျွေးတဲ့မုန့်ကိုနောက် တစ်ပွဲထပ်မှာလို့ လည်း ရသေး။စားသောက်ဆိုင်မှာ ခဏတဖြုတ်နားချိန်ရောက်ရင် စနိုးတာဝါလေးဘာ လေးလည်း ပေးလိုက် သေး ဆို တော့ အိုကေပေါ့။ကျနော်အကြိုက်ဆုံးက မုန့်ကျွေးပြီးချိန်နဲ့စားသောက်ဆိုင် က နေပြန်တက်လာတဲ့ အ ချိန် ကျွေးတဲ့ လေးထောင့်တုံးရှောက်သီးဆေးပြား။ကြိုက်သလောက်စားဆိုတော့လည်း ကောင်းလွန်းလို့ ခဏခဏတောင်းစာတာ မန္တလေးရောက်ခါနီးအထိ စာဖတ်ရင်းတမြုံ့မြုံ့။

အဲဒီတစ်ခါ ဗီအိုင်ပီပြီးကတည်းက ဘယ်သွားသွား အဝေးပြေးကားဆို ဗီအိုင်ပီမရမှသာ ရိုးရိုးကားစီး တော့တယ်။ကျနော်က ခရီးသွားရင် ဇိမ်ကျကျသွားချင်သူမို့ မိသားစုလိုက် ပုဂံသွားမယ်ဆိုတော့လည်း ဗီအိုင်ပီ ပေါ့။

ကျနော်က ဗီအိုင်ပီဖြစ်ရမှာမကြိုက်ပေမဲ့ ဗီအိုင်ပီကားကိုတော့ ကြိုက်သူမဟုတ်လား။လတ်တလော ကားမှောက်သတင်းတွေထဲ မပါတဲ့ ယာဉ်လိုင်းတစ်လိုင်းကနေ ရန်ကုန်-ပုဂံ အသွားအပြန်လက်မှတ် တစ်ခါ တည်း ဝယ်လိုက်တယ်။

                                                                                   

 ငြိမ်းဆက်