【 ဆောင်းပါး 】ပေကျင်းမြို့က ကမ္ဘာ့အကြီးဆုံး လေဆိပ်ကြီး

【 ဆောင်းပါး 】ပေကျင်းမြို့က ကမ္ဘာ့အကြီးဆုံး လေဆိပ်ကြီး  

ကမ္ဘာပေါ်ရှိ  နိုင်ငံတိုင်းလိုလိုမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းများအတွက် များစွာအထောက်အကူပြုသော ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ ရှိကြပါတယ်။

ထိုခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေထဲကမှ လေကြောင်းခရီးသွားဝန်ဆောင်မှုက လွယ်ကူလျှင်မြန်ကာ အဆင်ချောမွေ့ပြီး တိကျမြန်ဆန်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။

နိုင်ငံတကာတွင်လည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဝန်ဆောင်မှုနဲ့ မြောက်မြားလှသော လေယာဉ်များရပ်နားနိုင်ရန်အတွက်လည်း ကြီးမားကျယ်ပြန့်လှသော လေဆိပ်ကြီးများကို တည်ဆောက်ထားကြပါတယ်။

ထိုနိုင်ငံတကာရှိ လေဆိပ်ကြီးတွေထဲကမှ ကမ္ဘာ့အကြီးဆုံးလေဆိပ်ကြီးတစ်ခုကတော့ တရုတ်နိုင်ငံမှာတည်ရှိနေပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့မှာတည်ရှိတဲ့ ပေကျင်း-တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးဟာ ကမ္ဘာ့အကြီးဆုံးသော လေဆိပ်ကြီးတစ်ခုဖြစ်ကာ ကြယ်ငါးပုံသဏ္ဍန်ဆောက်လုပ်ထားပါတယ်။

အဆိုပါ ပေကျင်း-တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကိုတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ်(၇၀)ပြည့်အထိမ်းအမှတ် မကျင်းပမီ ရက်ပိုင်းအလိုမှာ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပေကျင်း-တာ့ရှင်းလေဆိပ်ကြီးက ပေကျင်း၊ ဟိုပေစီရင်စုမှာ တည်ရှိပြီးတော့ ပေကျင်းရဲ့ဒုတိယမြောက် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးလည်း ဖြစ်ပါတယ်။ 

တခြားလေဆိပ်တွေနဲ့ မတူညီတဲ့ ထူးခြားချက်ကတော့ လေဆိပ်ကြီးရဲ့ ကြယ်ငါးပုံစံ အဆောက်အဦတစ်ခုလုံးကို တစ်ဆက်တည်း တည်ဆောက်ထားပြီး ကမ္ဘာ့အကြီးဆုံးလေဆိပ်ကြီးတစ်ခုဖြစ်အောင် ပုံဖော်လို့ထားပါတယ်။

၎င်း ပေကျင်း-တာ့ရှင်းလေဆိပ်ကြီးဟာ ဧရိယာအားဖြင့် စကွဲယားမီတာမီလီယံနဲ့ချီပြီး ကျယ်ဝန်းကာ ဘောလုံးကွင်းပေါင်း ၁၀၀ နီးပါးခန့် ကျယ်ဝန်းလှပါတယ်။

ပေကျင်း-တာ့ရှင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို  တည်ဆောက်ရာမှာလည်း တရုတ်ယွမ်ပေါင်း ၈၀ ဘီလီယံ၊  အမေရိကန်ဒေါ်လာ ၁၇.၄၇ ဘီလီယံခန့် တန်ဖိုးကုန်ကျခဲ့ပါတယ်။

ပေကျင်း-တာ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ၂၆ ရက်မှာလေဆိပ်တည်ဆောက်ရေး ပရောဂျက်လုပ်ငန်းစတင်ခဲ့ကာ ၂၀၁၉ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှာတည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ပေကျင်း-တာ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးဟာ တစ်နှစ်မှာ ခရီးသည်ပေါင်း သန်း ၁၀ဝ လောက်သွားလာ အသုံးပြုနိုင်တဲ့ လေဆိပ်ကြီးဖြစ်ကာ လေဆိပ်ရဲ့ အပေါ်အောက်နှစ်ထပ်စလုံးမှာ ဆိုက်ရောက်မှုနဲ့ ထွက်ခွာမှုတွေ တစ်ပြိုင်နက်လုပ်ဆောင်နိုင်ဖို့ တရုတ်ပညာရှင်တွေက  တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ပေကျင်း-တာ့ရှင်းလေဆိပ်ကြီးကို တည်ဆောက်ထားရာမှာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားပြီးတော့ ဝန်ဆောင်မှုတွေမှာလည်း အဆင့်မြင့်စွမ်းအင်ချွေတာကာ သဘာ၀ပတ်ဝန်းကျင်ကို အထောက်အကူပြုတဲ့ စနစ်တွေအပြင် နေရောင်ခြည်စွမ်းအင်သုံးစနစ်တွေကို အသုံးပြုထားတယ်လို့ သိရပါတယ်။

လေဆိပ်ကြီးကို ရောက်လာကြတဲ့ ခရီးသွားတွေအတွက်လည်း Smart System တွေနဲ့ ဝန်ဆောင်မှုတွေပေးထားတဲ့အတွက် လုံခြုံစိတ်ချမှုလည်း အပြည့်အ၀ရရှိမှာပဲ ဖြစ်ပါတယ်။

အချိန်အားဖြင့် ငါးနှစ်နီးပါးကြာမြင့်အောင်ပြင်ဆင်တည်ဆောက်ခဲ့ရတဲ့ ဒီလေဆိပ်ကြီးဟာ လေဆိပ်အဆောက်အဦတွေထဲမှာ ကမ္ဘာ့အကြီးဆုံးလေဆိပ်ဖြစ်လာပြီး တာ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေထျန်အန်းမင်ရင်ပြင် ကို ၄၆ ကီလိုမီတာ (၂၉)မိနစ်၊ လန်းဖန်မြို့လယ်ခေါင်နဲ့ ၂၆ ကီလိုမီတာ (၁၆)မိနစ်၊ ပေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ၆၅ ကီလိုမီတာ မိနစ် (၄၀)အကွာအဝေးမှာတည်ရှိလို့ နေပါတယ်။

လက်ရှိအချိန်အထိ တရုတ်ပြည်တွင်း လေကြောင်းကုမ္ပဏီ ၂၀၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသများနဲ့ နိုင်ငံခြားလေကြောင်းကုမ္ပဏီ ၄၆ ခု စုစုပေါင်းလေကြောင်းကုမ္ပဏီ ၆၆ ခုဟာ တာ့ရှင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပျံသန်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တစ်နှစ်ကို ခရီးသည် ၄၅သန်းအတွက် ဝန်ဆောင်မှုပေးသွားမယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

ရေရှည်မျှော်မှန်းချက်အရဆိုရင်တော့ ပေကျင်း-တာ့ရှင်း လေဆိပ်ကြီးဟာ လေယာဉ်ခရီးစဉ်ပေါင်း ၆၂၀,ဝဝဝ နဲ့ ခရီးသည် သန်း ၁၀ဝကျော်တို့အတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ လေဆိပ်ကြီးဖြစ်ပြီး ၎င်းလေဆိပ်ကြီးကြောင့် အလုပ်အကိုင်ပေါင်း ခြောက်သိန်းကျော်ရရှိနိုင်မယ်လို့ မြေပြင်လေကြောင်းဦးစီးဌာနက ခန့်မှန်းချက်ထုတ်ထားပါတယ်။

 

နိုင်တံခွန်