【 ဆောင်းပါး 】ပေကျင်းမြို့က ရှေးဟောင်းဗုဒ္ဓဘာသာဘုရားကျောင်းများ

【 ဆောင်းပါး 】ပေကျင်းမြို့က ရှေးဟောင်းဗုဒ္ဓဘာသာဘုရားကျောင်းများ

တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့မှာ ရှေးဟောင်းသမိုင်းဝင်အဆောက်အဦများ၊ ဗုဒ္ဓဘာသာဘုရားကျောင်းများနဲ့ လည်ပတ်စရာနေရာများ ပေါများလှသလို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ အငွေ့အသက်များကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းဝင်ထားတဲ့ မဟာတံတိုင်းကြီး (The Great Wall) ဟာ မြို့တော် ပေကျင်းအတွင်း တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိနေသလို ကမ္ဘာပေါ်မှာ အကြီးဆုံးသော နန်းတော်အဆောက်အအုံကြီးဖြစ်တဲ့ (The Forbidden City) နဲ့ အခြားအထင်ကရ နေရာများဟာလည်း ပေကျင်းမြို့အတွင်းမှာ တည်ရှိလို့နေပါတယ်။

ပေကျင်းမြို့အတွင်းမှာ ရှေးဟောင်းဗုဒ္ဓဘာသာဘုရားကျောင်းများလည်း များစွာတည်ရှိနေပါတယ်။အဆိုပါဗုဒ္ဓဘာသာ ဘုရားကျောင်းတွေမှာ ရှေးဟောင်းလက်ရာသွင်ပြင်တွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစား လေ့လာနိုင်မှာဖြစ်သလို တရုတ်မင်းဆက်တွေရဲ့ ရှေးကျတဲ့ တည်ဆောက်ပုံ လက်ရာတွေကိုလည်း မျက်မြင်တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့ကို အလည်အပတ်အဖြစ် ရောက်ရှိခဲ့ပါက သွားရောက်သင့်တဲ့ ရှေးဟောင်းဗုဒ္ဓဘာသာဘုရားကျောင်း (၄) ကျောင်းကို မိတ်ဆက်ဖော်ပြပေးချင်ပါတယ်။

၁။ ရှီးစန်းပသချူ့ - (စွယ်တော်တိုက်)

ရှီးစန်းပသချူ့ (စွယ်တော်တိုက်) ဟာ ပန်းခြံတစ်ခုသာဖြစ်ပြီး၊ ဗုဒ္ဓဘာသာဘုရားကျောင်း (၈) ကျောင်းနဲ့ စုစည်း ကာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဆိုပါပန်းခြံကြီးကို ဆွေမော့ခေတ်အစပိုင်းကကတည်းက တည်ထောင်ခဲ့တာ ဖြစ် သလို တရုတ်မင်းဆက်တွေဖြစ်ကြတဲ့ စုန့်၊ ယွမ်၊ မင်၊ ချင် စတဲ့ မင်းဆက် ခေတ်အဆက်ဆက်မှာ ပြုပြင် တည်ဆောက်ခဲ့ကြတာလည်းဖြစ်တယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖော်ပြထားပါတယ်။

ဘုရားကျောင်း (၈) ကျောင်းနဲ့ ဖွဲ့စည်းထားတဲ့ထဲမှ လင်းကွမ်းဘုရားကျောင်းဟာ စင်္ကြာမုနိမြတ်စွာဘုရားရဲ့ ဓာတ်တော်ရှိနေတာကြောင့် ကမ္ဘာတစ်ဝန်းကျော်ကြားတဲ့ ဘုရားကျောင်းတစ်ခုအဖြစ်လည်း လူသိများပါတယ်။

ဒါ့အပြင် ရှီးစန်းပသချူ့ (စွယ်တော်တိုက်) ပန်းခြံအတွင်း ဘုရားကျောင်းများမှာ သက်တမ်း နှစ်ပေါင်း ၆၀၀ အထက် ‌ရှေးဟောင်းသစ်ပင်များဟာ အရွက်ဝေဝေဆာဆာနဲ့ တည်ရှိနေတဲ့အတွက် ပေကျင်းမြို့အတွင်း ကျော် ကြားတဲ့ ယဉ်ကျေးမှုရှုခင်းအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

၂။ လာမာဘုရားကျောင်း

လာမာဘုရားကျောင်းကနေ ဘုရင်နှစ်ပါး ပေါ်ထွက်လာခဲ့တဲ့အတွက် နဂါးအောင်မြေအဖြစ်လည်း တင်စား ခေါ် ဝေါ်ကြပါတယ်။လာမာဘုရားကျောင်းရဲ့ အဆောက်အဦတွေရဲ့ အဆောင်တိုင်းမှာ ဘုရားဆင်တုတော်များ တည် ရှိနေတာကို မြင်တွေ့ရမယ့်အပြင် အဖိုးတန်ယဉ်ကျေးမှုပစ္စည်းများကိုလည်း ဘုရားကျောင်းအတွင်း ထိန်းသိမ်း ထား လျက်ရှိပါတယ်။

ဒါ့အပြင် တရုတ်လူမျိုးတွေဟာ တရုတ်ရိုးရာပြက္ခဒိန်ရဲ့ လတိုင်းနှစ်ဆန်း ၁ ရက်၊ နှစ်ဆန်း ၁ဝ ရက်၊ ၁၅ ရက်၊ ၃ဝ နံနက်ပိုင်းနဲ့ မွန်းလွဲပိုင်းတွေမှာ တရားသဘင်များကျင်းပခြင်းနဲ့ ဆီမီးပူဇော်ခြင်းတို့ကို ပြုလုပ်ကြတဲ့အတွက် လာ ရောက်လည်ပတ်သူများနဲ့ မပြတ်စည်ကားလျက်ရှိနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လာမာဘုရားကျောင်းမှာ နှစ်စဉ် ၃ လပိုင်းမှာလည်း ဆုတောင်းတရားပွဲကို ကျင်းပလေ့ရှိပါတယ်။

၃။ တကျုံဘုရားကျောင်း

တကျုံဘုရားကျောင်းဟာ ယုံလော့အမည်ရ ခေါင်းလောင်းကြီးကြောင့် လူသိများ ထင်ရှားကျော်ကြားလျက် ရှိပါတယ်။နာမည်ကျော်ကြားတဲ့ ယုံလော့ခေါင်းလောင်းကြီးဟာ အလေးချိန် ၄၂ တန်ရှိပြီး၊ အမြင့် ၆.၉၄ မီတာ၊ ထုထည် ၃.၃ မီတာရှိမှာဖြစ်ပါတယ်။လက်ရှိမှာ တကျုံလို့ အမည်တွင်ပေမယ့် မူလအမည်ကတော့ ကြွယ်ရှမ်း ဘုရားကျောင်းဖြစ်ပါတယ်။

၄။ ထန်ကျဲ့ဘုရားကျောင်း

ထန်ကျဲ့ဘုရားကျောင်းဟာ ပေကျင်းမြို့အတွင်း တည်ရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတွေထဲ ရှေးအကျဆုံးသော ဘုရားကျောင်းဖြစ်ပါတယ်။ထန်ကျဲ့ဘုရားကျောင်းရဲ့ အဆောက်အဦတွေမှာ တရုတ်မင်းဆက်တွေဖြစ်တဲ့ မင်၊ ချင် ခေတ် ရှေးဟောင်းလက်ရာသွင်ပြင်တွေကို လေ့လာခံစားနိုင်မှာဖြစ်ပါတယ်။

နှစ်ပေါင်း ၁၇၀၀ ကျော် သမိုင်းကြောင်းရှိပြီလို့ သမိုင်းမှတ်တမ်းများအရ သိရှိရပြီး တရုတ်နိုင်ငံရဲ့ ရှေးကျတဲ့ လက်ရာသွင်ပြင်တွေကို အပြည့်အဝလေ့လာနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ပေကျင်းမြို့ထက် ထန်ကျဲ့ဘုရားကျောင်းဟာ အရင်တည်ရှိခဲ့တာလို့လည်း တရုတ်လူမျိုးတွေအကြား ပြောစမှတ်ပြုခဲ့ကြပါတယ်။

မိုးသီဟန်