【 ဆောင်းပါး 】ပေကျင်းမြို့က သမိုင်းဝင်ပြတိုက်များ (၁)

【 ဆောင်းပါး 】ပေကျင်းမြို့က သမိုင်းဝင်ပြတိုက်များ (၁) 

နိုင်ငံတိုင်းမှာ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့တာနဲ့ပတ်သက်ပြီး မေ့ဖျောက်မရနိုင်ပဲ သမိုင်းဝင် ကျန်ရစ်ခဲ့တဲ့ အကြောင်းအရာတွေက ပုံစံအမျိုးမျိုးနဲ့ရှိလို့နေပါတယ်။ သမိုင်းဝင် ကျန်ရစ်ခဲ့တဲ့အကြောင်းအရာတွေကတော့ ဘာသာရေးဆိုင်ရာအကြောင်းအရာတွေ၊နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေ၊ စီးပွားရေးဆိုင်ရာအကြောင်းအရာတွေနဲ့  ရိုးရာယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာတွေအပါအဝင် အခြားသောအကြောင်းအရာတွေ အမျိုးမျိုးရှိလို့နေပါတယ်။

အဲဒီရှိနေတဲ့ သမိုင်းဝင်အကြောင်းအရာတွေကို နောင်လာနောင်သားတွေလေ့လာမှတ်သားနိုင်ဖို့နဲ့ သမိုင်းကြောင်းဖျောက်ဖျက်မခံရဖို့ မှတ်တမ်းတင်ပြုစုထားပြီး ပြတိုက်တွေနဲ့ ပြသထားလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဆိုလည်း  ခေတ်အဆက်ဆက်နိုင်ငံတည်ထောင်ခဲ့ပုံ၊ အုပ်ချုပ်ခဲ့တဲ့  သမိုင်းဝင်နိုင်ငံ့ခေါင်းဆောင်အကြောင်းတွေ၊ ကိုးကွယ်ယုံကြည်ခဲ့တဲ့ ဘာသာရေးအယူဝါဒတွေနဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအကြောင်းအရာတွေကို   သမိုင်းဝင်ပြတိုက်ဆောက်လုပ်ကာ ခင်းကျင်းပြသထားပြီး  မြန်မာနိုင်ငံကသာမက ပြည်ပခရီးသွားတွေပါလေ့လာနိုင်အောင် ထားရှိကြပါတယ်။ ပြတိုက်အတွင်းလေ့လာလိုက်ယုံနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်းတွေကို သိရှိနိုင်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတရုတ်နိုင်ငံဟာဆိုရင်လည်း  ခေတ်အဆက်ဆက် တရုတ်နိုင်ငံ တည်ဆောက်ခဲ့ပုံနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့သမိုင်းကြောင်းတွေကို ပြတိုက်နဲ့မှတ်တမ်းတင်ထားတာရှိပါတယ်။ အဲဒီသမိုင်းဝင် ပြ တိုက်တွေကတော့ တရုတ်နိုင်ငံရဲ့မြို့တော်ပေကျင်းမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။

ပြည်ပခရီးသွားတွေအနေနဲ့ တရုတ်နိုင်ငံရဲ့မြို့တော် ပေကျင်းမြို့ကိုရောက်ရင် ခေတ်နဲ့အညီ မှတ်တမ်းတင်ပြသထားတဲ့  ပြတိုက်တွေကို သွားရောက်လေ့လာသူများတယ်လို့သိရပါတယ်။ တရုတ်နိုင်ငံအစိုးရအနေနဲ့လည်း သမိုင်းကြောင်းဆိုင်ရာပြတိုက်တွေကို နိုင်ငံတကာခရီးသွားတွေလေ့လာနိုင်အောင် ခမ်းနားစွာတည်ဆောက်ပေးထားပါတယ်။ ဒါကြောင့် ပေကျင်းမြို့မှာရှိတဲ့ သမိုင်းဝင်ပြတိုက်တွေအကြောင်းကို စုစည်းတင်ပြလိုက်ပါတယ်။

တရုတ်အမျိုးသားပြတိုက်

ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံရဲ့အမျိုးသားပြတိုက်အကြောင်းကို တင်ပြချင်ပါတယ်။ တရုတ်နိုင်ငံရဲ့ အမျိုးသားပြတိုက်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အကြီးမားဆုံး အမျိုးသားပြတိုက်များထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ နာမည်ကျော် တီယန်မင်ရင်ပြင်ရဲ့အရှေ့ဘက်မှာရှိပြီး တကယ့်ကို ကြီးမားခမ်းနားစွာတည်ဆောက်ထားတယ်ဆိုတာ ငြင်းလို့မရပါဘူး။ပြတိုက်ကြီးဟာ ကြီးမားလွန်းတာကြောင့်  ပြတိုက်ကိုသွားပြီး မလေ့လာမီမှာ ဘယ်အပိုင်းက  စပြီးလေ့လာရမလဲဆိုတာကို ပြတိုက်ရဲ့ Website ဖြစ်တဲ့ www.chnmuseum.cn မှာ ဝင်ကြည့်ဖို့ လမ်းညွှန်ချက် ပေးရတဲ့အထိ ပြတိုက်ကြီးက ကြီးမားလွန်းလှပါတယ်။ တရုတ်အမျိုးသားပြတိုက်ဟာ  ပြင်သစ်နိုင်ငံမှာရှိတဲ့ Louvre ပြတိုက်ပြီးရင် ကမ္ဘာပေါ်မှာလာရောက်လည်ပတ်သူ ဒုတိယအများဆုံး ပြတိုက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်အမျိုးသားပြတိုက်ကို ၂၀၁၈ ခုနှစ်စာရင်းမှတ်တမ်းတွေအရ  လာရောက်လည်ပတ်သူ ၈.၆ သန်းထိရှိခဲ့တဲ့ ပြတိုက်လည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒီပြတိုက်ကို အရင်က တရုတ်သမိုင်းကြောင်းပြတိုက်နဲ့ တရုတ်တော်လှန်ရေးပြတိုက်အဖြစ်ထားရှိခဲ့ပေမယ့် နောက်ပိုင်း ၂၀၀၃ ခုနှစ်မှာတော့ တရုတ်အမျိုးသားပြတိုက်အဖြစ် အမျိုးသားအဆင့် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ပြတိုက်ထဲမှာ အဖိုးတန် ရှေးဟောင်းအမွေအနှစ်ပစ္စည်း ၁. ၂ သန်းခန့် ပြသထားတယ်လို့ သိရပါတယ်။

အဓိကအားဖြင့် ဒီပြတိုက်ထဲမှာ တရုတ်မင်းဆက်များစွာရဲ့လက်ရာမြောက် ရှေးဟောင်းပစ္စည်းများက လေ့လာသူတွေကို ပိုပြီးစွဲဆောင်တယ်လို့သိရတယ်။ဒါကြောင့်တရုတ်အမျိုးသားပြတိုက်အတွင်းဝင်ရောက်လေ့လာကြည့်ရုံ နဲ့ ခေတ်အဆက်ဆက် တရုတ်နိုင်ငံတည်ထောင်ခဲ့ပုံ အကြောင်းအရာတွေကို လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။ အဆိုပါပြတိုက်ကို ရုံးပိတ်ရက်တွေမှာ  ပြည်တွင်းက ခရီးသွားဧည့်သည် တွေ သွားရောက်လည်ပတ်မှုများသလို့ ပြည်ပခရီးသွားအများစုကလည်း မဖြစ်မနေ သွားရောက်လည်ပတ်လေ့လာ ကြတယ်လို့သိရပါတယ်။ ပြတိုက်ကို ရုံးဖွင့်ချိန်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဒေသစံတော်ချိန် မနက် ၉နာရီကနေ ညနေ ၅နာရီအထိဖွင့်ထားပေးတယ်လို့ သိရပါတယ်။ ပြည်ပခရီးသွားဧည့်သည်တွေအနေနဲ့  ပြတိုက်အတွင်းဝင်ရောက် လေ့လာခွင့်လက်မှတ်ကို ငွေကြေး ပေးစရာမလိုပဲ ပတ်စပို့ ပြယုံနဲ့ လက်မှတ်ရယူကာ ဝင်ရောက်ကြည့်ရှုလေ့ လာလို့ရတဲ့အတွက် ပြည့်ပခရီးသွားတွေ ဝင်ရောက်လေ့လာမှုများတယ်လို့သိရပါတယ်။

တရုတ်ပြည်သူ့ တော်လှန်ရေး စစ်သမိုင်းပြတိုက်

တရုတ်နိုင်ငံရဲ့ နောက်ထပ် ထင်ရှားတဲ့သမိုင်းဝင်ပြတိုက်တစ်ခုကတော့ တရုတ်ပြည်သူ့တော်လှန်ရေး စစ်သမိုင်းပြတိုက်ပဲဖြစ်ပါတယ်။တရုတ်ပြည်သူ့ တော်လှန်ရေး စစ်သမိုင်းပြတိုက်ကတော့ Haidian ခရိုင်ထဲမှာရှိတဲ့ တရုတ်လူမျိုးများရဲ့ အရေးပါတဲ့ပြတိုက်တစ်ခုဖြစ်ပါတယ်။ ဒီပြတိုက်ကို ၁၉၅၈ ခုနှစ်ကတည်းက စတင်တည် ဆောက်ခဲ့ပြီး ၁၉၆၀ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့အကြီးဆုံးနဲ့အပြည့်စုံဆုံး စစ်သမိုင်းပြတိုက် တစ်ခုဖြစ်ပြီး ပြတိုက်မှာ အထပ်လေးထပ်ရှိပါတယ်။ ပြတိုက်အတွင်းမှာ တရုတ်တပ်မတော် သမိုင်းကြောင်းကို အဓိကထားဖော်ပြထားတာဖြစ်ပြီး  တရုတ်တပ်မတော်ရဲ့ ထင်ရှားတဲ့အကြောင်းအရာတွေ၊ အရေးကြီးစစ် ပွဲသမိုင်း ကြောင်းတွေနဲ့ စစ်ဖက်ဆိုင်ရာ  သမိုင်းဝင်လက်နက်တွေ၊ တပ်မတော်သားတွေနဲ့ အရာရှိတွေရဲ့ အကြောင်းအရာ များ ကို ပြသထားတဲ့အတွက် တရုတ်နိုင်ငံရဲ့စစ်ဘက်ဆိုင်ရာ အကြောင်းအရားများကို  လေ့လာနိုင်တာဖြစ်တယ် အတွက် ဗဟုသုရရှိမှာအမှန်ပဲဖြစ်ပါတယ်။ စစ်အတွင်းကအသုံးပြုခဲ့တဲ့ စစ်ရဟတ် ယာဉ်များ၊ တိုက်ချင်းပစ်ဒုံးပျံ များကို လေ့လာခွင့်ရမယ့်အပြင် စစ်လက်နက်ပစ္စည်းတွေ၊ တင့်ကားတွေအပြင်  တရုတ်တပ်မတော်ရဲ့ ထင်ရှား တဲ့ စစ်ပွဲတွေအတွင်းမှာ အသုံးပြုခဲ့တဲ့ စစ်လက်နက် မျိုးစုံကို တစ်နေရာတည်းမှာတွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။  တရုတ်ပြည်သူ့ တော်လှန်ရေး စစ်သမိုင်းပြတိုက်ကို လေ့လာတာတဲ့ တရုတ်နိုင်ငံရဲ့ စစ်အင်းအားတိုးချဲ့ နိုင်မှု အခြေအနေကိုလည်း လေ့လာ သိရှိနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီပြတိုက်ကိုလည်း နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ ပတ်စ်ပို့ပြပြီး အခမဲ့ဝင်ရောက် လေ့လာနိုင်ပါတယ်။

တရုတ်ငွေကြေးပြတိုက်

တရုတ်ငွေကြေးပြတိုက်ကိုတော့  တီယန်းမင်ရင်ပြင်အနီးမှာ တည်ရှိပါတယ်။ ပြတိုက်ပုံစံက အနောက်တိုင်းပုံစံ အဆောက်အဦပုံဖြစ်ပြီး ၂ဝ ရာစုနှစ်မှာတည်ဆောက်ခဲ့တဲ့ အဆောက်အဦးဖြစ်ပါတယ်။ ဒီပြတိုက်ထဲမှာ ရှေးခေတ် တရုတ်လူမျိုးဆက်ဆက် အသုံးပြုခဲ့တဲ့ ငွေကြေးများ၊ ရှေးဟောင်းငွေအကြွေစေ့များနဲ့ နိုင်ငံတကာမှ နိုင်ငံခြား ငွေ ကြေးတွေကို  ပြသထားပါတယ်။ စုစုပေါင်း ဒင်္ဂါးနဲ့ ငွေအကြွေစေ့ (၃)သိန်း အဲ့ဒီပြတိုက်ထဲမှာ ပြသထားပါ တယ်။ ဒါအပြင် ရှေးဟောင်းပစ္စည်းပေါင်းများစွာနဲ့အတူ တရုတ်ပြည်သူ့ဘဏ် ပေါ်ပေါက်လာပုံ သမိုင်းကြောင်း ကို ခင်း ကျင်းပြသထားပါတယ်။ တရုငွေကြေးပြတိုက်ကိုသွားရောက်လေ့လာမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ခေတ် အဆက် ဆက်ငွေးကြေးအသုံးပြုပုံတွေကိုလေ့လာခွင့်ရမှာဖြစ်ပြီး ဗဟုသုတရရှိစေမှာ ဖြစ်ပါတယ်။

ကရင်လေး(အိမ်မဲ)