【 ဆောင်းပါး 】"ပျော်စရာလား ..ရွှင်စရာလား ? …. ဒီတန်ဆောင်တိုင်ကာလ"

【 ဆောင်းပါး 】"ပျော်စရာလား ..ရွှင်စရာလား ? …. ဒီတန်ဆောင်တိုင်ကာလ"

 

မနက်စောစော လမ်းထဲ ဆိုင်းသံဗုံသံ အော်ဂင်သံဘဆူဆူညံကြားရသဖြင့် အထိတ်တလန့်ဖြစ်မိသည်။လမ်းထဲမှ လူအတော်များများမှ တိုက်ခန်း၀ရံတာရှေ့ထွက်ကာ ဘာများလဲဟု စပ်စုကြသည်။ကျနော်သည်လည်း ထိုနည်းတူ ထွက်ကြည့်ရမှ ဘယ်ကလာသည့် လူတွေလဲမသိ၊ အမေနံကရိုင်းကျွဲရုပ်နှင့်လှည့်ကာ ကထိန်အလှူခံနေသည်ကို တွေ့ရသည်။
 
အံ့ဩပေစွ။လူအချို့ကို ကျန်းမာရေးကပ်ဘေးဖြင့် တရားစွဲဆိုကာ ပြစ်ဒဏ်အမြင့်ဆုံးချနေသည့်အချိန်တွင် ဒီလို ရပ်ကွက်တွေလှည့်ပြီး လူစုလူဝေးဖြင့် အလှူခံသည့်ကိစ္စက “အမြင်မတော် ဆင်တော်နှင့်ခလောက်” ဆိုသလိုပင်။  
 
ကထိန်။ကထိန်ခင်းကြသည့်  ဒီလိုကာလရောက်ပြီဆိုလျှင် ကျနော်တို့အဖို့ အတော်ကိုပင် စိတ်ညစ်ညူးရသည်။ညစ်ညူးရသည်ဆိုသည်မှာ တခြားမဟုတ်။လှူရတန်းရခြင်းကိုမဟုတ်။လော်စပီကာများဖြင့် ရပ်ကွက်အတွင်းလှည့်ကာ အလှူခံကြသည့်ကိစ္စကိုဖြစ်ပြီး ထိုသို့ နားဒုက္ခပေးသည့်လူတွေမှာ အရက်သေစာသောက်စားပြီး လမ်းပေါ်တွင် ကခုန်ပြီး ရပ်ကွက်တွင်းနေထိုင်သူနှင့် လမ်းသွားလမ်းလာတို့ကို အနှောင့်အယှက်ပြုခြင်းပင်ဖြစ် သည်။
 
လမ်းထဲတွင် ပဒေသာပင်တစ်ခုချကာ လော်စပီကာဆင်ကာ အလှူခံသည်ကို တန်ဆောင်တိုင်လပြည့်နေ့ မရောက်ခင်အချိန် တစ်ပတ်လောက်အလိုကတည်းက ရပ်ကွက်တိုင်းကြားနေရပြီဖြစ်သည်။ထိုသို့လုပ်ရပ်များကို သွားတားမိလျှင် သွားဟန့်မိလျှင် ရန်သတ္တုပြုခံရမည်မှာ သေချာသလောက် ဖြစ်သည်။ဆိုချင်သည့်သဘောက အလှူအတန်းကို ပိတ်ပင်လိုချင်းမဟုတ်။ဆူညံသည့်အသံကို မခံနိုင်ခြင်းပင်ဖြစ်သည်။ 
 
ဒီလိုဓလေ့ထုံးတမ်းက တရုတ်လုပ် အော်ဒီယိုလို့ခေါ်သည့် အသံပိုင်းဆိုင်ရာပစ္စည်းတွေ ပေါပေါများများဝင်လာပြီးနောက်ပိုင်း ဒီလို နားမခံသာသည့် လော်ဖြင့် လှည့်လည်အလှူခံသည့် ကိစ္စတွေ၊ အလှူခံမဏ္ဍပ်တွေဖွင့်ကာ အလှူခံကြသည့်ဖြစ်ရပ်တွေ နိုင်ငံအနှံ့ ဒင်းကြမ်းဖြစ်လာခြင်းဖြစ်သည်။သဘာ၀အရ တိုးတက်လာခြင်းကို လက်ခံပါသည်။သို့သော် တိုးတက်ခြင်းမှာ အကောင်း၊ အဆိုး ရောထွေးပါလာခြင်းတွင် အဆိုးက ပိုများသည့်ထက် ကိုယ့်အပျော်အတွက် တခြားသူစိတ်ဆင်းရဲစေသည့်ကို ထည့်မတွက်ကြသည်ကို ဆိုလိုခြင်းဖြစ်သည်။
 
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က လှိုင်သာယာဘက်တွင် လော်စပီကာအသံကျယ်ပြိုင်ပွဲလုပ်ခဲ့ကြတာကို facebook တွင် သတင်းတက်လာလို့ မြင်ရသည့်အခါ ငါကြုံရသည်က တော်သေးသည်ပါလားဟု ‘ဘုရားတ’ မိသည်။ 
 
ကျနော်တို့ ငယ်စဉ်ကဆို ကထိန်ကာလရောက်ပါက အိုးစည်ဒိုးပတ်ငှားကာ ပဒေသာပင်လှည့်လည်ကြပြီး ဘုန်းကြီးကျောင်းကကျွေးသည့် ထမင်းဟင်းစားဖွယ်တွေကိုစားသောက်ကာ ပျော်ရသည်ကို ယခုထိမမေ့နိုင်အောင်ဖြစ်ရသည်။ခေတ်ကာလအရ ပြောင်းလဲလာပြီး ပဒေသာပင်ပို့ရာတွင် အရက်သေစာ သောက်စားမူးရူးကာ ကခုန်ပြီး ဘုန်းကြီးကျောင်းသို့ ပဒေသာပင်ပို့ကြသည်က ဘယ်လိုမှ လက်ခံနားလည်ပေးလို့မရသလို ရပ်ကွက်ထဲမူးရူးပြီး ပ‌ဒေသာပင်လှည့်ကာ အလှူလိုက်ခံကြခြင်းကိုလည်း လက်ခံလို့မရပေ။သို့သော် ရေများရေနိုင် မီးများမီးနိုင်ဆိုသလို ခေတ်က ပြောင်းလဲနေသည်ကို လက်ခံရမည်ဖြစ်သဖြင့် မသိသလို၊ မကြားသလို မမြင်သလိုနှင့် ဖြတ်သန်းခဲ့ရသည့် အချိန်ကာလနှစ်များတောင် ဆယ်စုနှစ်တစ်ခုကျော်လေပြီဖြစ်သည်။
 
ယခုရက်ပိုင်း ဘာသာရေးဆိုင်ရာ ပွဲလမ်းတွေကို ဆင်နွှဲကြရာတွင် လူတိုင်း၊ မိသားစုတိုင်းတွင် စိတ်မ ကောင်းစရာအဖြစ်အပျက်တွေ၊ ကြေကွဲစရာအဖြစ်အပျက်တွေရှိခဲ့သဖြင့် ဘယ်လိုပဲဖြစ်ဖြစ် အပျော်သဘောဘက်မရောက်စေရန် လူတိုင်းကထိန်းကြသည်ကို တွေ့ရသည်။ကျန်းမာရေးကပ်ဘေးကြောင့် လမ်းတိုင်းတွင် သေဆုံးသူက ၁၀ ဦးထက်မနည်းရှိခဲ့ကြသလို နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံရမှု၊ အလုပ်အကိုင်မသေချာ မရေရာမှု၊ စီးပွားရေးဆိုင်ရာ ကပ်ဘေးသဖွယ်ဖြစ်နေမှုကို ရင်ဆိုင်နေရမှုများကြောင့် တိုင်းပြည်မှာ နာရေးဖြစ်နေသည့် အိမ်သဖွယ် နေရာတိုင်းမှာ ဝမ်းနည်းဖွယ်သဘောဆောင်နေသဖြင့် အားလုံးက ဘယ်လိုသော ဘာသာရေးဖြစ်ဖြစ် ထိန်းထိန်းသိမ်းသိမ်းလုပ်ကိုင်ကြသည်ကို တွေ့ရသည်။ထိုသို့ ဘာသာတိုင်းက ဒီလိုထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ခြင်းကလည်း နိုင်ငံသားများ၏ ကြီးမြတ်သော စိတ်သဘောထားနိုင်မှုဖြစ်သည်။
 
ဒီလိုအချိန်တွင် တန်ဆောင်တိုင်မှာ ကထိန်ပဒေသာပင်တွေကို လူစုလူဝေးဖြင့် လှည့်လည်ကြသည့် သာမန်အချိန်ကာလမျိုးလို့ တချို့သောသူတွေက စီစဉ်နေတာ၊ ကြိုးစားလုပ်ကိုင်နေတာမြင်ရတော့ စိတ်ထဲမှာ ဒီလို တစ်ကိုယ်ကောင်းစိတ်ရှိသည့်သူတွေကြောင့် မဖြစ်သင့်သည့် အဖြစ်တွေ ဖြစ်နေရတာပါလားဆိုပြီး သံဝေဂရမိသည်။ယခုလည်း မိုးမလင်းခင် ရပ်ကွက်ထဲ လမ်းထဲ လူတွေ အထိတ်ထိတ်အလန့်လန့် ခြောက်ခြားနေသည့်အချိန်တွင် ဟွန်းတွေ ဆောင်းဘောက်တွေဖြင့် ဟိုက်ဂျက်ကားဖြင့် လမ်းထဲဝင်လာကာ အလှူခံခြင်းက အတော်လေးကို စိတ်တိုဖွယ်ပင်။
 
အလှူဒါနဆို လက်မနှေးသည့် ကျနော့်လမ်းက ဒီတစ်ခါတော့ ကျနော့်လို ခဏသာထွက်ကြည့်ပြီး အိမ်တံခါးပြန်ပိတ်သလို ယခင့်ယခင်နှစ်တွေကလို ကျွဲကတာလိုက်ကြည့်သူမရှိသလို စိတ်ဝင်စားဟန်လည်းမပြ၊ ခေတ္တသာ အလှူခံကားက လမ်းထဲနေပြီး ပြန်ထွက်သွားသည်။ 
 
တကယ်က လူတွေအားလုံးမှာ ဒါနခမ်းခြောက်သွားတာ မဟုတ်ပေ။ဘာကြောင့်ဆို ကထိန်ခင်းဖို့ လမ်းထဲလိုက်ကောက်သည့် ရပ်ကွက်ထဲက လူကြီးတွေ တစ်အိမ် ဘယ်လောက်ဆိုပြီး ငွေခွဲကြသည့်အခါ အားလုံးအပြည့်အ၀ထည့်သလို တချို့ဆို အရင်က နိဗ္ဗာန်စျေးလှူနေကြသူတွေက လှိုင်သာယာကျူးကျော် ဖျက်ခံရသည့်သူတွေကို လှူပေးဖို့ အဝတ်အစားတွေ၊ ဆန်တွေ၊ တခြားစားသောက်ကုန်နဲ့ ငွေတွေ လှူနေကြတာကိုလည်း တွေ့ရသည်။ကထိန်မခင်းနိုင်သည့် ဘုန်းကြီးကျောင်းစာရင်းကို လမ်းထိပ်ထွက်ကြေညာရာ တစ်မနက်အတွင်း စာရင်းပြည့်သွား တာကိုမြင်ရသဖြင့် လူတွေမှာ ဒါနခမ်းခြောက်တာမဟုတ် အပျော်တွေခမ်းခြောက်နေကုန်တာဟု မှတ်ချက်ချလို့ရသည်။ 
 
ဒါဆို ကျနော်တို့ကော။အမှန်ပင် ဒီလို ကျနော်တို့ ဖြစ်နေတာဖြစ်သည်။ယခုချိန်တွင် တချို့မိသားစုတွေ လူမစုံတော့။တချို့ဆို သေကွဲ၊ တချို့ဆို ရှင်ကွဲ၊ တချို့ဆို ဘ၀တွေပျက်။ဒီအချိန်မှာ ကိုယ်နိုင်သည့်ဝန်ကို လူတိုင်းက တိုးတိတ်စွာပဲ ကူချင်ကြတော့သည်။ငါလှူသည်ဆိုသော မာန်လည်းမတက်ချင်ကြတော့။ကိုယ့်အလှူက ထိရောက်သည့်အလှူဒါကို ဖြစ်စေချင်သည်။လူတွေဘ၀ကို ပြန်လည်ထူထောင်နိုင်ဖို့ တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်စေချင်ကြသည်။ကျန်းမာရေးနှင့် စီးပွားရေး ပြိုလဲနေသည့် မိတ်ဆွေတွေကို ထိထိရောက်ရောက်ကူစေချင်သည့် စိတ်တွေရှိသည်။စစ်မှန်သည့် သာသနာထောက်ပံ့သူ ဖြစ်ချင်ကြသည်။အရင်ကလို အုတ်ရောရော ကျောက်ရောရော လှူတာ၊ ဘယ်နေရာသုံးသုံးဆိုတာ မလုပ်ကြတော့။အပျော်ဘက်ကနေ စရုတ်သိမ်းကြပြီ။
 
ပုံမှန်တိုင်းဆို တန်ဆောင်တိုင်လပြည့်နေ့ဆို  ကထိန်တွေလှည့်ကြ၊ ဘုန်းကြီးကျောင်းများတွင် ကထိန်တွေခင်းကြ၊ လမ်းတိုင်း လမ်းတိုင်း ပဒေသာပင်တွေလှည့်ကာ မဲကျသည့် ကျောင်းကိုပဒေသာပင်တွေပို့ကြ။ဘုန်းကြီးကျောင်းများတွင် ပဒေသာပင်လာပို့သူတွေကို ကျွေးမွေးကြ၊ ညဘက်ဆို လမ်းတိုင်း ပျော်ပွဲရွှင်ပွဲများကျင်းပကြ နှင့်။တန်ဆောင်မုန်းလပြည့်နေ့မှာ ရက်သုံးလေးရက်ကြာသည်အထိ လမ်းတွေမှာ နိဗ္ဗာန်စျေးတွေ၊ နိဗ္ဗာန်သို့ရည်ရွယ်ကာ အယုတ်အလတ် အမြတ်မရွေး လှူကြတန်းကြသည့် စတုဒီသာကျွေးမွေးမှုတွေနှင့် ပျော်စရာကာလဖြစ်သည်။
 
သို့သော် ဒီနှစ်တွင်တော့ ကပ်ဘေးနှင့် ရန်သူမျိုးငါးပါးဘေးကို အားလုံးကြုံနေရပြီး အချိန်မရွေး အသက်ဆို မတည်မြဲနိုင်သည့်အတွက် ပျော်စရာကိုလျော့ကျပြီး တစ်ဦးနှင့် တစ်ဦး ကျောချင်းကပ်ကာ ကူနိုင်ဖို့ လုပ်ကိုင်နေရသည့် ဝေမျှနေရသည့် အချိန်ဖြစ်သည်။
 
ပျော်စရာဆိုသည်မှာ အချိန်မရွေး အသက်ရှင်နေသရွေ့ ရှာလို့ရသည်။ကြုံနိုင်သည်။ယခုလို ကျန်းမာရေးကပ်ဘေးနှင့် အချိန်မရွေးသေနိုင်သည့်ဘေးကို ကြုံနေ့ရသည့်အချိန်တွင် တန်ဆောင်မုန်းလပြည့်နေ့၏ အဓိက အနှစ်အရသာဖြစ်သည့် ကထိနလို့ခေါ်သည့် ကထိန်ခင်းခြင်း၊ ကထိန်သင်္ကန်းကပ်ခြင်း၊ အလှူဒါနကို ထိရောက်စွာလှူခြင်းဖြင့် ဖြတ်ကျော်ခြင်းကသာ လူအများ၏ ထိခိုက်ကြေကွဲနေရသည့် ယခုအချိန်အခါကို စာနာရာရောက်မည် ဖြစ်သည်။
 
နောင် ကပ်ဘေးပြီးသည့်အခါ အေးဆေးတည်ငြိမ်သည့်အခါ ဆောင်းဘောက်သံတမြိုင်မြိုင်ဖြင့် ဘယ်လောက်ပဲလုပ်လုပ် ဘယ်လောက်ပဲပျော်ပျော် ဘယ်သူမှအပြစ်တင်မည်မဟုတ်သလို ဘယ်သူမှလည်းလာပြီး ဟန့်တားကြမည်မဟုတ်ပေ။
 
ကထိန်ဆိုသည်မှာ ဘာသာရေးပွဲတော်ဖြစ်သည်။လူတိုင်းတွင် ကိုးကွယ်ရာဘာသာရှိကြပြီး မိမိကိုးကွယ်ရာ ဘာသာအလျှောက် ဘာသာရေးပွဲများကို ဆင်နွှဲသည့်အခါ လိုက်နာရသည့် ကျင့်ထုံးများ၊ စည်းကမ်းများရှိသည်။ယခု ကထိန်ကာလမှာ ထိုစည်းကမ်းများအပြင် လူသားများလိုက်နာရသည့် ကျင့်ဝတ်အရ အပျော်ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်သည့်အချိန်သို့ မမျှော်လင့်ဘဲ ရောက်နေသည်ဖြစ်သည်။ထို့အတွက် ရှောင်ကြဉ်ရန် လူတိုင်းက ထိန်းသိမ်းကြသည်။ကိုယ့်အပျော်က သူတပါးဒုက္ခရောက်နေချိန်ကို စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုမဖြစ်အောင် သတိထားနေရသည့်ကာလဖြစ်သည်။သူတပါးငိုနေချိန်၊ ကြေကွဲနေရချိန်၊ အတိဒုက္ခရောက်နေချိန်တွင် အပျော်ကို ဆင်နွှဲခြင်းက သင်၏ လူတွေအပေါ်ထားသည့် အသိတရားရေချိန်နှင့်သာ ဆိုင်ပါသည်။
 
သင်ဘယ်လိုလူလဲဆိုတာ ထိုအသိတရားကသာ ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်ပေသည်။
 
မောင်ဦးလွင်
နိုဝင်ဘာ - ၁၇