【 ဆောင်းပါး 】ပြည်တွင်းကားစျေးကွက်ကို ပြောင်းလဲသွားနိုင်မည့် တရုတ်လျှပ်စစ်ကားများ

【 ဆောင်းပါး 】ပြည်တွင်းကားစျေးကွက်ကို ပြောင်းလဲသွားနိုင်မည့် တရုတ်လျှပ်စစ်ကားများ

ပြည်တွင်းကားစျေးကွက်တွင် ရောင်းလိုအားဝယ်လိုအား အခြေအနေသာမက မူဝါဒများအပေါ် မူတည်၍လည်း အပြောင်းအလဲရှိခဲ့သည်။ လွန်ခဲ့သော ၂၀၂၂ ခုနှစ်အတွင်းက လျှပ်စစ်ကားနှင့်ပတ်သက်သည့် မူဝါဒများ ထုတ်ပြန်ခဲ့သလို ပြည်တွင်းကားစျေးကွက်အတွင်း လျှပ်စစ်ကားများမှာ လူပြောများလာခဲ့သည်။

၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်း ဖြစ်သည့် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ပြည်ပမှကားတင်သွင်းသည့် ကုမ္ပဏီအချို့က လျှပ်စစ်ကားများကို အော်ဒါများကောက်ကာ ရောင်းချရန် ပြင်ဆင်မှုများရှိလာသည်။ ပြည်တွင်းတွင် အော်ဒါကောက်ကာ တင်သွင်းရောင်းချမည့် လျှပ်စစ်ကားအများစုသည် အိမ်နီးချင်းတရုတ်နိုင်ငံက ထုတ်လုပ်ထားသည့် လူစီးကားများဖြစ်ကြပြီး လက်ရှိတွင် MG, Soueast, Haval, BATC, GMC, Bestune စသည့် ကား Brand ခြောက်မျိုးမှ ထုတ်လုပ်ထားသည့် ကားများကို ရောင်းချရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့်ကားများသည် အသွင်အပြင်ဆန်းကာ ပြည်တွင်းစျေးကွက်၏ ငွေကြေးသုံး စွဲမှု အခြေအနေနှင့် တွက်ချက်ချိန်ဆပါက ရွေးချယ်စရာကောင်းသော အနေအထားမျိုး ဖြစ်နေသည့်အတွက် ဦး စားပေးရောင်းချခြင်းလည်း ဖြစ်ကြောင်း ကားအရောင်းစင်တာပိုင်ရှင်များက ဆိုလာကြသည်။

“တကယ်တော့ ကမ္ဘာ့တခြားနိုင်ငံတွေက ထုတ်ထားတဲ့ ကားတွေဆိုတာ ပြည်တွင်းစျေးကွက်မှာ လက် လှမ်းမမီနိုင်ဘူးလေ၊ ကိုယ်က ပိုက်ဆံပေါလို့ ဝယ်ထားရင်တောင်မှ ပြန်ရောင်းထွက်ဖို့ အတော်လေးအခက် ကြုံ မှာလေ၊ ငွေကြေးသုံးစွဲမှုအရလည်း အဆင်ပြေသလို ဒီဇိုင်းကလည်း လူကြိုက်များတဲ့ဒီဇိုင်းမျိုး၊ ကျွန်တော့် အထင် တော့ တရုတ်က ကားတွေက စျေးကွက်မှာ ဦးဆောင်လာနိုင်မယ့်အနေအထားမျိုးလို့မြင်မိတယ်”ဟုလည်း ရန်ကုန် မြို့ လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရေးစခန်း အတွင်း ကားဝယ်ရောင်း လုပ်ကိုင်သူတစ်ဦးက ၎င်း၏ အတွေ့အကြုံ အရ အခြေအနေကို ပြောဆိုခဲ့သည်။

ပြည်ပကလျှပ်စစ်ကားများကို တင်သွင်းမည်ဆိုပါက အခွန်အခကို သုညရာခိုင်နှုန်းအဖြစ် သတ်မှတ်လိုက် ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂ ရက်၊ ရက်စွဲဖြင့် အမိန့်ကြေညာစာတစ်ရပ် ထုတ် ပြန် ထားလျက်ရှိသည်။ ထိုထုတ်ပြန်ချက်နှင့်အတူ ရက်ပိုင်းအတွင်းတွင်လည်း လျှပ်စစ်ကားများ အားသွင်းရန် နေရာ တည်ဆောက်မှုအတွက် တင်ဒါ ခေါ်ယူမှုများကိုလည်း နိုင်ငံပိုင်သတင်းစာများအတွင်း ဖော်ပြလာလျက် ရှိသည်။ အခွန်သုညရာခိုင်နှုန်း သတ်မှတ်ချက်မှာ ၂၀၂၃ ခုနှစ်၊ မတ်လအထိသာဖြစ်သည့်အတွက် ကာလထပ်တိုး ဖွယ်ရှိနိုင်သည်ဟု ခန့်မှန်းထားကြပြီး ပြည်တွင်းစျေးကွက် အတွင်းမှ ကားဝယ်ရောင်းလုပ်ကိုင်သူများမှာ အခြေ အနေစောင့်ကြည့်နေကြသည်။

ယင်းမတိုင်ခင် ထုတ်ပြန်ခဲ့သော ပြည်ပမှ ကားတင်သွင်းမှုနှင့်ပတ်သက်ပြီး မူဝါဒတစ်ခုကြောင့်လည်း ပြည်တွင်းစျေးကွက် အတွင်း နှစ်ပေါင်း ၂၀ သက်တမ်းအနည်းဆုံးရှိနေသည့် ဂျပန်တစ်ပတ်ရစ်ကားဟောင်းတွေမှာ ပွဲစားများ၏ပါးစပ်အတွင်း မြင့်မားသောနှုန်းဖြင့် စျေးခေါ်ရာ အခြေအနေမျိုးဖြစ်ခဲ့သည်။ ဝယ်ရောင်းပွဲစားများ အ ချင်း ချင်း မူလထက် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းလောက် စျေးပိုပေးပြီး လက်လွှဲရောင်းချရင်း စျေးနှုန်းကို တစ်စစ ဖြင့် ဆွဲတင်လာခဲ့ကြရာ ပြည်တွင်းကားစျေးကွက်တွင် သံအရည်ကျိုအဖြစ် အပ်နှံ၍ ရသော ဂျပန်တစ်ပတ်ရစ်ကား တစ်စီးမှာ ယခင်က ဖြစ်ပေါ်ခဲ့သည့် အိမ်စီးဇိမ်ခံ ဆလွန်းကား စျေးအဖြစ်သို့ ရောက်လာခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း မဖြစ်သင့်သော စျေးနှုန်းအခြေအနေရောက်နေသည့် ဂျပန်တစ်ပတ်ရစ် ကား ဟောင်းများကို လျှပ်စစ်ကားတင်သွင်းမှုနှင့်ပတ်သက်သော သတင်းများက ဖြိုချခဲ့သလို လျှပ်စစ်ကားများမှာ စျေး ကွက်အတွင်း လူပြောများ လာသည့် ကိစ္စတစ်ခုဖြစ်လာခဲ့သည်။ မြင့်မားနေသော ကားစျေးနှုန်းများကို မူဝါဒအ ပြောင်း အလဲကြောင့် ယခင်က  ဆုံးရှုံးခဲ့ဖူးသည့် ကားဝယ်ရောင်းအများစုက ယခုဖြစ်နေသောစျေးနှုန်းများမှ မမြင့် တက်ခင်က အခြေအနေမျိုး ပြန်ရောက်သွားမည်ကို စိုးရိမ်ကာ လျှပ်စစ်ကားများ၏ ပြစ်ချက်များကိုသာ မီးမောင်း ထိုး၍ ဝေဖန်ထောက်ပြလာကြသည်။

“လျှပ်စစ်ကားနဲ့ ပတ်သက်ပြီး သေချာတာတစ်ခုက အခုဖြစ်နေတဲ့ ပြည်တွင်းကားစျေးနှုန်းတွေကို ကိုင် လှုပ်သွားမှာပါပဲ၊ ဝယ်ရောင်းအများစုက ဒါကိုကြောက်နေကြတယ်၊ အဲ့ဒီတော့ လျှပ်စစ်ကားကိစ္စကို လိုက်ပြီး ဖောင်းထုတာပေါ့ဗျာ၊ ကျွန်တော်တို့က တော့ ရှင်းတယ်၊ တက်ရင်တက်စျေး ကျရင်ကျစျေးလုပ်ရဲတယ်လေ၊ ဟုတ် တယ်မဟုတ်လား၊ ဝယ်ရောင်းဆိုတာက ကိုယ်ဝယ်ထားတာ လက်ထဲကြာကြာမထားဘူး၊ ပြန်ရောင်းထုတ် တာ များတယ်လေ၊ အဲ့ဒီလိုရောင်းထုတ်တဲ့နေရာမှာလည်း မြတ်တာရှိသလို ရှုံးတာရှိတာပဲ၊ အမြတ်ကိုခံစားရဲသလို အရှုံးကိုလည်း ရင်ဆိုင်ရဲရမှာပေါ့၊ အခုက ဝယ်ရောင်းမဟုတ်ဘူး၊ ဝယ်အောင်းဖြစ်နေတာ၊ ဝယ်ပြီးအောင်းထားတာ တစ်နှစ်လောက်ရှိတော့မယ်”ဟုလည်း ဝါရင့်ကားဝယ်ရောင်း တစ်ဦးက ပြောဆိုခဲ့သည်။

ပြည်တွင်းလူနေမှုစနစ်တွင် လက်ရှိ လျှပ်စစ်မီးများမကြာခဏပျက်နေခြင်း၊ ခိုးဆိုးလုယက်မှု ဖြစ်ရပ်များ မကြာခဏ ကြုံနေခြင်းတို့ကြောင့် လျှပ်စစ်ကားများနှင့်ပတ်သက်၍ အားသွင်းရန်အခက်အခဲများ၊ အားသွင်း ရမည့် နေရာတွင် ကားနှင့်ပတ်သက်၍ ဘက်မှန်ဖြုတ်ခိုးခံရခြင်းအပါအဝင် ကြုံလာတတ်သော အခက်အခဲများကို လျှပ် စစ်ကားများ တွင်တွင်ကျယ်ကျယ်ဖြစ်လာမည့် အခြေအနေအတွက်မလိုလားကြသူများက ထောက်ပြကာ ဝေဖန်မှု များရှိနေပြီး လျှပ်စစ်ကားများတွင်လည်း တပ်ဆင်ထားသော ဘတ္ထရီ၏ သက်တမ်းနှင့်ပတ်သက်၍ လည်းကောင်း၊ အပိုပစ္စည်း များနှင့်ပတ်သက်၍လည်းကောင်း ထောက်ပြကာ ဝေဖန်သူများလည်းရှိလာခဲ့သည်။

နိုင်ငံတကာတွင်လည်း စွမ်းအင်လျှော့ချကာ ကမ္ဘာကြီးအတွက် ကောင်းကျိုးဖြစ်စေသည့် ပြန်ပြည့် မြဲစွမ်း အင်များကို သုံးစွဲမှု တွင်ကျယ်လာချိန် လျှပ်စစ်ကားများမှာ အနာဂတ်အတွက် အခြေအနေကောင်းများကို ပိုင်ဆိုင် လာကြပြီး ပြည်တွင်း စျေးကွက်တွင်လည်း နိုင်ငံတကာနည်းတူ လျှပ်စစ်ကားများတွင်ကျယ်စွာ သုံးစွဲလာနိုင်ရန် မျှော်လင့်သူများကလည်း အများအပြားရှိလာခဲ့ပြန်သည်။ ထိုသူများက ဓာတ်ဆီ၊ ဒီဇယ်ဆီသုံးကားနှင့် လျှပ်စစ် ကားတစ်စီး၏ တစ်လတာ ကုန်ကျစရိတ်ကို တွက်ချက်ထောက်ပြကာ ကုန်ကျစရိတ်သက်သာပုံကို ပြန်လည်မျှ ဝေကြခဲ့သည်။

ပြည်တွင်းက ကားဝယ်ရောင်းစျေးကွက်မှာ လူမှုကွန်ရက်ပေါ် Group များဖွဲ့ကြပြီး လျှပ်စစ်ကားများ နှင့်ပတ်သက်၍ ဝေဖန်သူများက တစ်ဖွဲ့၊ လျှပ်စစ်ကားနှင့်ပတ်သက်သော အသိပညာများဖြန့်ဖြူးမျှဝေသူများက တစ်ဖွဲ့ စသည်ဖြင့် အဖွဲ့များ အသီးသီးပေါ်ပေါက်လာပြန်ကာ ကားဝယ်ရောင်းသမားများအဖို့ စျေးကျသွားမည့် အပေါ် စိုးရိမ်ရသော ရက်ကာလများ ဖြစ်လာခဲ့သည်။

လျှပ်စစ်ကားတစ်စီးနှင့် ၁၃၀၀ စီစီအင်ဂျင်ပါဝါရှိသော ဓာတ်ဆီကားတစ်စီး၏ တစ်လတာ ခန့်မှန်း ကုန် ကျစရိတ်ကို တွက်ချက်ရာတွင် လျှပ်စစ်ကားမှာ ဝယ်ယူမှုစရိတ်များနိုင်သော်လည်း ဓာတ်ဆီကားထက် လစဉ် တစ်လလျှင် ကျပ်နှစ်သိန်းကျော်လောက် ကုန်ကျစရိတ်သက်သာနိုင်မည့်အကြောင်းကိုလည်း လေ့လာထားသူများ က အချက်အလက် ပြန်လည်မျှဝေခဲ့ကြသည်။

မြန်မာနိုင်ငံတွင် တရုတ်-မြန်မာ ချစ်ကြည်ရေးအရ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓု ကန်စက်မှုဇုန်မှ လျှပ်စစ်ကားများကို ယခင်က ထုတ်လုပ်ခဲ့ခြင်းများရှိပြီး ထုတ်လုပ်မှုအရေအတွက်နည်းပါးခြင်းနှင့် အားနည်းချက် အချို့ ရှိနေသည့်အပေါ် အနာဂတ်တွင် ပြည်ပမှ တင်သွင်းလာမည့် လျှပ်စစ်ကားများကို မလိုလား သူများက ယင်းလျှပ်စစ်ကား များနှင့် ချိန်ထိုးကာ ဝေဖန်ကြခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်အကုန်ပိုင်းတွင် ကမ္ဘာတစ်လွှားလျှပ်စစ်ကားများမှာ လူပြောများလာကြသလို တရုတ်နိုင်ငံ ကွမ်းကျိုးရှိ Guangzhou Auto Show 2022 ပြပွဲကို ကျင်းပရာတွင်လည်း ခေတ်မီ လျှပ်စစ်ကားများကို ထည့်သွင်း ပြသခြင်းများ ရှိလာကာ စိတ်ဝင်စားမှုပိုစေခဲ့သည်။

တရုတ် လျှပ်စစ်ကား ကုမ္ပဏီ NIO က 500 ကီလိုဝပ် ဘတ္ထရီအသုံးပြုထားသည့် လျှပ်စစ်ကားများကို အားသွင်းရာ၌ ၁၂ မိနစ်အတွင်း ၁၀ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ အားဖြည့်ပေးနိုင်တဲ့ အားသွင်းစနစ် တစ်မျိုးကို မိတ်ဆက်လိုက်သည့် အကြောင်းကိုလည်း တရုတ်နိုင်ငံအခြေစိုက်မီဒီယာများက ဖော်ပြခဲ့ရာ စျေးကွက်အတွင်း ဆန်းသစ်မှုများဖြင့် ထိုးဖောက်၍ နေရာယူလာတော့မည့် လျှပ်စစ်ကားများအတွက် အခွင့်အလမ်းကောင်းများ ဖြစ်စေသလို ပြည်တွင်းမှ သုံးစွဲသူများ ကြား၌လည်း စိတ်ဝင်စားစရာကိစ္စရပ်ဖြစ်လာခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် လူကြိုက်များသော ကား Brand တစ်ခုဖြစ်သည့် တိုယိုတာကလည်း လျှပ်စစ် ကားများကို အပြိုင်ထုတ်လုပ်နေပြီဖြစ်ပြီး Tesla မှလည်း အကြမ်းဆုံး အမြန်ဆုံး S Plaid နှင့် X Plaid versions များကို တရုတ်နိုင်ငံအတွင်း ၂၀၂၃ ခုနှစ်အတွင်း၌ စတင်ရောင်းချပေးမည်ဟု ကွမ်ကျိုး ကားပြပွဲတွင် ကြေညာထား ပြန်သည်။ လက်ရှိတွင် တရုတ်ပြည်၏ လျှပ်စစ်ကားများအနက် ယွမ်တစ်သိန်းအောက် ရောင်းအား အကောင်းဆုံး အဖြစ် ဝူလင်းဟုန်ဂွမ်းမီနီအီးဗီ ၃၁၉၈၂ စီး၊ Neta V  ၁၁၂၆၃ စီး၊ ချန်အန်း Lumin Core ၁၁၀၂၀ စီး၊ SAIC Roewe Clever ၈၁၀၀ စီး၊ Chery QQ Icecream ၄၀၄၈ စီး ဖြစ်ခဲ့သလို ယွမ်ငွေ တစ်သိန်းနှင့်နှစ်သိန်းကြား ရောင်းအား အကောင်းဆုံးအဖြစ် BYD Song DMi ၅၆၆၃၇ စီး၊ BYD Dolphin ၂၆၀၂၉ စီး၊ BYD Atto3 ၂၀၀၂၄ စီး၊ GAC Aion S ၁၅၃၂၃ စီး၊ BYD Qin Plus EV ၁၂၈၇၀ စီး ဖြစ်လာခဲ့ကြောင်း သတင်းများတွင် ဖော်ပြကြသည်။

ဥရောပတစ်လွှားတွင် ၂၀၃၅ ခုနှစ်နောက်ပိုင်းတွင်လည်းကောင်း၊ တရုတ်တွင် ၂၀၃၀ ပြည့်နှစ်တွင်လည်း ကောင်း လောင်စာဆီကို သုံးစွဲသော အင်ဂျင်အသုံးပြုသည့် ကားများထုတ်လုပ် တင်သွင်းမှုကို ရပ်ဆိုင်းသွား ရန် ပြင်ဆင်ကာ အစီအစဉ်များ ရေးဆွဲနေကြသလို လျှပ်စစ်ကားများမှာ အနာဂတ်အတွက် အလားအလာကောင်းများ ဖြစ်လာခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကားကုမ္ပဏီများက လျှပ်စစ်ကားများကို ထုတ်လုပ်ကြသော်လည်း ပြည် တွင်းလူနေမှုအခြေအနေ ငွေကြေးသုံးစွဲမှုအခြေအနေများကြောင့်လည်းကောင်း၊ ကား၏စွဲမက်ဖွယ်ဒီဇိုင်းများ၊ အခြားသောနိုင်ငံများက ထုတ်လုပ်မှုထက် စျေးနှုန်းသက်သာမှု၊ အပိုပစ္စည်းဝယ်ယူရလွယ်ကူမှု အစရှိသော အား သာချက်များစွာရှိနေသည့် တရုတ် လျှပ်စစ်ကားများက ပြည်တွင်းကားစျေးကွက်ကို မကြာခင် ကိုင်လှုပ်တော့မည့် အခြေအနေမျိုး ဖြစ်လာသည်ကို ရေးသားလိုက်ရပေသည်။

ဧပရယ်လ်