【 ဆောင်းပါး 】ပြဿနာတွေကို အခွင့်အလမ်းအဖြစ် ပြောင်းပါ

【 ဆောင်းပါး 】ပြဿနာတွေကို အခွင့်အလမ်းအဖြစ် ပြောင်းပါ

ကံကြမ္မာ လွဲချော်မှုတိုင်းက တူညီတဲ့ (သို့မဟုတ်) ပိုသာတဲ့ အကျိုးအမြတ် မျိုးစေ့တွေကို သယ်ဆောင် လာတတ်တယ်။                

                                                                        (နပိုလီယံ ဟေးလ်)

ပြဿနာတွေကို အခွင့်အလမ်းအဖြစ်ပြောင်းပစ်လိုက်ဖို့ လိုပါတယ်။ ဒီမှာ အဓိကဇောင်းပေး ပြောသွားလိုတာက - လူတိုင်းလိုလိုဟာ ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန် နောက်ပြန်လန်ကျ သွားလောက်အောင် စိတ်ဓာတ်ကျ ထွက်ပေါက် မတွေ့တော့လောက်အောင် ဘဝရဲ့ စမ်းသပ်စိန်ခေါ်မှုတွေ ရှိတတ်သလို၊ အဲ့လို ကြုံလာတဲ့အခါကျ ဘယ်သူမဆို ”ဘာလို့ ငါ့မှာမှ ဒီလို အဖြစ်မျိုး ဖြစ်ရတာလဲ။ အခု ဘယ်လို လုပ်ရပါ့မလဲ။ ငါ့ အစီအစဉ်တွေတော့ အားလုံးပျက်ပါပြီကွာ”ဆိုပြီး စိတ်ပျက်လက်ပျက် မြည်တွန်းတောက်တီ ညည်းတွား တုန့်ပြန်ကြမှာ သဘာဝပါပဲ။ ဒါပေမယ့် အဲ့ဒီစိတ်ဂယောက်ဂယက် ဖြစ်တာတွေ အနယ်ထိုင်တဲ့ အချိန်ကျရင်တော့ ရွေးချယ်စရာတွေကို တွေ့လာမှာပါ။

သင့်အနေနဲ့ ဒီလိုပဲ စိတ်ပျက်ညည်းတွား မြည်တမ်းပြီး မအောင်မြင်ခဲ့တဲ့ အခြေအနေထဲမှာပဲ အရှုံးတွေကို ရင်မှာပိုက်ပြီး အပြီး နေသွားတော့မလား၊ ဒါမှမဟုတ် ကြုံခဲ့ရတဲ့ အခက်အခဲ ဒုက္ခကပေးတဲ့ သင်ခန်းစာအပေါ် အမြတ်ထုတ်မှာလား ဆိုတာ ပေါ်လာလိမ့်မယ်။ မရေမရာနဲ့ ရုန်းကန်လှုပ်ရှားရမယ့် အချိန်တွေကို တွေ့ကောင်းတွေ့ရမှာ အမှန်ပဲ။ ဒါပေမယ့် အခက်အခဲရဲ့ ဆန့်ကျင်ဘက် မျက်နှာစာ တစ်ဖက်က အမြဲ ရှိနေဦးမှာပါ။ ပြဿနာ ဆိုတာ၊ သိတယ်မလား၊ တစ်ခါတလေ ပြဿနာ လုံးဝ မဟုတ်တော့ပဲ အခွင့်အလမ်း တစ်ခုတောင် ဖြစ်သွားတတ်ပါသေးတယ်။ ဥပမာ ပြရရင် ပြဿနာက ကိုယ့်ဘဝ တိုးတက်ရေးအတွက် ကိုယ်ညှိယူ ချိန်ဆဖို့ လိုအပ်နေတဲ့ အပိုင်းကဏ္ဍ တစ်ခုကို ညွှန်ပြနေတာမျိုး ဖြစ်တတ်ပါတယ်။ ပြဿနာ မဖြစ်ခဲ့ဖူးဆိုရင် သင်ဒီတိုးတက်ပြုပြင်မှုကို ဘယ်တော့မှ လုပ်မိမှာ မဟုတ်ဘူး။

ဥပမာ ပြရရင် သင်ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်၊ အချို့လူတွေက အလုပ်ပြုတ်ပြီးကာမှ အောင်မြင်တဲ့ စီးပွားလုပ်ငန်းတစ်ခုကို ထူထောင်ဖြစ်သွားတာမျိုးပေါ့။ အဲဒီပုဂ္ဂိုလ်တွေက သင့်ကို  အကယ်၍ ကျွန်တော်၊ ကျွန်မတို့သာ အလုပ်မပြုတ်ခဲ့ရင် ခုလိုအောင်မြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ထူထောင်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောပြပါလိမ့်မယ်။ ကံဆိုးမိုးမှောင်ကျခြင်းနဲ့ စတင်ခဲ့တဲ့ အဖြစ်တစ်ခုဟာ ရွှေအခွင့်အလမ်းအဖြစ်နဲ့ အဆုံးသတ် တတ်ပါတယ်။

ဒီနေရာမှာ ဂျက်ဖ် ကီလာ ပြောပြတဲ့ ဥပမာက - သင် အရမ်းလိုချင်ပြီး သင့် အိပ်မက်နဲ့ တစ်ထပ်တည်း ကျတဲ့ အလုပ် တစ်ခုကို သင် စိတ်တိုင်းကျ ဖြေနိုင်ခဲ့တယ်။ ဒီအလုပ်ကို သင်ရမယ်ပဲ တစ်ထစ်ချ ထင်ခဲ့တယ်။ ဒါပေမယ့် သင်မရပဲ အခြားတစ်ယောက် ရသွားတယ် ဆိုပါတော့။ သင် ရင်ဝဆောင့်ကန်ခံရသလို ပက်လက် လန်သွားမှာ အမှန်ပဲ၊ ခြေမကိုင်မိ လက်မကိုင်မိ အရာအားလုံး ဆုံးရှုံး လမ်းပျောက်သွားသလို ခံစားရမှာ အမှန်ပါပဲ။ ဒါပေမယ့် ဒါက ကံကြမ္မာရဲ့ လှည့်ကွက်တစ်ခု ဖြစ်တတ်ပါတယ်။ နောက်မကြာခင်မှာ သင် အလုပ်အသစ်တစ်ခုရ ပြီး အဲဒီ အလုပ်က ပထမ လက်လွှတ်လိုက်ရတဲ့ အလုပ်ထက် အစစအရာ သာနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကို ကံကြမ္မာ ဖေးမခြင်းတစ်မျိုးလို့ ဂျက်ဖ် ကီလာ က ဆိုပါတယ်။ “အိပ်မက် အိမ် ပြိုကွဲသလောက်ပါပဲ။ ပိုကောင်းတာ နဲ့ အစားထိုးလိုက်ရယုံပါပဲ” လို့ သူက ဆိုပါတယ်။

အဲဒီနောက် ဂျက်ဖ် ကီလာက အထက်က အဆိုကိုလည်း ပိုမိုပံ့ပိုးရာရောက်အောင်နဲ့ ပိုမို မြင်သာအောင် စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်လေးတွေကို ဆက်တင်ပြထားပါတယ်။

အကျိုးခံစားခွင့် တွေ့ရှိခြင်း (အဆိုးထဲက အကောင်း)

နယူးယောက်တိုင်းမ် စာစောင်ထဲမှာ ရှာရွန် လို့အမည်ရတဲ့ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ယောက် ရေးတဲ့ “ဦးနှောက် အကြိတ်အတွက် အဓိပ္ပာယ် ဖော်ပြချက်ရှိလား” ဆိုတဲ့ စာတစ်ခု ဖော်ပြခဲ့တယ်။  ရှရွန် ရဲ့ ဘယ် ဖက်မျက်လုံးရဲ့ အနောက်မှာ အကြိတ်တစ်ခု ရှိတယ် လို့တွေ့ရလို့ (၆) နာရီကြာ ခွဲစိတ်ပြီး ဖယ်ရှားခဲ့ရတယ်။ ကံ ကောင်းထောက်မစွာပဲ အဲဒီ အကြိတ်ဟာ ကြင်နာမှု ကို ရရှိစေခဲ့တယ်။ ဒီလို ထိန့်လန့်စရာ အခြေအနေက အကျိုး ခံစားခွင့်ကို ဖိတ်ခေါ်ပေးခဲ့တယ် ဆိုတာ တွေးကြည့် ဖူးသလား။ ရှာရွန့် အဆိုအရတော့ ကောင်းတာတွေ အများကြီး ဖြစ်ခဲ့တယ်တဲ့။

ဒီ အခြေအနေဆိုးကြီးအတွင်းမှာ သူနဲ့ သူ့မိသားစု အပေါ် ပတ်ဝန်းကျင် အသိုက်အဝန်းက အထူး ဂရုစိုက်မှု နဲ့ ကူညီ ပံ့ပိုးမှုတွေ အများကြီး ပေးခဲ့တယ်။ အဲ့ဒီလို ကူညီခဲ့တဲ့ ထဲမှာ အချို့ သိယုံပဲ သိတဲ့လူတွေက သူ့ ခင်ပွန်း နဲ့  သူတို့ရဲ့ ကလေးတွေ အတွက် ညစာတွေ ပေးပို့ပေးခဲ့ကြတယ်။ သူ့ မိတ်ဆွေတွေ က အိမ်သန့်ရှင်းရေး လုပ်ဖို့ စီစဉ်ပေးခဲ့ကြတယ်။  ရှရွန်က လူတွေဟာ အခြားသူ လိုအပ်နေချိန်မှာ စေတနာနဲ့ ကူညီမှုတွေ ပေးတတ်တယ်ဆိုတာကို ကောင်းကောင်းကြီး လေ့လာ တွေ့ရှိခဲ့ရတယ်။

သူ့ဘဝကို အားအင်အချိနဲ့ဆုံး ရင်ဆိုင်နေရတဲ့ အချိန်မှာ ရှရွန်က သူဟာ အကောင်းမြင်စိတ်သဘောထားတွေပို ရှိလာပြီး၊ ဆေးရုံကုတင်ပေါ်မှာ လဲလှောင်းရင်း စိတ်ကူးမိခဲ့တဲ့ သူ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိ အောင် မြင်ချင်စိတ်တွေ ပြင်းပြ လာခဲ့တယ်လို့ ဆိုတယ်။ နောက်ပြီး သူ့ မောင်တွေ ညီမတွေနဲ့  ပိုမို ရင်းနှီးပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ ဆက်ဆံရေး ရရှိခဲ့တယ်တဲ့။ သူ့အနေနဲ့တော့ ဒီ ကံခေမှုကနေ ဘဝက ဘယ်လောက်အထိ ကောင်းနိုင်တယ် ဆိုတာကို တွေ့မြင် ခဲ့တယ်လို့ ရှရှန်က ရှင်းပြခဲ့ပါတယ်။ သူ့အနေနဲ့ အခုလို အခက်အခဲကို ကြိုးစားကျော်လွှား ခဲ့ရတဲ့ အတွေ့အကြုံကနေ ဘဝရှင်သန်ရတဲ့အပေါ် ကျေနပ်မှု၊ နှစ်သက်လိုလားမှု အသစ်တွေ ကို  ရခဲ့တယ်လို့ ‌ပြောတယ်။

အဖြစ်ဆိုးမှ အောင်မြင်မှုကြီး ဆီသို့

အောင်မြင်မှုကို သွားတဲ့လမ်းမှာ ကံလွဲချော်မှုဆိုတဲ့ အခက်အခဲကိုလည်း ဖြတ်သန်းရတတ်လေ့ရှိတယ်။ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဒေ့ဗ် ဘရူနိုကို မေးကြည့်ပါ။ ၁၉၈၀ ခုနှစ်မှာ ဘရူနိုဟာ ဆေးရုံသုံး ကိရိယာ ကုမ္ပဏီ တစ်ခု ရဲ့ နေရှင်နယ်အရောင်းမန်နေဂျာ ဖြစ်အောင် ကြိုးစားနေခဲ့တယ်။ သူရယ် သူ့ဇနီး မာလင်းရယ် သူ့တို့ရဲ့ ကလေး သုံးယောက်ရယ် မေဝါကီ မြို့ပြင်မှာ ရှိတဲ့ ချစ်စရာ အိမ်လေးမှာနေကြတယ်။ အရာရာဟာ ကောင်းမွန်လျက်ရှိတယ်။ ၁၉၈၄ လည်းကျရော ဘရူနို အလုပ်ပြုတ်သွားပါလေရော။ နောက် လအနည်းငယ်အကြာမှာ  အလုပ်လက်မဲ့ ဘရူနို တစ်ယောက် ညဖက် ကားမောင်းပြီး အိမ်ပြန်အလာမှာ ကားကလမ်းဘေး ထိုးဆင်းသွားပြီး တိုက်မိသွား ပါတော့တယ်။ အဆုတ်ထိခိုက်ပြီး လေဝင်တာ၊ နံရိုးကျိုးတာ၊ နှလုံးကြွက်သား ရောင်ရမ်းတာ၊ သရက်ရွက် ပျက်စီးတာ၊ အသည်းတစ်ရှူး ပျက်စီးတာ အပါအဝင် ဒါဏ်ရာ ဗလပွနဲ့ သူတော်တော် ခံစားခဲ့ရတယ်။

ဆရာဝန်တွေက သူ အသက်ရှင်နိုင်ပါ့မလား သေချာ မသိနိုင်ဘူ။ ဘရူနို ကိုယ်တိုင်လည်း သူ သေတော့မယ်လို့ ထင်ခံတယ်။ အသက်ကယ်ကိရိယာတွေနဲ့ မလှုပ်မယှက် သုံးရက် ထုပ်ပိုးခံထားရပြီးနောက်မှာ သေလုမျောပါး အခြေအနေကနေ အံ့ဩစရာ လွတ်မြောက်လာခဲ့တယ်။ ဘရူနိုက သူ့ကို ဒုတိယ အခွင့်အရေး ပေးခံရတယ်လို့ မှတ်ယူ ခံစားမိလိုက်တယ်။

ဆေးရုံမှာ တဖြည်းဖြည်း သက်သာလာတုန်း သူ့ဘဝကို ဘယ်လိုလုပ်ရမလဲ ဆိုတာ စဉ်းစားနေမိတယ်။ မတော်တဆ မဖြစ်ခင်တုန်းက သူ့ဘဝမှာ များသောအားဖြင့် လုပ်ခဲ့တာက စိတ်ဓာတ်မြှင့်တင်ရေးနဲ့ အားကျ အတုယူစရာ အဆိုအမိန့်တွေကို စုဆောင်းခဲ့တာပါ။ သူလူငယ်ဘဝထဲက အဆိုအမိန့်တွေရဲ့ အံ့ဩစရာ ကောင်းတဲ့ အစွမ်းတွေကို သိခဲ့တယ်။ သူ့အမေက အဆိုအမိန့်တွေကို တစ်အိမ်လုံး အနှံ့၊ ရေခဲသေတ္တာပေါ်မှာကအစ ကပ်ထားတတ်တဲ့ အကျင့်ရှိတယ်။ အဲ့ဒီ အဆိုအမိန့်တွေက သူ့ကို အမြဲ စိတ်တက်ကြွစေသလို သွားရမယ့် လမ်းကိုလည်း လမ်းညွှန်ပေးခဲ့တယ်။

ရုတ်တရက် သူဟာ သူဘာလုပ်ရမယ် ဆိုတာ လျှပ်တပြက် အသိတစ်ခုရလိုက်တယ်။ သူက အဲဒီ အဆို အမိန့်လေးတွေကို သူများနဲ့ မျှဝေတဲ့ အလုပ် စလိုက်မယ်လို့ အကြံရတယ်။ အခြားသူတွေလည်း သူ့လို စိတ်ဓာတ်တက်ကြွ အားကျစရာတွေ ဖြစ်လာအောင်ပေါ့။ ဒါပေမယ့် ဘယ်လိုလုပ် ရမလဲဆိုတာ စိတ်ကူးလို့မရခဲ့ဘူး။

ဒါနဲ့ သူဆေးရုံက ဆင်းတဲ့အခါကျတော့ ပို ‌ခြောက်ခြားစရာ သတင်းတစ်ခု ရခဲ့တယ်။ အဆမတန်များ ပြားတဲ့ ဆေးရုံတက်ကုသစရိတ်ရယ်၊ အလုပ်ပြန်မလုပ်နိုင်သေးတဲ့ အခြေအနေရယ် ‌ပေါင်းလိုက်တော့ ဘရူနို အနေနဲ့ ဒေဝါလီ ခံရကိန်း ဆိုက်လာတာပါပဲ။ သူနဲ့ သူ့မိသားစုဟာ သူတို့ရဲ့အိမ်ကို ဆုံးရှုံးလိုက်ရပြီး၊ အလွန်ကျဉ်းကြပ်တဲ့ တိုက်ခန်းလေးမှာ ပြောင်းနေခဲ့ကြရတယ်။

ဒီအထိ ဘရူနိုက သူ့ စိတ်ကူးအိပ်မက်ကို မစွန့်လွှတ်သေးပါဘူး။ သူက အကောင်းမြင်စိတ်နဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရှေ့ဆက်လုပ်ခဲ့တယ်။ နောက်ထပ် နှစ်အနည်းငယ် ကြာတဲ့ အခါ သူ့အနေနဲ့ မားကက်တင်းနဲ့ ပုံနှိပ်တာကို လေ့လာခွင့် ရတဲ့ အလုပ်တစ်ခု ရရှိခဲ့တယ်။ သူက သူ့ အဆိုအမိန့်တွေကို သယ်ယူပို့ဆောင်ပေးမယ့် ယာဉ်တစ်မျိုးမျိုးကို အမြဲတွေးဆ ရှာဖွေနေခဲ့တယ်။

တစ်နေ့မှာ စိတ်ကူးတစ်ခုက သူ့ကို အုတ်ပုံကြီးနဲ့ ခလုတ်တိုက်မိလိုက်သလို ဝင်တိုက်ခဲ့တယ်- အဆိုအမိန့် တွေကို ခရက်ဒစ်ကဒ်လို ကဒ်မျိုးမှာ ပုံနှိပ်လို့ရတာပဲ။ အဲ့ဒီနေ့ ညနေမှာပဲ သူတီဗွီထိုင်ကြည့်နေတုန်း ခရက်ဒစ်ကဒ် ကုမ္ပဏီရဲ့  “Gold Card” ကြော်ငြာကို တွေ့လိုက်ရတယ်။ ပိုကောင်းတာပေါ့ လို့ သူတွေးလိုက်တယ်။ ရွှေရောင် သတ္ထုကဒ် ပေါ်မှာ အဆိုအမိန့်တွေကို ပုံနှိပ်မယ်၊ ဒါဆို လူတွေ သူတို့နဲ့ ကိုယ်နဲ့မကွာ ဆောင်သွားလို့ရမယ်။ ဒါနဲ့ သူ က စိတ်နေသဘောထား၊ ခေါင်းဆောင်မှု၊ လုံ့လဝီရိယ၊ သတ္တိ စတဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့  အဆိုအမိန့် တစ်ချို့ကို စဖန်တီးတော့တယ်။ သူက အဲ့ဒီ ကဒ်တွေကို “ရွှေရောင် အောင်မြင်မှုကဒ်” လို့ နာမည် ပေးခဲ့တယ်။

ဆေးရုံက ဆင်းပြီး နောက် ငါးနှစ် အကြာမှာ ဒေ့ဗ် ဘရူနို က သူ့ ပထမဆုံး “ရွှေရောင် အောင်မြင်မှု ကဒ်” ကို စတင်ရောင်းချနိုင်ခဲ့တယ်။ နောက်ဝမ်းသာ စရာ သတင်းတစ်ခု ပြောပြချင်တာကတော့ သူအခုဆိုရင် အဲ့ဒီ ကဒ် ပေါင်း နှစ်သန်းကျော် ရောင်းချ ပြီးခဲ့ပြီ ဆိုတာပါဘဲ။ ဒေ့ဗ် ဘရူနိုက ကြေကွဲစရာ မတော်တဆ ထိခိုက်မှုကနေ မယုံ နိုင်စရာကောင်းတဲ့ အောင်မြင်မှု ကြီး အဖြစ်ပြောင်းလဲ နိုင်ခဲ့ပါတယ်။

ဂျက်ဖ်ကီလာ ဆက်လက်ဖော်ပြထားတာက အဲ့လို အဆိုးထဲက အကောင်းအဖြစ်တွေဟာ ကံဆိုးမိုးမှောင်ကျတဲ့ မတော်တဆထိခိုက်မှုတွေ၊ နာမကျန်းမှုတွေမှာပဲ ဖြစ်တတ်တယ်လို့ မယူဆစေချင်ပဲ စီးပွားရေးလုပ်ငန်း လုပ်ရာမှာလည်း အဲဒီလို ကံကြမ္မာရဲ့ ကျီစယ်မှု (ကံကြမ္မာရဲ့ စမ်းသပ်မှု လို့ပဲ ပြောရမလား) ဖြစ်တတ်တယ်၊ အဲဒါ က ဘာနဲ့တူသလဲဆိုတော့ “ရုပ်ဖျက်ထားတဲ့ ကံကောင်းခြင်း” ပါတဲ့။ ဂျက်ဖ်ကီလာက သူ Attitude is Everything  ကို စတင် ဈေးကွက်တင်ရာမှာ ဖြစ်ခဲ့တဲ့ သူ့ကိုယ်တွေ့ ဖြစ်ရပ်လေးကို ပြောပြထားတာ စိတ်ဝင်စားစရာပါပဲ။

စီးပွားလုပ်ငန်း နဲ့ပတ်သက်ပြီး စိတ်ညစ်ရခြင်းဟာ ရုပ်ဖျက်ထားတဲ့  ကံကောင်းခြင်းဖြစ်တယ်။

ဒီ အခြေခံ စည်းမျဉ်းက ကံဆိုးမိုးမှောင် ကျတဲ့ ဖြစ်ရပ်တွေအတွက်ပဲ မှန်ကန်တယ် လို့ သင့်ကို မယူဆ စေချင်ဘူး။ ဘာလို့လဲ ဆိုတော့ အမှန်တရားနဲ့ ဘယ်အရာမှ မကင်းဝေး နိုင်လို့ပါပဲ။ ဒီအယူအဆအပေါ် ကျွန်တော့် ရဲ့ ယုံကြည်မှုကို ထောက်ခံပေးမယ့် စီးပွားရေးဖြစ်ရပ် နမူနာတစ်ခုကို ပြောပြချင်ပါတယ်။ ၁၉၉၁ ခုနှစ် မတ်လ၊ ပင်ပင်ပန်းပန်းရှာဖွေပြီးတဲ့ နောက်မှာ ကျွန်တော်က ကုမ္ပဏီ တစ်ခုကို ကျွန်တော့်ရဲ့ “Attitude is Everything” တီရှပ်တွေကို ပိုးဇာဘောင်နဲ့ ရိုက်ပေးဖို့ ရွေးချယ်ခဲ့ ပါတယ်။

ဇွန်လကုန်ပိုင်းလောက်လည်းရောက်ရော ကျွန်တော်က မြို့တွင်းမှာ ရော နိုင်ငံ အဝှမ်းမှာရော ကြော်ငြာ လှုံ့ဆော်ရေး တစ်ခုလုပ်မယ်လို့ ကိုယ့်ကိုယ်ကို ကတိကဝတ်ပြုခဲ့ပါတယ်။  ဂျူလိုင် လဆန်းပိုင်းလည်း ရောက်ရော ပြဿနာကြီးကြီး တစ်ခုတက် ပါလေရော။ အော်ဒါမှာတာတွေကို နှစ်ပတ်နဲ့ အပြီး လုပ်ပေးပါမယ်လို့ (နဂိုတုန်းက ကတိပေးထားတယ်) ဆိုတဲ့ အစား ငါးပတ်ကျော်ကျော် ကြာမှ ပြီးနိုင်မယ်လို့ အဲ့ဒီ ပိုးဇာဘောင် ပုံနှိပ်တဲ့ ကုမ္ပဏီက ပြောလာတယ်။ ဘယ်လိုမှ လက်သင့်မခံနိုင်တဲ့ အခြေအနေမို့လို့ နောက်ထပ် ပိုးဇာဘောင် ပုံနှိပ်ပေးမယ့် သူကို ရှာမယ်လို့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်တယ်။ ဒါပေမယ့် ကျွန်တော်က နဂို ပုံနှိပ်သူနဲ့ ပြောထားတဲ့ အပေါ်မူတည်ပြီး ဈေးနဲ့ ပစ္စည်းရမယ့်နေ့ကို သတ်မှတ်ထားတာ၊ ဆိုတော့ ဒါက အဓိက ပြဿနာတစ်ခုဖြစ်နေတယ် မဟုတ်ပါလား။ တကယ်လို့သာ နဂိုပြောထားတဲ့သူရဲ့ ဈေး၊ အရည်အသွေး နဲ့ ပစ္စည်း ရမယ့်ရက်တွေ အတိုင်း နောက်ကုမ္ပဏီက နီးနီးစပ်စပ်မလုပ်ပေးနိုင်ရင် ဘာတွေဖြစ်ကုန်မလဲ။

စိတ်ဓာတ်ကျပြီး ကိုယ့်ရဲ့  ညံ့ဖျင်းလွန်းတဲ့ ကံကို ထိုင်ကျိန်ဆဲ နေမယ့်အစား ကျွန်တော်ချက်ချင်းပဲ အပြင် ထွက်ပြီး ပိုကောင်းမယ့် နောက်ထပ် ပုံနှိပ်ပေးမယ့်သူကိုရှာခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာပဲ ကျွန်တော်လိုချင်နေ တဲ့ ပုံနှိပ်သူကို တွေ့ခဲ့တယ်။ အခုဆိုရင် အော်ဒါတင်ပြီး နှစ်ပတ်ကနေ ငါးပတ်နေမှ ပစ္စည်း ရမယ့်အစား နှစ်ရက်က နေ လေးရက်အတွင်း ရရှိမှာ ဖြစ်ပါတယ်။ ရှစ်နှစ်ကြာပြီးတဲ့ နောက်မှာတောင် ကျွန်တော် ဒီ ပုံနှိပ်သူနဲ့ ဆက်ပြီး လက်တွဲ အလုပ်လုပ်နေဆဲ ရှိပါသေးတယ်။

ပထမ ပုံနှိပ်သူနဲ့ လက်တွဲဖြုတ်လိုက်ရတာဟာ ဖြစ်သင့်တာကို အကောင်းဆုံး ဖြစ်ခဲ့ရတာပါ။ အင်းပေ့ါ လေ အဲ့ဒီတုန်းကတော့ မသိခဲ့ဘူးပေါ့၊ ဒါပေမယ့် ဒီ အဖြစ်ဆိုးကို ကိုယ့် အခွင့်အလမ်းဖြစ်အောင် လုပ်ယူနိုင်လိမ့်မယ်လို့ (အဲ့ဒီတုန်းက) ကိုယ့်ကိုယ်ကို ယုံကြည်နေခဲ့တယ်၊ ယုံကြည်တဲ့ အတိုင်းလည်း လုပ်နိုင်ခဲ့တယ်။ ဒီ အတွေ့ အကြုံမျိုးက ကျွန်တော့်ကို သင်ပေးလိုက်တဲ့ သင်ခန်းစာ ကတော့ တံခါးတစ်ပေါက်ပိတ်သွားရင် ပိုကောင်းတဲ့ နောက်ထပ်တစ်ပေါက်က သင့်အတွက် ဖွင့်လှစ်ပေးဖို့ အမြဲ အသင့်စောင့်နေတယ် ဆိုတာပါပဲ။

 

                          သက်ထွန်း (သျှမ်း)