【 ဆောင်းပါး 】ဖုကုအိုက အာရှဓလေ့ဆုရ မြန်မာပညာရှင် နှစ်ဦး

【 ဆောင်းပါး 】ဖုကုအိုက အာရှဓလေ့ဆုရ  မြန်မာပညာရှင် နှစ်ဦး

မျက်မှောက်ကာလ ကမ္ဘာတွင် ဂျပန်သည် ချမ်းသာကြွယ်ဝဖွံ့ဖြိုးတိုးတက်ပြီးသော စက်မှုနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်၌ ထည်ဝါဝင်ဆန့်လျက်ရှိပါသည်။ ဒုတိယကမ္ဘာစစ်တွင် ဖက်ဆစ်ဝါဒကို သူတပါးနိုင်ငံများ အပေါ်ကျင့်သုံးခဲ့ပြီး၊ စစ်ရှုံးခဲ့သော ဂျပန်သည် ပြာပုံဘဝမှ လူလူသူသူ ဘဝရောက်အောင် တစ်မျိုးသားလုံးကုန်းရုန်းကြိုးစားခဲ့ကြ၏။

ယနေ့ ဂျပန်သည် နိုင်ငံရေး စီးပွားရေး တည်ငြိမ်ပြီး အလှူရှင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်လာခြင်း၏ ရည်ရွယ်ချက် တစ်စိတ်တစ်ဒေသကားအတိတ်၏ နာမည်ဆိုးများနှင့် ချိန်ခွင်လျှာပြန်ညှိခြင်း ပါဝင် သည်ဟု ခန့်မှန်းရပေသည်။ အကယ်စင်စစ် လူမျိုးစွဲဝါဒ ကြီးမားပြင်းထန်သော နိုင်ငံများတွင် ဂျပန်လည်းပါဝင်၏။ တစ်ချိန်က ဂျပန်တို့သည် သူတို့ကိုယ်သူတို့ နေမျိုးနွယ်များဟု ကမ္ဘာသိ ထုတ်ဖော်ဝံ့ကြွားခဲ့ကြသည်။ ယခုမူ ယဉ်ကျေးမှုမျက်နှာစာအရ ထိုးဖောက်ကာ ဂျပန်သည် အတ္တစွဲကြီးသော မျက်ကန်းမျိုးချစ်များမဟုတ်ကြောင်း အသံတိတ် ငြင်းဆိုနေကြပြန်၏။

ဂျပန်လူမျိုး၊ ဂျပန်နိုင်ငံကို ကျော်၍ အာရှတိုက်နှင့် အာရှတိုက်သားများကို ပွဲထုတ်ကာ ကမ္ဘာ့အလယ်သို့ ပွဲလယ်တင့်သူ အာရှတိုက်သားများအဖြစ် ကမ္ဘာနှင့်အဝန်း သိကြစေရန်၊ ကြိုးစားလုပ်ဆောင်ကြပြန်သည်။ ဤကား “ ဖုကုအိုက အာရှဓလေ့ဆု” ( Fukuoka Asia Cutural Prize) ကို ၁၉၉၀ ပြည့်နှစ်က စ၍ ယနေ့ထိတိုင် တီထွင်ချီးမြှင့်ခဲ့ခြင်းပေတည်း။

ဖုကုအိုကမြို့သည် ဂျပန်နိုင်ငံရှိ ကျွန်းလေးကျွန်းအနက် တောင်ဘက်အကျဆုံး ကျူးရှူးကျွန်း၏ အနောက်မြောက်ဘက်တွင် တည်ရှိသော ပင်လယ်ဆိပ်ကမ်းမြို့ကြီး တစ်မြို့ဖြစ်ပါသည်။ ပင်လယ်တံခါးဝတွင် တည်ရှိသဖြင့် အာရှနိုင်ငံများ၏ ဓလေ့ထုံးစံများ ကူးလူးပေါင်းဆုံရာ ဗဟိုဌာနလည်းဖြစ်ပါသည်။ ဖုကုအိုကမြို့ခံများသည် ရှေးပဝေသဏီကပင် နိုင်ငံခြားသား ဧည့်သည်များအပေါ် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံလျက် ဧည့်ဝတ်ပျူငှာသူများအဖြစ် နာမည်ကျော်ခဲ့ကြပေသည်။

ဖုကုအိုကမြို့နှင့် အာရှတစ်ခွင်ရှိ နိုင်ငံများ ရှေးအစဉ်အဆက်က ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခဲ့ပုံများကို ၁၉၈၉ ခုနှစ်တွင် ဖုကုအိုကမြို့တော်စည်ပင်သာယာ တည်ထောင်သည့် နှစ်တစ်ရာပြည့်ပွဲတော် အထိမ်း အမှတ်အဖြစ်၊ ယောကတော့ပိယ ( Yokatopia) ဟု အများက ခေါ်ဝေါ်ကြသော အာရှ ပစိဖိတ် ကုန်စည်ပြပွဲကြီး ကျင်းပပြီး၊ ပြန်လည်ဖော်ထုတ်ခဲ့ပေသည်။ ထိုပြပွဲသို့ နိုင်ငံပေါင်း (၃၇) နိုင်ငံ လာရောက်ခဲ့ကြပြီး အထူးစည်ကား အောင်မြင်ခဲ့သည် ဆို၏။

၁၉၉၀ ပြည့်နှစ်တွင်မူ၊ ဖုကုအိုက စည်ပင်သာယာနှင့် ယောကတော့ပိယ ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး “  ဖုကုအိုက အာရှဓလေ့ဆု” များကို သက်ဆိုင်ရာ ပညာရပ်များတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြသော ပညာရှင်များနှင့် သဘင်ပညာရှင်များကို ရွေးချယ်ဆုချီးမြှင့်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ အာရှ၏ ထူးခြားသော ဓလေ့ထုံးစံမျိုးစုံ ရှိနေသည်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဆက်လက်ရှင်သန်တိုးပွားစေရန် ဆောင်ရွက်နိုင်စွမ်း ရှိသော လူပုဂ္ဂိုလ်တစ်ဦးချင်းကို ဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ၊ ရွေးချယ်ဆုချီးမြှင့်ခြင်းဖြစ်ပေသည်။

ဆုရွေးချယ်နည်းစနစ်မှာ နှစ်စဉ် ဆုရရှိထိုက်သူများ၏ အမည်ကို သတ်မှတ်ထားသော ပုံစံအရ နာမည် ပေးပို့ခွင့် ရထားသူများက အောက်တိုဘာလ မကုန်မီ ဆုရွေးချယ်ရေးအဖွဲ့သို့ ပေးပို့ရသည်။ ဆုရရှိသူ စာရင်းကို နောက်နှစ်ဇွန်လကုန်တွင် ထုတ်ပြန်ကြေညာပေးပြီး၊ ဆုရွေးချယ်ရေးကော်မတီဝင်တချို့က ဆုရရှိသူ နေထိုင်ရာ မြို့တွင် ဇူလိုင်လ( သို့မဟုတ်) ဩဂုတ်လဆန်းတွင် ဆုရပုဂ္ဂိုလ်အား ဆုပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည့်ပွဲ ပြုလုပ်ပါသည်။ ဆုပေးအပ်ပွဲကိုမူ စက်တင်ဘာလလယ်တွင် ဖုကုအိုကမြို့၌သာ ကျင်းပပေးအပ် လေ့ရှိပါသည်။

ပေးအပ်ချီးမြှင့်သော ဆုများမှာ အထူးဆု( Grand Prize) ၊ ပညာရေးကဏ္ဍဆု( Academic Prize) ၊ အနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍဆု ( Arts and Cultural) တို့ဖြစ်ကြပါသည်။ ထိုဆုများအား အာရှတိုက်သား များကို သာ ရွေးချယ်ချီးမြှင့်ပါသည်။

၂၀၀၀ ပြည့်နှစ် (၁၁) ကြိမ်မြောက် ဖုကုအိုက အာရှဓလေ့ဆု ( ပညာရှင်ကဏ္ဍ) ကို၊ မြန်မာ့သမိုင်း ပညာရှင် ဒေါက်တာသန်းထွန်းအား ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆရာကြီးသည် ဂျပန်တော်လှန်ရေးတွင် ပါဝင် ဆောင်ရွက်ခဲ့သူဖြစ်ပြီး၊ လွတ်လပ်ရေးရပြီးနောက်၊ ရန်ကုန်တက္ကသိုလ်သမိုင်းဌာနတွင် ဆရာအဖြစ် အမှုထမ်းရင်း၊ ပညာဆက်လက်သင်ယူခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၄၈ ခုနှစ်မှ ၁၉၆၅ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ မန္တလေးတက္ကသိုလ်၌ သမိုင်းပါမောက္ခအဖြစ် ၁၉၆၅ ခုနှစ်မှ ၁၉၈၂ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မန္တလေးတက္ကသိုလ်မှ အငြိမ်းစားယူပြီးနောက်ပိုင်း ဂျပန်နိုင်ငံ တိုကျိုနိုင်ငံခြားဘာသာသင် တက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ထို့နောက် အမေရိကန်နိုင်ငံ အီလီနွိုက် တက္ကသိုလ်နှင့် မီချီဂန် တက္ကသိုလ်များတွင် သမိုင်းပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးနောက်၊ ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့၌ မြန်မာစာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရပြီး၊ မြန်မာ - အင်္ဂလိပ် အဘိဓာန်ပြုစုရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုနှစ် စက်တင်ဘာတွင် မြန်မာ့ သမိုင်းကော်မရှင်၌ အချိန်ပြည့်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ဌာန၊ သမိုင်းဌာန နှင့် အရှေ့တိုင်းပညာဌာနများတွင် အချိန်ပိုင်းပါမောက္ခ အဖြစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆရာကြီးအား ဖုကုအိုကဆု ချီးမြှင့်ရခြင်း အကြောင်းကို - 

“ မြန်မာ့သမိုင်းမှာ ဆရာ့ရဲ့ ကြီးမားတဲ့ လုံ့လဝီရိယနဲ့ နယ်ပယ်သစ်ကို တီထွင်ပြီး တိကျပြတ်သားတဲ့နည်းစနစ်နဲ့ သမိုင်းကို ပြန်လည်ဖော်ထုတ်တဲ့ အတွက်ရယ်၊ မြန်မာသမိုင်းလေ့လာရေးနဲ့ အရာရောက်ပုံကို ကမ္ဘာက သိအောင် ထင်ရှားပြသနိုင်တဲ့အတွက်ရယ်တို့ကြောင့်၊ ဖုကုအိုကအာရှဓလေ့ရဲ့ ၂၀၀၀ ပြည့်နှစ် တစ်ဆယ့်တစ်ကြိမ်မြောက် ပညာရှင်ဆုယူတဲ့ ကဝိတစ်ဆူအဖြစ် ရွေးချယ်လိုက်ပါပြီ လို့၊ အကြောင်းကြားနိုင်တာကို ကျွန်တော်တို့ အလွန်ကျေနပ် ဝမ်းမြောက်ပါတယ်” ဟု ဖုကုအိုကမြို့တော်ဝန်နှင့် ယောကတော့ပိယဖောင်ဒေးရှင်း သဘာပတိတို့က စာဖြင့်ရေးသားဖော်ပြခဲ့ပါသည်။

 ၂၀၀၅ ခုနှစ် (၁၆) ကြိမ်မြောက် ဖုကုအိုက အာရှဓလေ့ဆု( ပညာရှင်ကဏ္ဍ)ကို၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက် အငြိမ်းစား စာကြည့်တိုက်မှူး ဆရာကြီးဦးသော်ကောင်းအား၊ ရွေးချယ်ချီးမြှင့်ကြောင်း၊ ဆုရွေးချယ်ရေးအဖွဲ့က ၂၀၀၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင်၊ ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဆရာဦးသော်ကောင်းသည် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် ၁၉၅၉ ခုနှစ်ကစ၍၊ စာကြည့်တိုက်မှူး ဦးသိန်းဟန် ( ဆရာဇော်ဂျီ) ၏ လက်ထောက် ဒုတိယစာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဆရာဇော်ဂျီ အငြိမ်းစားယူသောအခါ ၁၉၆၉ ခုနှစ် မှ ၁၉၉၇ ခုနှစ်အထိ တက္ကသိုလ်များဗဟိုစာကြည့်တိုက် စာကြည့်တိုက်မှူး အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို တက္ကသိုလ်များဗဟိုစာကြည့်တိုက်ဟု အမည်ပြောင်းခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပါသည်။

ဆရာဦးသော်ကောင်းသည် တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင် နေစဉ်မှာပင်၊ ပညာရေးဆိုင်ရာအဖွဲ့အစည်းများ၊ မြန်မာစာအဖွဲ့၊ အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့ စသည်တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။

ဆရာဦးသော်ကောင်းသည် စာကြည့်တိုက်မှူးတာဝန်ထမ်းဆောင်နေစဉ်၊ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် လက်အောက်၌ စာကြည့်တိုက်ပညာဌာနကို အချိန်ပိုင်းဌာနအဖြစ် ဖွင့်လှစ်နိုင်ရန် စတင်ဆောင်ရွက် ခဲ့ပြီး၊ ယင်းဌာန၏ ဌာနမှူးတာဝန်ကိုပါ၊ အငြိမ်းစားယူသည့် ၁၉၉၇ ခုနှစ်အထိ (၂၆) နှစ်တိုင်တိုင် ပူးတွဲတာဝန် ထမ်းဆောင်ခဲ့ပါသည်။

ဒေါက်တာသော်ကောင်းသည် မြန်မာနိုင်ငံနှင့်အာရှတွင် စာကြည့်တိုက်ပညာကို လေ့လာသင်ယူနိုင်စေရန်၊ ဦးစီးဦးဆောင်ပြုခဲ့သူဖြစ်၏။ သူသည် လွန်ခဲ့သော နှစ် ၁၀၀၀ ကျော်က ပေ၊ ပုရပိုက် လက်ရေးစာများကို ပြန်လည်စုဆောင်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ယင်း ပေ၊ ပုရပိုက်များကို လူအများ ကျယ်ကျယ်ပြန့်ပြန့်ဖတ်ရှု နိုင်ရေးတို့ကို၊ အထူးလုံ့လစိုက် ဆောင်ရွက်ခဲ့သူဖြစ်ပေသည်။ ပေ၊ ပုရပိုက်များကို မြန်မာတို့ ဒေသတွင်း သုတေသန ပြုနိုင်ရန်၊ တီထွင်ကြံဆောင် လုပ်ကိုင်ခဲ့သည်။ မြန်မာ့ရိုးရာ အထောက်အထားများ၏ အရေးကြီးတန်ဖိုးရှိမှုကို သိလျက်၊ ထိုပေစာ အထောက်အထားများအား၊ အထူးတလည် ပြုပြင်ထိန်းသိမ်းထားရှိခြင်းသည်၊ အာရှတိုက်တွင် စာကြည့်တိုက်ပညာ လေ့လာသင်ကြားရေအတွက်၊ ဦးစီးဦးဆောင်မှုပြုသူ တစ်ဦးဖြစ်ကြောင်း ဖော်ပြခြင်းပင်ဖြစ်၏။

“ ဒေါက်တာသော်ကောင်းသည် စာကြည့်တိုက်ပညာဌာနကို ရန်ကုန်တက္ကသိုလ်တွင် ၁၉၇၁ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး၊ စာကြည့်တိုက်ပညာရှင်များကို မွေးထုတ်ပြုစုပေးခဲ့သည်။ စာကြည့်တိုက်ပညာ ဒီပလိုမာ ဘွဲ့လွန် သင်တန်းကို ပြည်တွင်း၌ပင် ဖွင့်လှစ်သင်ကြားရေးအတွက် သူသည်အဓိက တာဝန်ယူဆောင်ရွက်ခဲ့သည်။ ထို့ပြင် စာကြည့်တိုက်ပညာရပ်ဆိုင်ရာ စာအုပ်များရေးသားခြင်း၊ မြန်မာ့ယဉ်ကျေးမှု ရိုးရာ ပေ၊ ပုရပိုက်များအား၊ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရေးဆိုင်ရာ သုတေသနစာတမ်းများကို၊ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ရေးသားခြင်းများသည်၊ လူအများအတွက် သက်ဆိုင်ရာပညာရပ်နယ်ပယ်များကို ပိုမိုသိနားလည်စေမှု ဖြစ်ပေါ်စေပါသည်။ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းနှင့် မြန်မာ့ရိုးရာလက်ရေးစာများ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ရာတွင် သူသည် အဓိကအခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။ ပြည်တွင်း၌သာမက ပြည်ပတွင်လည်း တာဝန်များထမ်းဆောင်ခဲ့ရာ၊ ၁၉၈၄ ခုနှစ် နှင့် ၁၉၉၁ ခုနှစ်တို့တွင်၊ ဗြိတိသျှစာကြည့်တိုက်တွင် အကြံပေးစာကြည့်တိုက်မှူးအဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင် စင်ကာပူနိုင်ငံရှိ အရှေ့တောင်အာရှ လေ့လာရေး သုတေသနစာကြည့်တိုက်တွင် အကြံပေးပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ တာဝန်ယူဆောင်ရွက်ခဲ့သည်။ များမကြာမီနှစ်များတွင် ထိုင်း- မြန်မာ ပူးပေါင်း၍ ဇင်းမယ်ရာဇဝင် ပေမူကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားရာတွင် ပါဝင်ပြီး ဘာသာပြန်ရေးသားခဲ့ပါသည်။”

“ မြန်မာနိုင်ငံနှင့် အာရှနိုင်ငံများရှိ ပေ၊ ပုရပိုက်လက်ရေးစာများနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ တခြားပစ္စည်းများကို ပြုပြင်ထိန်းသိမ်းရေးနှင့် ဖတ်ရှုလေ့လာနိုင်ရေးတို့ အတွက် ဒေါက်တာသော်ကောင်းသည် အထက်ဖော်ပြပါအတိုင်း အဓိကအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပေသည်။ မြန်မာလူထုအား တိုင်းရင်းဘာသာစကားဖြင့် သမိုင်းဆိုင်ရာသုတေသနများ ဆောင်ရွက်နိုင်စေရန် လမ်းပြခဲ့ပြီး အာရှ နှင့် ကမ္ဘာသို့ အဖိုးမဖြတ်နိုင်သော ပေစာများအား၊ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်း အရေးကြီးပုံကို ကျယ်ပြန့်စွာ ဖော်ထုတ်ပြသခဲ့ပေသည်။ သူ့အား ဖုကုအိုက ဓလေ့ဆု ( ပညာရှင် ကဏ္ဍ) ကို ချီးမြှင့်ထိုက်လှပါပေသည်။”

ပညာရှင်နှစ်ဦးသည် သူတို့၏ ပညာရပ်များ တိုးတက်ဖွံ့ဖြိုးရှင်သန်ရေးအတွက် သူတို့ဘဝကို မြှုပ်နှံကာ၊ စေတနာဖြူစင်စွာ၊ ဇွဲလုံ့လကြီးမားစွာ၊ စိုက်လိုက်မတ်တတ် ဆောင်ရွက်ခဲ့ကြသူများဖြစ်ပါသည်။ဤပညာရှင်ကြီး နှစ်ဦးအကြောင်း ရေးသားရန် ကျယ်ဝန်းများပြားလှပါသည်။

ဆရာကြီးဒေါက်တာသန်းထွန်းနှင့် ဆရာဦးသော်ကောင်းသည် ပြင်ပတွင် ပြောဆိုပုံ၊ ပြုမူပုံများ ကွဲပြားကြသော်လည်း၊ အတွင်းသန္တာန်တွင် တူညီမှုရှိသူ နှစ်ဦးဖြစ်ပါသည်။ ထိုအချက်ကား သူတို့၏ ပညာရပ်အပေါ် အစဉ်သစ္စာ စောင့်သိခြင်းပင်ဖြစ်ပါသည်။

ဆရာကြီးဒေါက်တာသန်းထွန်းသည် သာမန်သမိုင်းဆရာတို့ ပြုနိုင်ခဲသော “ အမိန့်တော်ပေါင်းချုပ်” ( The Royal Orders of Burma) ၁၀ တွဲ၊ ဖြည့်စွက်တွဲ တစ်တွဲ၊ စုစုပေါင်း (၁၁) တွဲ ပြုစုခဲ့ပါသည်။ The Royal Orders ရေးသားခြင်းကြောင့် လန်ဒန်တက္ကသိုလ်က ဆရာကြီးအား ဒီလစ်ပါရဂူဘွဲ့ကို ၁၉၉၀ ပြည့်နှစ် မတ်လ ၁၅ ရက်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆရာဦးသော်ကောင်းအား ၁၉၉၉ ခုနှစ်တွင် ဩစတေးလျနိုင်ငံ အနောက်ဆစ်ဒနီတက္ကသိုလ်က ( University of Western Sydney) ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ( Doctor of Letters) ( Honoris Causa) D.Litt ဘွဲ့ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ အရှေ့တောင်အာရှမှ ပထမဆုံး ပညာရှင်စာကြည့်တိုက်မှူးအဖြစ် ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပါသည်။

ဆရာကြီးဒေါက်တာသန်းထွန်းသည် သမိုင်းပညာရပ်နှင့် ပတ်သက်လျှင် စိုးရိမ်ကြောက်ရွံ့မှုကင်းစွာ၊ မှန်ကန်စွာ ပြောကြားလုပ်ကိုင်တတ်သူဖြစ်ကြောင်း မကြာခဏ ကြားသိရပါသည်။ဆရာကြီးသည် သမိုင်းပညာအပေါ် သစ္စာစောင့်သိမှု ကြီးမားသူဖြစ်ပါသည်။ ဆရာဦးသော်ကောင်းသည် စာကြည့်တိုက်မှူးတစ်ဦး၏ တာဝန်အရ၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်ရှိ စာအုပ် စာတမ်းများကို ပြည်တွင်းပြည်ပ သုတေသီများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ နှင့် တခြားစာဖတ်သူများ ဖတ်ရှုလေ့လာနိုင်စေရန် ကျယ်ပြန့်ထိရောက်စွာ ဝန်ဆောင်မှုပြုခဲ့ပါသည်။ စာကြည့်တိုက်မှူးတာဝန် ထမ်းဆောင်နေစဉ်အတွင်း လက်ရှိရာထူးထက် မြင့်မားသော ရာထူးများဖြင့် တခြားဌာနများသို့ တိုးမြှင့်တာဝန်ပေးခဲ့သော်လည်း၊ ပိုမိုမြင့်မားသော ထိုရာထူးများကို ငြင်းပယ်ကာ၊ စာကြည့်တိုက်မှူးဘဝကိုသာ စိတ်ရောကိုယ်ပါ တွယ်ဖက်လုပ်ကိုင်ခဲ့ပါသည်။

ဆရာကြီးနှစ်ဦး၏ မျှော်ကိုးမှုကင်းစွာ မိမိတို့၏ ပညာရပ်များအပေါ် တွယ်ဖက်ဆောင်ရွက်ခဲ့ခြင်းသည် အချည်းနှီးမဖြစ်။ ကောင်းမြတ်သော ဖြူစင်သော စိတ်စေတနာများဖြင့် ဆောင်ရွက်ခဲ့မှုတို့သည် အချိန်တန်သောအခါ ထိုက်တန်လှစွာ “ဖုကုအိုက ဓလေ့ဆုရ ပညာရှင်များ” အဖြစ် အာရှစင်မြင့် ကမ္ဘာ့စင်မြင့်ပေါ်တွင် နေရာပေး လေးစားဂုဏ်ပြုမှုကို ခံယူရရှိကြလေသည်။ မြန်မာ့ဂုဏ်ဆောင် ပညာရှင် ဆရာကြီး နှစ်ဦးအား၊ ဦးညွတ် ဂုဏ်ပြုအပ်ပါသည်။

ခင်နှင်းဦး

စာအုပ်လောက ( ဩဂုတ် ၂၀၀၅ )