【 ဆောင်းပါး 】ဖျတ်ခနဲ တွေ့ခဲ့ရတဲ့ ဂန္ဓာလရာဇ် - ၁

【 ဆောင်းပါး 】ဖျတ်ခနဲ တွေ့ခဲ့ရတဲ့ ဂန္ဓာလရာဇ် - ၁

တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ၊ တရုတ် - မြန်မာ နှစ်နိုင်ငံအကြား စာပေအနုပညာ ဖလှယ်ရေး အစီ အစဉ်ဖြင့် မြန်မာစာရေးဆရာကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်သွားရောက်ခွင့်ရမည်ဟု မမျှော်လင့်ဘဲ သိလိုက် ရစဉ်၊ ခေါင်းထဲဦးစွာပြေးဝင်လာသည်က ဂန္ဓလရာဇ်မှတ်တမ်း စာအုပ်ဖြစ်ပါသည်။

၁၉၅၄-၅၅ ဝန်းကျင်တုန်းက ပြည်ထောင်စုသမ္မတမြန်မာ၏နိုင်ငံတော် ဝန်ကြီးချုပ်ဦးနုနှင့်အဖွဲ့ တရုတ် ပြည်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်း ပြန်လည်ရေးသားထားသည့် ချစ်ကြည်ရေးခရီး မှတ်တမ်းစာအုပ် ဖြစ်ပါသည်။ ယခု တရုတ်သို့သွာရောက်ရမည်ဆိုသော်၊ ငယ်စဉ်က ဖခင်၏ စာအုပ်ပုံထဲမှ ဆွဲယူဖတ်ရှုခဲ့ဖူးသည့်၊ ဂန္ဓလရာဇ်မှတ်တမ်းစာအုပ်ကို ဦးစွာသတိရသော်လည်း၊ စာအုပ်ပါစာများအနက် “ပန်းတိုင်းပွင့်ပါစေ” ခေါင်းစဉ် ဖြင့် ရေးသားထားသည့် စာရေးဆရာမကြီးခင်နှင်းယု၏ ဆောင်းပါးတစ်ပုဒ်ကိုသာ ပြန်မှတ်မိပါတော့သည်။

ထိုစဉ်က ဆရာမကြီးခင်နှင်းယုသည် နာမည်ကျော်စာရေးဆရာမဖြစ်နေသော်လည်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ခရီးစဉ်ကို ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ( ယခုအခေါ် ပီအေ) အဖြစ် လိုက်ပါရသဖြင့်၊ ထိုဆောင်း ပါးကို အမည်ရင်း မခင်စုဖြင့် ရေးသားထားပါသည်။ သည်တုန်းက မြန်မာနိုင်ငံတွင် လက်ဝဲဝါဒကို ယုံကြည်သူ ယခုအချိန်ထက် ပိုမိုများပြားနေဆဲ ကာလဖြစ်ပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ အားကောင်းနေချိန် လည်းဖြစ် ပါသည်။ မြန်မာစာပေနယ်ထဲတွင် လက်ဝဲဝါဒီစာရေးဆရာ အများအပြားရှိကြပေရာ၊ ခင်နှင်းယု(မခင်စု)၏ ဆောင်း ပါးကို လက်ဝဲဝါဒ ဆန့်ကျင်ရေးဆောင်းပါးအဖြစ် သတ်မှတ်ကြပါသည်။ အမှန်တကယ်လည်း စာရေးဆရာမ ခင်နှင်းယု ( မခင်စု) သည် လက်ဝဲဝါဒကို ဆန့်ကျင်သူဖြစ်ပါသည်။

ချစ်ကြည်ရေးခရီးမှတ်တမ်းစာအုပ်တွင် သွားရောက်ရသည့် နိုင်ငံကျင့်သုံးနေသော နိုင်ငံရေးဝါဒကို ဆန့် ကျင်ရေးသားရသည်မှာ လွယ်ကူသော အရာမဟုတ်ပေ။ ထို့ကြောင့် ဒေါ်ခင်စု ( ခင်နှင်းယု) က ပါးပါးနပ်နပ် ရေး သားထားပါသည်။ သူ့ဆောင်းပါးကို အကျဉ်းဖော်ပြရသော်၊ တရုတ်ပြည်တွင် ရောက်လေရာရာ အပြာရောင် တစ် ရောင်ပဲ မြင်ရသည်။ ယောကျ်ား၊ မိန်းမ၊ ကလေး အားလုံး အထက် အောက် အပြာရောင်များ ဝတ်ဆင်လျက် သွား လာ အလုပ်လုပ်နေကြသည်။ နှစ်ဘက် အစိုးရအဖွဲ့ဝင်များ တွေ့ဆုံသတင်းစာရှင်းပွဲ၌ တရုတ်သတင်းထောက် များက၊ မေးရိုးမေးစဉ် မေးခွန်းများကိုသာ မေးသည်။ မြန်မာနိုင်ငံမှ သတင်းထောက်များဆိုလျှင် ဝက်ဝက်ကွဲမေး ခွန်းများ မေးကြပေမည်။ မြန်မာနိုင်ငံတွင် ဘယ်သွားသွား အပြာရောင်တစ်ခုတည်းသာမဟုတ်၊ ရောင်စုံမြင်တွေ့ ရသည်။ မြန်မာနိုင်ငံတွင် ရောင်စုံပန်းများ ဖူးပွင့်ကြသည်။ တရုတ်တွင်လည်း ပန်းတိုင်းပွင့်စေချင်ပါသည် စသဖြင့် ရေးသားထားပါသည်။ ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိသည် စာရေးဆရာဖြစ်သည့်အလျောက်၊ ကွန်မြူနစ်ဆိုသော စာတစ်လုံးမျှ မသုံးဘဲ၊ ကွန်မြုနစ်ဝါဒကို ထိုးနှက်ထားပါသည်။

မြန်မာနိုင်ငံသည် ဘဝပေးကုသိုလ်အရ၊ လူဦးရေပေါက်ကွဲနေသည့် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံကြားတွင် တည်ရှိနေရသည့် နိုင်ငံငယ်အနေဖြင့် အိန္ဒိယ တရုတ်တို့နှင့် ဆက်ဆံရေး အဆင်ပြေစေရန်၊ အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ကြရပါသည်။ ဝန်ကြီးချုပ်ဦးနုအစိုးရ လက်ထက်၌ မြန်မာနှင့် တရုတ်အကြား၊ စီးပွားရေး ကွာဟမှုရှိ သည်ဆိုလျှင်ပင်၊ မြန်မာ့စီးပွားရေးသည် ထိုအချိန်က အရှေ့တောင်အာရှတွင် ရှေ့အလားအလာ အရှိဆုံးဟု စီးပွားရေးပညာရှင်များက သတ်မှတ်ခဲ့သည့် ကာလဖြစ်ပါသည်။ တရုတ်အစိုးရကား များပြားလှသော တရုတ် ပြည်သူ တို့၏ စားဝတ်နေရေးအတွက် ကွန်မြူနစ်ဝါဒအောက်တွင် ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်ဖြစ်ပါသည်။

အိမ်နီးချင်းနိုင်ငံတစ်ခုအနေဖြင့် တရုတ်သည် မြန်မာအစိုးရ အဆက်ဆက် သတိထားဆက်ဆံခဲ့ရသော နိုင်ငံဖြစ်ပါသည်။ လွတ်လပ်ရေး ရပြီး မကြာမီ မြန်မာနိုင်ငံသည် တရုတ်ဖြူကျူးကျော်စစ်ကို တွန်းလှန်ခဲ့ရသည်။ ဦးနေဝင်း၏ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်၌ မြန်မာပြည်တွင်းတွင် ရပ်တည်ရန် ခက်ခဲ နေသော ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်ကွန်မြူနစ်ပါတီက အထောက်အပံ့ပေး လက်ခံထားခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် ရပ်နေသူနှင့်တူပြီး၊ တရုတ်ကား မာရသွန်ပြေးနေသူနှင့် တူပေသည်။ လွတ်လပ် ရေး ရပြီး ဖဆပလအစိုးရသည် တရုတ်နှင့် မြန်မာ စီးပွားရေအရ ကွာဟမှု မကွာခြားသော်လည်း၊ ကျွန်မတို့ တရုတ်သို့ သွားရမည့်အချိန် ( ၂၀၁၆) တွင် တရုတ်ကား ကမ္ဘာ့အချမ်းသာဆုံး နံပါတ် - ၂ ဖြစ်နေပြီ စသည့် အတွေးများ အမျှင်တန်းနေမိပါသည်။

၂၀၁၆ နိုဝင်ဘာ ၂၃ တရုတ်သို့မထွက်ခွာမီ ၂၂ ရက်နေ့တွင် စာပေနှင့်အနုပညာ ဖလှယ်ရေးအစီအစဉ်တွင် ပါဝင်သည့် စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာများကို တရုတ်သံရုံးက ညစာတည် ခင်းဧည့်ခံပါသည်။ သည်ပွဲ၌ပင် မြန်မာစာရေးဆရာတို့၏ ခရီးစဉ်နှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍လည်းကောင်း တရုတ်ဘက်က ကောင်းစွာ ပြင်ဆင်ထားကြောင်း၊ အလေးဂရုပြုကြောင်း သိလိုက် ရပါသည်။ တရုတ်သံရုံးဘက်မှ ညစာစားပွဲတက်ရောက်လာသူ ၅ ယောက်အနက် ၃ ယောက်က မြန်မာစကား ပြောတတ်ပါသည်။ တစ်ယောက်က မြန်မာပြည်ဖွား တရုတ် - မြန်မာကပြား မိန်းကလေးဖြစ်ပါသည်။ သူက မြန်မာစာရေးဆရာများ၏ ခရီးစဉ်တစ်လျှောက် အတူလိုက်ပါ တာဝန်ယူပေးမည့် သံရုံးဝန်ထမ်းဖြစ်ပါသည်။ နောက် သံရုံးဝန်ထမ်းတစ်ယောက်ကမူ မြန်မာစကား ကောင်းစွာပြောဆိုနိုင်သော်လည်း တရုတ်သံဝဲနေပါသည်။ တခြားပွဲ တစ်ပွဲရှိသဖြင့် အနည်းငယ်နောက်ကျရောက်လာသော တရုတ်သံရုံး၏ ဒုတိယတာဝန်ခံကား၊ လူမမြင် ရလျှင် မြန်မာတစ်ယောက်က ပြောနေသည်ထင်ရလောက်အောင်၊ မြန်မာသံပီပီသသဖြင့် မြန်မာစကား ပြောနိုင်ပါသည်။ သူ့တွင် မြန်မာအမည်လည်းရှိသည်။ ဦးခင်စိန်။

သူက ရယ်ရွှန်ူပတ်ရွှန်းဖြင့် သူ့အမည်က ဖရင်းရှစ်ဒိုင်းမွန်း ( Friendship Dimond) ဟု အနက်ဖွင့်ပြပါ သည်။ ညစာစားပွဲသို့ ရောက်လာသည့် မြန်မာစာရေးဆရာတစ်ဦးအတွက် ဝိုင်တစ်ခွက်၊ စုစုပေါင်း ဝိုင်ဆယ်ခွက် ကျော်ကို ဂုဏ်ပြုသည့်အနေဖြင့် ရေသောက်သလို သောက်ပြပါသည်။ ထို့နောက် အားလုံးကို သံတမန်စကားအလှ ပြောလျက် အပေါ်ထပ်တွင် နောက်တစ်ပွဲတက်ရဦးမည်ဖြစ်၍ နှုတ်ဆက်ထွက်ခွာပါသည်။

မြန်မာစာရေးဆရာတို့ကို ညစာတည်ခင်းသည့်နေရာကား မြကျွန်းသာထဲတွင်ရှိသည့် ဖို့မွန်လူl ( Fook Mun Lau) စားသောက်ဆိုင်၌ ဖြစ်ပါသည်။ စားသောက်ဆိုင်နာမည်ကို အပြင်ဘက်ရှိ ဆိုင်းဘုတ်တွင် အင်္ဂလိပ်လို ရေးထားသော်လည်း၊ အဆောက်အအုံအတွင်းတွင် တရုတ်ဘာသာတစ်မျိုးတည်းဖြင့် စာလုံးကြီးကြီး ရေးသားထားပါသည်။

စားသောက်ဆိုင်က ကြီးမားခမ်းနားလှပြီး၊ အတွင်း အပြင် အခန်းအားလုံးကို တရုတ်ယဉ်ကျေးမှု အနု ပညာ လက်ရာများဖြင့် ခင်းကျင်းပြင်ဆင်ထားပါသည်။ အဝင်အဝတွင် ထောင်ထားသည့် ကျောက်သင်ပုန်းရှည် ပေါ်၌ ယနေ့လာရောက် စားသောက်ရန် စာရင်းပေးထားသူများနှင့် မွေးနေ့ရှင်၏ အမည်အားလုံးကို တရုတ် ဘာသာဖြင့် ရေးသားထားသည်။

ကျွန်မတို့ကား တရုတ်စတိုင် စားပွဲဝိုင်းပေါ်ရှိ မှန်အဝိုင်းပေါ် တစ်မျိုးပြီးတစ်မျိုးလာချပေးသော ဟင်းလျာ များကို စားသောက်ကြရင်း စာပေအကြောင်း အတိုအစတွေပြောကြရင်း တရုတ်ပြည် ခရီးစဉ်အကြိုကို စတင်ခဲ့ကြ ပါ သည်။ နိုဝင်ဘာ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် အရှေ့တရုတ်လေကြောင်းလိုင်းမှ ( China Eastern Air) လေယာဉ်ဖြင့် ကူမင်းမြို့သို့ စတင်ထွက်ခွာခဲ့ကြပါသည်။ တရုတ်အချိန်က မြန်မာထက် တစ်နာရီ မိနစ်လေးဆယ်ခန့်စောပါသည်။ သို့ဖြင့် ည ၇ နာရီ ( တရုတ်စံတော်ချိန်) တွင် ကူမင်းနိုင်ငံတကာလေဆိပ်သို့ ဆိုက် ရောက်ပါသည်? ကျွန်မလက်မှ နာရီကတော့  ၅ နာရီ မိနစ် ၂၀ ဖြစ်နေပါသည်။ ကူမင်းသည် ယူနန်ပြည်နယ် ၏ မြို့တော်။ တရုတ်ပြည်နယ်တစ်ခု၏ မြို့တော်။ ကူမင်းလေဆိပ်သည် ထိန်ထိန်လင်းနေသော လျှပ်စစ်မီးရောင် အောက်တွင် ခန့်ထည်စွာ ရပ်တည်နေသည်။

လက်ရှိ ရန်ကုန်နိုင်ငံတကာလေဆိပ်ထက် အဆပေါင်းများစွာ ကျယ်ဝန်းပြီး၊ ခေတ်မီသစ်လွင်သန့်ရှင်း သည့် လေဆိပ်ထဲသို့ ကျွန်မတို့အဖွဲ့ရောက်ခဲ့ကြပြီ။ တရုတ်တွင် အိုလံပစ်ပြိုင်ပွဲတုန်းက သုံးသည့် ငှက်သိုက်ပုံ အားကစားရုံနှင့် ခပ်ဆင်ဆင်တူသော လေယာဉ်ကွင်း အတွင်းဒီဇိုင်းကိုကြည့်ပြီး “ တရုတ်က ငှက်သိုက်အတော် ကြိုက်တာပဲ” ဟု ကာတွန်းမောင်မောင်အောင်က မှတ်ချက်ချပါသည်။ လေဆိပ်အပြင်ရောက်သည်နှင့် အအေး လွန်ကဲလှသည့် တရုတ်ဆောင်းက ကြိုဆိုနေပါတော့သည်။

တရုတ်သံရုံးက ကြိုတင်ချိတ်ဆက်ပေးထားသည့် ဧည့်လမ်းညွှန်တရုတ်ကလေး လာကြိုသည့်ကားဖြင့် လိုက်ပါခဲ့ကြပါသည်။ ကားပေါ်တွင် အချိန်နှင့် အပူချိန်တို့ကို တစ်လှည့်စီ ပြပေးနေသည်။ အပူချိန် ၁၆ ဒီဂရီစင် တီဂရိတ်ဟု ပြနေရာမှ ၁၀ မိနစ်အတွင်း ၁၃ ဒီဂရီဖြစ်သွားသည်။ ညီညာပြန့်ပြူးသော လမ်းမပေါ်တွင် ကားများ မပိတ်ကျပ်ဘဲ စနစ်တကျ မောင်းနှင်နေကြသည်။ လမ်းမီးများက လင်းထိန်နေပြီး ကား၊ စက်ဘီး၊ ဆိုင်ကယ် လမ်း များ ခွဲပေးထားသည်။ မည့်သည့်ကားမျှ ဟွန်းမတီး။ တစ်ကားနှင့် တစ်ကား ကျော်မတက်။ လမ်းပေါ်တွင် အမှိုက် တစ်စ မရှိ။ ခေတ်မီ အထပ်မြင့် အဆောက်အအုံများစွာကို တွေ့မြင်ရသည်။ မည်သည့် အဆောက်အအုံဖြစ်စေ၊ ထိပ်တွင် တရုတ်စာလုံးကြီးများဖြင့်ရေးသားထားပြီး၊ တချို့အဆောက်အအုံများတွင် ဘေး၌ အင်္ဂလိပ်စာလုံးကို ပူးတွဲရေးသားထားသည်။ အများစုက တရုတ်စာများသာ။

တရုတ်စံတော်ချိန် ၈ နာရီ မရှိ တရှိအချိန်သည် မြန်မာစံတော်ချိန် ညနေ ၆ နာရီကျော်ဖြစ်သည်။ သည် အချိန် မြန်မာတို့၏ ပုံရိပ်ကို မြင်ယောင်လာသည်။ မညီမညာလမ်းများပေါ်တွင် ပိတ်ဆို့ ကျပ်ညပ်မောင်းနေ မည့် ကားများ၊ တပွမ်ပွမ်တီးသည့် ဟွန်းသံများ၊ တစ်ကားကို တစ်ကားကျော်တက်၊ လမ်းလုရင်း ဆဲဆိုသံများ ညံနေချိန် ပေတည်း။ သက်ပြင်းကြိတ်ချမိချိန်တွင် ကားက ဟိုတယ်ရှေ့၌ ရပ်လိုက်သည်။

ကူမင်း စိမ်းလဲ့ကန်သာဟိုတယ်တွင် နေရာချပေးသည်။ ဟိုတယ်အမည်ကို တရုတ်ဘာသာဖြင့် စာလုံးကြီး ကြီး ရေးပြီးမှ အောက်ဘက်တွင် အင်္ဂလိပ်ဘာသာဖြင့် ( Kumming Green Lake Hotel) ဟု ရေးသားထားသည်။ ဟိုတယ်သည် ကြီးမားကျယ်ဝန်းလှပြီး ကြယ်ငါးပွင့်အဆင့်ဖြစ်သည်။ အခန်းထဲတွင် လူတစ်ယောက်အတွက် လို လေသေးမရှိ သုံးစွဲရန်ပစ္စည်းများကို ပြည့်စုံစွာထည့်ပေးထားသည်။

အဝတ်အစားသိမ်းဆည်းရန် ဗီရို၊ အလှပြင်ရန် မှန်တင်ခုံ၊ စာရေးစားပွဲ နှင့် ကုလားထိုင်၊ အနားယူရန် ဆက်တီကုလားထိုင်နှင့် ခြေတင်ခုံ၊ ခုတင်နံဘေးတွင် ဟိုတယ်တွင်း ဆက်သွယ်ရန် တယ်လီဖုန်းတင်ထားသည့် စားပွဲပေါ်၌ စားပွဲတင်နာရီတစ်လုံးလည်း ရှိနေသည်။ နာရီက ညအမှောင်တွင် ကိုင်လိုက်သည်နှင့် မီးလင်း သည့်နာရီဖြစ်သည်။ ပေါင်ချိန်စက်၊ အရေးပေါ် အသက်ရှူရန် အေက်ဆီဂျင်ဘူးနှင့်ပိုက်၊ တီဗီ၊ ရေနွေးတည်ရန် လျှပ်စစ်အိုး၊ စားသောက်စရာ ကော်ဖီမစ်၊ တီးမစ်၊ အအေးဘူး၊ အဖျော်ယမကာရည်ပုလင်းနှင့် ဘီယာဘူးများ ထည့်သိုပေးထားသည့် ကြောင်အိမ်ငယ် စသည့် ပရိဘောဂအားလုံးကို သစ်အကောင်းစားများနှင့် လက်ရာသေသပ် စွာ ပြုလုပ်ထားသည်။ ဒါ ငါတို့ဆီက သစ်တွေပဲ ဆိုသည့် အတွေးဝင်လာပြန်သည်။

( ဆက်လက်ဖော်ပြပါမည်)

ခင်နှင်းဦး