【 ဆောင်းပါး 】ဗမာ၊ပုဂံနဲ့ အနော်ရထာ

【 ဆောင်းပါး 】ဗမာ၊ပုဂံနဲ့ အနော်ရထာ

ဆရာကြီးဒေါက်တာသန်းထွန်းက သမိုင်းကို အထောက်အထားတွေ့ရှိချက်အတိုင်း၊မြင်တဲ့အတိုင်း ရေးဖို့ ကိုယ့်လူမျိုးမို့  မကောင်းတာကိုဖော့ရေးပြီး ကောင်းတာတွေကို ပင့်ရေးတာတွေမလုပ်ရဘူးလို့ဆိုတယ်။ အဲဒါဟာ သမိုင်းဆရာတွေ ခါးဝတ်ပုဆိုးပမာမြဲမြံရမယ့်ကျင့်ဝတ်။

ဒါပေမဲ့၊ကျနော်တို့ သင်အံခဲ့ရတဲ့ကျောင်း ပြဋ္ဌာန်းစာအုပ်ထဲက သမိုင်းပို့ချချက်တွေက ဖြစ်စဉ်အမှန်နဲ့ တက်တက်စင်လွဲနေတာကို ဒေါက်တာသန်းထွန်းစာအုပ်တွေ ဖတ်မိတဲ့အချိန်ကျမှ ပါးစပ်အဟောင်းသားနဲ့သိခဲ့ရတယ်။

ဘာ့ကြောင့်တက်တက်စင်အလွဲတွေနဲ့ စိတ်ကူးယဉ်သမိုင်းတွေ ရေးသားခဲ့ကြတာလဲလို့ ဉာဏ်မီသလောက် ထောက်စမ်းကြည့်တော့ အာဏာရှိသူကို မြှောက်ပင့်ချင်တဲ့ရောဂါနဲ့ လူမျိုးကြီးဝါဒအစွဲကြီးမှုကြောင့်လို့ နားလည်မိတယ်။

ဥပမာ-မြန်မာရာဇဝင်ထဲက ဘုရင်တွေနဲ့ပတ်သက်ပြီးရေးခဲ့တဲ့သမိုင်းတွေကို ပြန်ကြည့်ရင် သာမန်လူတွေထက် များစွာထူးကဲနေတဲ့ တန်ခိုးရှင်ပမာ အမွှမ်းတင်ရေးသားလေ့ရှိတယ်။ဘုရင်ဖြစ်တယ်ဆိုတာ မွေးကတည်းကပါလာတဲ့ ကံအကြောင်းတင်မက ဘုန်းတန်ခိုးကြီးမှုကြောင့်လို့ ဆိုတယ်။သာမန်ပြည်သူတစ်ဦးဟာ ရှင်ဘုရင်မဖြစ်နိုင်ပေမဲ့ ဉာဏ်ရည်ရောလက်ရုံးပါပြည့်စုံသူတွေအတွက် ရှင်ဘုရင်ဖြစ်နိုင်ကြောင်း ကျန်စစ်သားတို့လို ဦးအောင်ဇေယျတို့လိုဘုရင်မျိုးက သက်သေခံခဲ့ပြီးဖြစ်တယ်။

အဲဒီလို မင်းမျိုးမဟုတ်ဘဲ ဘုရင်ဖြစ်လာသူတွေကိုကျတော့လည်း ကျန်စစ်သားဆိုတာ ဘယ်လိုသတ်သတ်မသေခဲ့တဲ့ဘုန်းတန်ခိုး အလိုလိုရှိနေသူလို၊ဦးအောင်ဇေယျ လက်ရုံး မီးထတောက်တယ်ဆိုတာတွေနဲ့ စိတ်ကူးယဉ်သမိုင်းပုံပြင်တွေ တီထွင်ထုတ်လုပ်ခဲ့ကြပြန်တယ်။

အနော်ရထာဘုရင်လို့ဆိုကြတဲ့ အနုရုဒ္ဓဘုရင်အကြောင်းရေးသားချက်တွေကိုကြည့်ရင်လည်း သူ့ရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ပင် ဆင်ယင်ခဲ့ကြတယ်။ပုဂံဆိုတာ ဗမာလူမျိုး တို့ရဲ့ မြန်မာနိုင်ငံတွင်း ပထမဆုံးအခိုင်အမာတည်ဆောက်ပြနိုင်ခဲ့တဲ့အောင်မြေဖြစ်သလို အဲဒီအောင်မြေကို အနုရုဒ္ဓဘုရင်လက်ထက်မှာ အခမ်းနားဆုံးတည်ဆောက်နိုင်ခဲ့တာ ငြင်းလို့မရတဲ့ တကယ့်အဖြစ်မှန်ပါပဲ။ပုဂံဆိုတာ မြန်မာမှာဗမာတွေ အခမ်းနားဆုံး တည်ထောင်နိုင်ခဲ့တဲ့ ပြည်ထောင်စုဆိုတာလည်း သေချာပါတယ်။

ဒါပေမဲ့၊သမိုင်းဆရာတို့က ပုဂံနဲ့ဗမာကို ရှိရင်းစွဲထက် ပိုကြီးကျယ်စေချင်တော့ စိတ်ကူးယဉ်ချက် အမျိုးမျိုးနဲ့ ခြယ်မှုန်းတော့တယ်။ဘယ်လို တွေခြယ်မှုန်းခဲ့သလဲဆိုတော့ မြန်မာနိုင်ငံမှာ ဗမာဟာ အရာရာ ပထမပုံစံမျိုး ပုံဖော်ခြင်းပါပဲ။

ဦးစွာ ပထမလုပ်လိုက်တာက မြန်မာနိုင်ငံကို ဗမာတွေကသာ ဦးစွာပထမ ရောက်ရှိလာသယောင်ဆို လိုက်ခြင်းပါပဲ။ပြီးတော့ ပုဂံဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးပြည်ထောင်စုအဖြစ်ပုံဖော်ခဲ့ပြန်ပါတယ်။အဲဒီလို လုပ်နိုင်ဖို့ရာ မြန်မာနိုင်ငံရဲ့ အမှန်တကယ်ပထမပြည်ထောင်စုဖြစ်ခဲ့တဲ့ ပျူလူမျိုးတွေရဲ့ သရေခေတ္တရာကို မှေးမှိန် ပစ်လိုက်တယ်။ပျူလူမျိုးတွေဟာ ပုဂံထက် နှစ်ပေါင်း၅၀၀ကျော်စောပြီး မြန်မာမှာပျူတွေဟာ ပျူစာ၊ ပျူယဉ်ကျေးမှု၊ကိုးကွယ်ရာဘာသာတရား၊နိုင်ငံခြားဆက်ဆံရေး၊နယ်မြေပိုင်စိုးမှုအကျယ်အပြန့် စတဲ့ ပြည်ထောင်စု အင်္ဂါရပ်နဲ့ကိုက်ညီစွာကြီးကျယ်ခမ်းနားခဲ့ကြပေမဲ့ ဗမာကိုပထမလုပ်ချင်တဲ့လူမျိုးကြီးဝါဒအရ ပျူနိုင်ငံတော်ကြီးကိုမရမက မှိန်ဖျော့လိုက်ကြတယ်။ဒီနေ့ထိတိုင် ပျူတို့ရဲ့ကြီးကျယ်ခမ်းနားခဲ့မှုကို မမြင်ချင်ယောင်ဆောင်ကာ ဗမာလူမျိုးကြီးအစွဲ နဲ့ ပုဂံကိုသာ ပထမပြည်ထောင်စု လုပ်နေကြတုန်းပါပဲ။

ဆိုတော့ ဗမာဆိုတာကို အခိုင်အမာတည်ဆောက်ပြခဲ့သူ အနော်ရထာဘုရင်ကိုလည်း သမိုင်းဆရာတို့ က စိတ်ကူးယဉ်ချက်အစုံအလင်နဲ့ အနော်ရထာဘေးနားမှာထိုင်ပြီး အနော်ရထာအကြောင်း တစ်လုံးမကျန်သိခဲ့သူတွေပမာ ထပ်ပုံဖော်ကြတော့တယ်။

အဲဒီသမိုင်းဆရာတို့က ဇွတ်အတင်းလုပ်ခဲ့တဲ့ ပထမပြည်ထောင်စုဆိုတဲ့ပုဂံမှာ ရှိနှင့်ပြီးသားဗုဒ္ဓဘာသာကို မရှိသေးဘူးလို့လုပ်ဖို့ခက်လေတော့ အနော်ရထာဘုရင် နန်းတက်တဲ့အချိန် ရှိနေတဲ့ဗုဒ္ဓဘာသာဟာ နတ်နဂါး၊ဟိန္ဒူအယူ အရောအနှောတင်မက အရည်းကြီးတို့လို ရဟန်းတုရဟန်းယောင်တွေ ဗိုလ်ကျကြီးစိုးနေတယ် လို့ ဇာတ်လမ်းဆင်တော့တယ်။

တကယ်တော့ ဗုဒ္ဓဘာသာမှာ တခြားသော အရောအနှောဆိုတာ ပုဂံခေတ်မှမဟုတ်ဘူး၊ဒီနေ့ထိတိုင် အရောအနှောတွေရှိနေတုန်းပါပဲ။ဥပမာ-ဘုရားအထက်ပစ္စယံလိုနေရာမျိုးကို မိန်းမမတက်ရ ဆိုတာမျိုးတွေ ပါ။ထားတော့။

ကျောက်စာအထောက်အထားတွေအရ အရည်းကြီးလိုခေါ်တဲ့ တောကျောင်းဂိုဏ်းဟာ ပုဂံခေတ် လယ်လောက်မှ စတင်ပွားစီးခဲ့ပေမဲ့ အနော်ရထာဘုရင်ကို မြှင့်ပင့်ချင်တော့ အရည်းကြီးကိုအနော်ရထာဘုရင် နန်းမတက်ခင်ကတည်းက ပုဂံမှာ ကြီးစိုးနေသလို သမိုင်းဆရာတို့က ထိုးဇာတ်ဆင်ခဲ့တယ်။

အနော်ရထာသည် မင်းကောင်းမင်းမြတ်။ တရားစစ်တရားမှန်ဟောကြားနိုင်စွမ်းတဲ့ ရှင်အရဟံ ရဲ့အကူအညီနဲ့ မြန်မာမြေပေါ်မှာ စစ်မှန်တဲ့ဗုဒ္ဓဘာသာကို သန့်စင်ပေးခဲ့တဲ့ သာသနာသန့်ရှင်းချီးမြှင့်တဲ့ သာသနာပြုဘုရင်အ ဖြစ် ပုံဖော်ပစ်လိုက်ကြတယ်။

မီးလှုံ၊ရေငုပ်၊ပန်းဦးစွန့်ကာ အကျင့်အကြံမမှန်တဲ့ရဟန်းတုရဟန်းယောင်အရည်းကြီးတွေကို အနော်ရထာဘုရင်က ဖယ်ရှားပစ်လိုက်တယ်လို့ မရှိတဲ့အရည်ကြီးကို အရှိလုပ်လိုက်ကြတယ်။ပုဂံ ခေတ်ဦး၊ခေတ်လယ် ခေတ်နှောင်းနဲ့ ပုဂံအလွန်ခေတ်ထိတိုင် အဆက်ဆက်သော ကျောက်စာအထောက်အထားတွေထဲမှာ အရည်းကြီးလို့ဆိုတဲ့ တောကျောင်းဘုန်းကြီးတွေဟာ မှန်နန်းရာဇဝင်ထဲရေးသားခဲ့သလို မီးလှုံ၊ရေငုပ်၊ပန်းဦးစွန့်စတဲ့ အကျင့်အကြံမျိုးရှိကြောင်း မရေးခဲ့ကြသလို နံရံဆေးရေးပန်းချီတွေထဲမှာလည်း ဆိုးသွမ်းအရည်းကြီးဆိုတာမျိုးပုံဖော်ထားတာတွေမရှိပါဘူး။

ပုဂံဟာ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေအခိုင်အမာနဲ့ တစ်ချိန်က ဘယ်လောက်ထိအောင် ကြီးကျယ်ခမ်းနားခဲ့ကြောင်း ဖော်ပြနေတာ အသေအချာပါပဲ။ပုဂံဟာ ဗမာတွေရဲ့ ပထမပြည်ထောင်စုဖြစ်ခဲ့ပြီး ဗမာတွေစတင်အခြေချခဲ့တဲ့ ကျောက်ဆည်လွင်ပြင်ကနေစလို့ ပုဂံနေပြည်တော်ကြီးကိုတည်ထောင်ကာ မြန်မာမှာ ဗမာတွေ ကြီးပွားခဲ့တာလည်း ငြင်းမရပါဘူး။

ဒါပေမဲ့၊ပုဂံဟာ မြန်မာနိုင်ငံရဲ့ ပထမပြည်ထောင်စုမဟုတ်ပါဘူး။ဒုတိယပြည်ထောင်စုသာဖြစ်ပါတယ်။ ပြီးတော့ အနော်ရထာဘုရင်ဆိုတာမြန်မာ့ ဒုတိယပြည်ထောင်စုကိုတည်ထောင်နိုင်ခဲ့သူ စွမ်းရည်မြင့်ဘုရင်တစ်ပါးဖြစ်တာသေချာပေမဲ့ အနော်ရထာကိုင်ဖို့ သကြားမင်းဆက်သထားတဲ့ အရိန္ဒမာလှံဆိုတာလည်း မရှိ၊အနော်ရထာ လက်ထက်မှာ မရှိသေးတဲ့ အရည်းကြီးတွေကို နှိမ်နင်းစရာအကြောင်းလည်း မရှိပါဘူး။

အနိုင်ရသူကအမှန်ဆိုတာကိုအထိုင်ပြုပြီး အနိုင်ရသူကိုကြီးသထက်ကြီးကျယ်အောင် ရေးထားတဲ့သမိုင်းတွေကို ကျနော်တို့ငြင်းဆိုကြရုံတင်မက ကျနော်တို့ရဲ့ ပြဋ္ဌာန်းစာအုပ်တွေကနေပါ ဖယ်ရှားပစ်ဖို့လိုပါတယ်။

သမိုင်းဆိုတာ ပုံပြင်မဟုတ်တာ အသေအချာပါပဲ။

 

ငြိမ်းဆက်