【 ဆောင်းပါး 】ဗုဒ္ဓဘာသာထွန်းကားရာ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

【 ဆောင်းပါး 】ဗုဒ္ဓဘာသာထွန်းကားရာ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ တရုတ်နိုင်ငံအနောက်ပိုင်း  တိဗက်ကုန်းပြင်မြင့်ပေါ်မှာ တည်ရှိနေတဲ့  တရုတ်နိုင်ငံရဲ့  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် စတင်တည်ထောင်ခဲ့ပြီး တရုတ်အစိုးရက အုပ်ချုပ်ခဲ့ပါတယ်။ အဆိုပါ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို  တရုတ်နိုင်ငံရဲ့‌ဒုတိယအကြီးဆုံးပြည်နယ်အဆင့်အဖြစ်  ပိုင်းခြားထားပြီး လူဦးရေ ၃ သန်းကျော်ရှိကာ  အများစုကတော့  တိဗက်တိုင်းရင်းသားတွေဖြစ်ပါတယ်။ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့မြို့တော်ကတော့  လာဆာမြို့ ဖြစ်ပါတယ်။

တိဗက်ဟာ နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှည်လျားသော သမိုင်းကြောင်းရှိပါတယ်။ ၁၃ ရာစုအလယ်ပိုင်းအထိ လွတ်လပ်သောနိုင်ငံဖြစ်ခဲ့ပြီး တရုတ်အစိုးရမှ ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်ကစပြီး တရုတ်အစိုးရဟာ ဒေသတွင်းကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ၊ တိဗက်လူမျိုးတွေကိုတော့ အကန့်အသတ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခဲ့ရတာဖြစ်ပါတယ်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ  အာရှတိုက် အလယ်ပိုင်း၊ ဟိမဝန္တာနဲ့ ကွန်းလွန်းတောင်တန်းကြီးတွေအကြားတစ်လျှောက်နဲ့ တရုတ်နိုင်ငံအထိ ရှည်လျားတဲ့ ကုန်းမြေမြင့်ပေါ်မှာ တည်ရှိပါတယ်။ တောင်ဘက်မှာ  အာသံ၊ ဘူတန်၊ ဆစ်ကင်နဲ့ နီပေါပြည်တို့ရှိပြီး မြောက်ဘက်မှာတော့  ဆင်ကျန်နယ်နဲ့  အရှေ့ဘက်မှာ တရုတ်ပြည်နယ်တွေဖြစ်တဲ့  ကိုကိုးနော်(ချင်ဟိုင်း)နဲ့  ဆီကန်နယ်တို့ ရှိပါတယ်။ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကျယ်အဝန်းမှာ ၄၇ဝဝဝဝ စတုရန်းမိုင်ခန့်ရှိပြီး အရှေ့နဲ့အနောက် မိုင်ပေါင်း ၈ဝဝ၊ တောင်နဲ့မြောက် မိုင်ပေါင်း ၆ဝဝ ရှိပါတယ်။

ဒါအပြင်တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ မြန်မာနိုင်ငံရဲ့  မြောက်ဘက်မှာ တည်ရှိတဲ့ အိမ်းနီးချင်း နိုင်ငံဖြစ်တာနှင့်အညီ ဗုဒ္ဓဘာသာထွန်းကားပါတယ်။တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ တိဗက်လူမျိုးအများစု နေထိုင်ရာ နေရာဖြစ်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုထွန်းကားရာဒေသဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဟာ တိဗက်မှာ ရာစုနှစ်များစွာထွန်းကားခဲ့ပြီး တိဗက်လူမျိုးတွေကလည်း  ဘာသာတရားကို ကိုးကွယ်ကြတဲ့အတွက် ဘုန်းကြီးကျောင်းတွေနဲ့ ဘာသာရေးနေရာ အများအပြားဟာ ဒေသအနှံ့ ပြန့်ကျဲနေပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေဟာ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ပညာရေးနဲ့ ဘာသာရေးဆိုင်ရာကျင့်စဉ်တွေအတွက်  အချက်အချာအဖြစ် လုပ်ဆောင်လေ့ရှိပြီး  ဗုဒ္ဓဘာသာဟာ တိဗက်လူနေမှုဘဝရဲ့ အရေးပါတယ်လို့ဆိုပါတယ်။ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ Potala နန်းတော်၊ Jokhang ဘုရားကျောင်း၊ Tashilhunpo နဲ့ Drepung ဘုန်းတော်ကြီး ကျောင်းတွေအပါအဝင် ကမ္ဘာပေါ်ရှိ အရေးအကြီးဆုံး ဗုဒ္ဓဘာသာအဆောက်အဦတွေ တည်ရှိနေပါတယ်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ပေပေါင်း ၁၆ဝဝဝ ကျော်မြင့်တဲ့ လွင်ပြင်တွေနဲ့ ပေပေါင်း ၂ဝဝဝဝ ကျော်မြင့်တဲ့ တောင်တန်းတွေတည်ရှိနေတဲ့  ကုန်းမြေမြင့်ကြီးတစ်ခု ဖြစ်ပါတယ်။ ယန်ဇီမြစ်၊ မဲခေါင်မြစ်နဲ့ သံလွင်မြစ် စတဲ့  အာရှတိုက်ရှိ မြစ်ကြီးတွေ မြစ်ဖျားခံရာလည်း ဖြစ်ပါတယ်။တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဆီးနှင်းအစဉ်မပြတ်ကျရောက်တဲ့အတွက်  ခြောက်သွေ့အေးမြတဲ့  ရာသီဥတုဖြစ်ပေါ်နေပါတယ်။ဒေသရဲ့ မြောက်ပိုင်းမှာတော့  တောင်ပိုင်းထက် အအေးပိုပြီး ခြောက်သွေ့တဲ့အတွက် သစ်ပင်ဝါးပင် ရှားပါးပါတယ်။

အတွင်းကျတဲ့ ချိုင့်ဝှမ်းတွေမှာတေ့ာ ဆားငန်အိုင်များစွာရှိပါတယ်။ တောင်ပိုင်းရှိချိုင့်ဝှမ်း အရပ်ဒေသတွေမှာတော့  ထွန်ယက်စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပါတယ်။ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မကြာခဏလိုပင် နှင်းများသည်းထန်စွာကျ၍၊ လေပြင်းတိုက်တတ်သည်။ ထိုအခါ နှင်းမုန်တိုင်းသဖွယ်ဖြစ်တတ်၏။ အများအားဖြင့် နွေရာသီတွင် မိုးရွာသွန်း၍၊ တစ်နှစ်လျှင် မိုးရေချိန် ၈ လက်မမှ ၁ဝ လက်မအထိရွာသည်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြောက်ပိုင်းမှာတော့ စာမရီလို့ခေါ်တဲ့ နွားအမျိုးအစားနဲ့ သိုး၊ဆိတ် တို့ကို မွေးမြူကြပြီး အဆိုပါတိရစ္ဆာန်တွေ စားသုံးဖို့အတွက် စားကျက်မြေတွေ ၊ မြက်ပင်၊ ချုံပင်တွေပေါများစွာ ပေါက်ရောက်ပါတယ်။ တောင်ပိုင်းမှာတော့  စာမရီနဲ့ သိုးဆိတ်တွေကို မွေးမြူတဲ့အပြင် မုယော၊ အုတ်ဂျုံ၊ ဂျုံတွေကို စိုက်ပျိုးကြတဲ့အပြင်  ခါးဥဖြူ၊ အာလူး၊ ပဲအမျိုးမျိုး၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ ဟင်းသီးဟင်းရွက်တို့ကိုလည်း စိုက်ပျိုးကြပါတယ်။ဒါအပြင် အိုးလုပ်၊ သိုးမွေးထည်နဲ့ ကော်ဇောရက်လုပ်တဲ့  အိမ်တွင်းလုပ်ငန်းတွေရှိပါတယ်။ သားမွေး၊ ဆား၊ ရွှေ၊ သားရေစိမ်းတို့ကို  အိန္ဒိယနိုင်ငံနဲ့  တရုတ်နိုင်ငံအတွင်းကို တင်ပို့ရောင်းချလေ့ ရှိပါတယ်။

ယခင်ကတော့ တိဗက်လူမျိုးတွေဟာ  နေထိုင်ရာအတည်တကျမရှိဘဲ၊ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာ နေထိုင်သူများတယ်လို့ဆိုပါတယ်။ အုပ်စုအလိုက်လှည့်ပတ်သွားလာကြပြီး  စာမရီအမွေးတွေနဲ့  ပြုလုပ်ထားတဲ့ တဲအိမ်တွေ ထိုးပြီး နေထိုင်တတ်ကြပါတယ်။ အစားအသောက်မှာလည်း များသောအားဖြင့် စာမရီမှရတဲ့  နို့နဲ့  မုယောတို့ကို စားသုံးကြတယ်လို့သိရပါတယ်။ချက်ပြုတ်ရာမှာလည်း အသုံးပြုတဲ့လောင်စာအနေနဲ့  စာမရီရဲ့ ချေးကို အခြောက်ပြုလုပ်ပြီး  ထင်းဆိုက်ကြတယ်လို့ဆိုပါတယ် ။

တစ်နေရာမှ တစ်နေရာကို  စာမရီနွားတွေ၊ မြည်းတွေ၊ ကုလားအုပ်တွေနဲ့ လှည့်လည်သွားလာ လေ့ရှိကြပါတယ်။ တရုတ်နိုင်ငံဖက်နဲ့  အိန္ဒိယနိုင်ငံဖက်ကိုသွားလာရာမှာ မြင့်မားမတ်စောက်တဲ့  တောင်ကြားလမ်းတွေကို ဖြတ်ပြီး  ကူးသန်းသွားလာကြပါတယ်။ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ယခင်က လမ်းမကြီးတွေ၊ မီးရထားလမ်းတွေမရှိတဲ့အပြင် ဘီးတပ်ယာဉ်တွေကလည်း  မရှိသလောက် နည်းပါးခဲ့ပေမယ့် လက်ရှိမှာတော့ ကားလမ်းတွေ၊ရထားလမ်းတွေဖောက်လုပ်လာပြီး ရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်ရောက်လာပြီဖြစ်တဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်နေပြီဖြစ်ပါတယ်။

ကရင်လေး(အိမ်မဲ)