【 ဆောင်းပါး 】ဘယ်သူတားတား နောက်မဆုတ်ဘူး

【 ဆောင်းပါး 】ဘယ်သူတားတား နောက်မဆုတ်ဘူး    

လူတိုင်းမှာ ခံစားချက်ရှိသည်။ အစွဲအလမ်းရှိသည်။ ခံယူချက်ရှိသည်။ ရည်ရွယ်ချက်ရှိသည်။ ထိုခံစားချက်တွေ အစွဲအလမ်းတွေ ခံယူချက်တွေ ရည်ရွယ်ချက်တွေနှင့် ဘဝလမ်းကို စိတ်အားထက်သန်စွာ လျှောက်လှမ်းနေကြပါသည်။

ခံစားချက်တွေ ခံယူချက်တွေရင်မှာထားပြီး ပညာရှာကြသည်။ စီးပွားရှာကြသည်။ ဘဝတက်လမ်းအတွက် ကြိုးစားကြသည်။ ဝါသနာပါရာအလုပ် တွေလုပ်ကြသည်။

လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို ကိုယ့်ခံစားချက်နှင့်ကိုယ် သူ့ခံယူချက်နှင့်သူဖြစ်သည်။ လူချင်း မတူစိတ်ချင်းမတူသောကြောင့် တစ်ယောက်နှင့်တစ်ယောက်ဆက်ဆံရာတွင် အသွင်တူချင်း မိတ်ဆွေဖြစ်ကြသည်။ အသွင်မတူသူချင်းရန်သူဖြစ်ကြသည်။ တစ်ခါတလေ အသွင်တူသူချင်းရန်သူ ဖြစ်သွားတတ်၍ အသွင်မတူ သူချင်းလည်း မိတ်ဆွေဖြစ်လာတတ်ပြန်သည်။

တချို့ကခရီးသွားချင်းရိုင်းပင်းကူညီကြသည်။ တချို့ကျပြန်တော့ ခရီးသွားချင်းအပြိုင်အဆိုင် စိတ်ထားပြီး ရန်သူလိုဆက်ဆံတတ်ကြသည်။ တချို့ကကုသိုလ်ကောင်းမှုမှာ ပျော်မွေ့သည်။ ကိုယ်တိုင်လည်းအပြစ်ကင်းအောင်နေသည်။ အခြားသူကိုလည်းကူညီတတ်သည်။ တချို့ကတော့ အကုသိုလ်မှာ မွေ့လျော်သည်။ ကိုယ်တိုင်လည်း အပြစ်လုပ်သည်။ အခြားသူတွေကိုလည်း အနှောင့်အယှက်ပေး တတ်သည်။

ကိုယ့်လမ်းကိုယ်လျှောက်နေကြသော်လည်း တစ်ခါတလေ ကိုယ်ရေးကိုယ်တာအခက်အခဲများကြောင့် စိတ်ကူးပြောင်းကာ လမ်းကြောင်းပြောင်းသွားသူတွေရှိသည်။ နောက်တွန့်သွားကြသူတွေရှိသည်။ တစ်ခါတလေ တော့လည်း ကိုယ့်အခက်အခဲမရှိဘဲ အခြားလူများ၏အနှောင့်အယှက်ပေးမှုတွေကြောင့် စိတ်ပြောင်းသွားတတ်သည်။ နောက်တွန့်ကာ ရှေ့ဆက်မတိုးနိုင်တာတွေရှိတတ်ပြန်သည်။

စိတ်ဓာတ်မာကျောသူတချို့ကတော့ ဘာအခက်အခဲရှိရှိ ဘယ်လိုအနှောင့်အယှက်မျိုးနှင့် ရင်ဆိုင်ရရင်ဆိုင်ရ ဘယ်သူတွေဘယ်လိုတားတား သူတို့လျှောက်ရမည့်လမ်းကို ရဲရဲတင်းတင်း ရှေ့သို့သာ တစိုက်မတ်မတ်တိုး၍လျှောက်တတ်ကြသည်။ ကြုံလာသမျှကိုလည်း တစ်ချက်မတွန့်ဘဲ နောက်မဆုတ်တမ်း ရင်ဆိုင်လေ့ရှိကြသည်။

ငါးရာ့ငါးဆယ်နိပါတ်တော်လာ ကုလာဝကဝဂ် ခဒိရင်္ဂါရဇာတ် မီးတွင်းကိုမကြောက်သောသူဌေး အကြောင်းဖြစ်ပါသည်။

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီးအုပ်ချုပ်သည်။ ဘုရားလောင်းသည် သူဌေးမျိုးနွယ်ဖြစ်သည်။ အရွယ်ရောက်ပြီးမကြာမီ ဖခင်ကြီးကွယ်လွန်သွားသောအခါ ဖခင်သူဌေးကြီး၏အရိုက်အရာ ဆက်ခံသည်။ သူဌေးကြီးဖြစ်သည်ဆိုသည်နှင့် အလှူမဏ္ဍပ်ခြောက်ခုဆောက်သည်။ ထိုမဏ္ဍပ်များမှ တစ်နေ့မပြတ်အလှူပေးသည်။ ဥပုသ်သီလအမြဲဆောက်တည်သည်။

တစ်နေ့သောအခါ သူဌေးသည်မွန်မြတ်သောဘောဇဉ်များနှင့် နေ့လည်စာစားသုံးခါနီးအချိန်မှာ ပစ္စေကဗုဒ္ဓါ တစ်ပါးသည် အိမ်ရှေ့မှာဆွမ်းလာရပ်သည်။ သူဌေးသည် ချက်ချင်းပင်သူ့လူတစ်ယောက် ကို ပစ္စေကဗုဒ္ဓါ၏လက်ထဲမှ သပိတ်ကိုသွားယူလာစေသည်။ ထိုအချိန်တွင်မာရ်နတ်က သူဌေး၏အလှူလည်းပျက် ပစ္စေကဗုဒ္ဓွါ အသက်လည်းပျက်ရအောင်ကြံတော့သည်။

သူဌေးအိမ်နှင့်ပစ္စေကဗုဒ္ဓါကြား တွင် အတောင်ရှစ်ဆယ်နက်သောမီးကျီးတွင်းတစ်ခု ဖန်ဆင်းကာ သူက ကောင်းကင်ထက်မှာ ရပ်ပြီး ကြည့်နေသည်။ သပိတ်သွားယူသူလည်း မီးကျီးတွင်း၏အပူရှိန် ကြောင့်ရှေ့မဆက်ဘဲ ပြန်လာကာ သူဌေးကိုအကျိုးအကြောင်းပြောသည်။ သူဌေးကနောက် တစ်ယောက်လွှတ်ပြန်သည်။ ပြန်ရောက်လာပြန်သည်။ နောက်တစ်ယောက်လွှတ်တော့လည်း ရှေ့လူ တွေအတိုင်းပြန်လာပြန်သည်။

သူဌေးလည်းသူကိုယ်တိုင်ဆွမ်းခွက်ကိုကိုင်ကာ အိမ်ရှေ့သို့ထွက်လာသည်။ အိမ်ရှေ့တွင်မီးကျီးတွင်းနှင့် အတူကောင်းကင်မှာ ရပ်ကြည့်နေသောမာရ်နတ်ကိုပါ မြင်လိုက်ရသည်။ မာရ်နတ်ကိုမေးတော့မာရ်နတ်က ပစ္စေက ဗုဒ္ဓါလည်းအသက်သေပြီး သူဌေးလည်းအလှူအထမမြောက်အောင်လုပ်တာ ဖြစ်ကြောင်းပြောသည်။ ထိုအခါ သူဌေးက သင်၏အကြံအစည်အထမမြောက်ဘဲ ငါ့အလှူလည်းပြီး မြောက်ပြီး ပစ္စေကဗုဒ္ဓါ၏အသက်လည်း မပျက်စီးစေရဟု ဆိုလိုက်သည်။ တစ်ဆက်တည်းပင် ပစ္စေက ဗုဒ္ဓါအရှင်မြတ်အား တပည့်တော်သည် ဒီမီးကျီးတွင်းထဲသို့ ဦးစိုက်ကာ ကျပါသော်လည်း လုံးဝနောက်မဆုတ်ပါ တပည့်တော်၏ဆွမ်းဘောဇဉ်ကိုခံယူတော်မူပါ ဘုရားဟုဆိုလိုက်သည်။ ထို့နောက်မျက်နှာတစ်ချက်မပျက် ခြေလှမ်းတစ်ချက်မတွန့်ဘဲ မီးကျီးတွင်းပေါ်သို့ ခြေချနင်း လိုက်သည်။

ထိုခဏတွင်ပင် မီးကျီးတွင်းထဲမှ ပွင့်ချပ်တစ်ရာပါသော ပဒုမ္မာကြာပွင့်ကြီးသည် ရုတ်တရက် ပေါ်ပေါက် လာကာ သူဌေး၏ခြေထောက်အောက်မှာခံသည်။ သူဌေးလည်းထိုပဒုမ္မာကြာပွင့်ပေါ်နင်းကာ ပစ္စေကဗုဒ္ဓါကို ဆွမ်းလောင်းလှူလိုက်သည်။ ပစ္စေကဗုဒ္ဓါလည်းဆွမ်းအလှူခံကာ ဆွမ်းအနုမောဒနာ တရားဟောပြီးနောက် ကောင်းကင်ခရီးဖြင့် ဟိမဝန္တာတောသို့ပြန်ကြွသွားလေသည်။ မာရ်နတ်လည်း သူ့အကြံအစည်မအောင်မြင်တော့သည်နှင့် ပျောက်ကွယ်သွားတော့သည်။

အာဂသတ္တိနှင့်သူဌေးသည် အသက်သေချင်သေသွားပါစေ သူရည်မှန်းထားသည့်ဆွမ်းလောင်းမှုအလုပ်ကို ဘယ်သူတားတားနောက်မဆုတ်ဘဲ လုပ်ဖြစ်အောင်လုပ်သွားခဲ့သည်။ စိတ်ဓာတ်မာကျောသလောက် ရည်ရွယ်ချက်မွန်မြတ်ပြီး ဆုံးဖြတ်ချက်ခိုင်မာသော စိတ်တန်ခိုးရှင်တစ်ယောက်ဖြစ်သဖြင့် အလွန်ပင်အားကျအတုယူစရာ စံပြသာသနာ့အာဇာနည်တစ်ယောက်ဖြစ်ခဲ့သည်။

စိတ်ဓာတ်ခိုင်မာပြီး သတ္တိရှိရှိနှင့်ဘယ်သူတားတား နောက်မဆုတ်တတ်သောသူမျိုးဖြစ်သော်လည်း အပြစ်ကင်းပြီး မွန်မြတ်သောရည်ရွယ်ချက်ရှိမှသာ သူရောသူ့ပတ်ဝန်းကျင်ပါကောင်းကျိုးစံစားရပြီး နတ်လူသာဓု ခေါ် သောလူမျိုးဖြစ်ပေမည်။ မွန်မြတ်သောရည်ရွယ်ချက်မရှိဘဲ သူတစ်ယောက်တည်းကောင်းဖို့အတွက် အခြားသူကို ဒုက္ခပေးတတ်သူမျိုးကတော့ သူနှင့်သူ့ပတ်ဝန်းကျင်ကို ဆိုးကျိုးသာခံစားစေမည့်သူဖြစ်သဖြင့် အတုယူရမည့် ကောင်း စံပြအာဇာနည်မျိုးမဟုတ်သည့်အပြင် ရှောင်ရှား ရမည့်လူမျိုး ဖြစ်ပါသည်။

ငါးရာ့ငါးဆယ် ဝတ္ထု ဝိသဝန္တဇာတ်မှနောက်မဆုတ်ဘဲရှေ့ဆက်တိုးမိုက်သည့်မြွေဟောက် အကြောင်းဖြစ် သည်။

ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားလောင်းသည် မြွေဆိပ်ဖြေတတ်သည့်ဆေး ဆရာတစ်ယောက် ဖြစ်သည်။ တစ်နေ့သောအခါ တောရွာတစ်ခုတွင် လူတစ်ယောက်မြွေကိုက်ခံရသဖြင့် ထိုလူနာ၏ဆွေမျိုးများက မြွေဆိပ်ဖြေပေးရန်ဆေးဆရာကိုလာပင့်ကြသည်။ ဆေးဆရာက သူတို့နှင့်အတူလိုက်သွားပြီး လူနာကို စမ်းသပ်ကြည့်သည်။ ထို့နောက် ဆေးဆရာက လူနာရှင်များကို ကိုက်သည့်မြွေကိုဖမ်း၍ မြွေကိုက်သည့်ဒဏ်ရာ ပေါက်မှ အဆိပ်ပြန်စုပ်ယူစေသောနည်းနှင့် ဆေးဖြင့် လိမ်းကျံကုသသောနည်းဟူ၍ ကုထုံးနှစ်နည်းရှိကြောင်းရှင်းပြပြီး  မည်သည့်နည်းဖြင့်ကုသလိုသနည်းဟုမေးသောအခါ လူနာရှင်များ သူတို့မြွေကိုဖမ်းမိထားသောကြောင့် ထိုမြွေကို လူနာထံမှ အဆိပ်တွေပြန်စုပ်ယူစေသောနည်းကို အသုံးပြုရန်ပြောသည်။

ထိုကြောင့်မြွေဆရာလည်း မြွေကိုယူလာစေ၍ ရလာသောအခါ ထိုမြွေအား သူ့အဆိပ်ကို သူပြန်စုပ်ယူစေသည်။ ထိုအခါ မြွေကသူ တစ်ကြိမ်စွန့်ထုတ်ပြီးသောအဆိပ်ကို ပြန်စုပ်ယူရိုးထုံးစံမရှိကြောင်း ပြန်ပြောသည်။ မြွေ ဆရာက မီးပုံတစ်ပုံချက်ချင်းဖို၍ အဆိပ်ကိုယခုချက်ချင်းစုပ်ယူချင်စုပ်ယူ အကယ်၍ မစုပ်ယူပါက မီးပုံထဲသို့ပစ်ထည့်ကာ မီးရှို့သတ်ပစ်မည်ဟုပြောလိုက်သည်။ ထိုအခါမြွေက အသက်သေချင်သေပါစေ သူကတော့ လုံးဝ နောက်မဆုတ်နိုင်ကြောင်း သူ့အဆိပ်ကိုသူ ပြန်မစုပ်ယူ နိုင်ကြောင်းပြောပြီး မီးပုံဆီသို့သူ့ဘာသူလျှောက်သွားခဲ့သည်။

နောက်ဆုံးတွင်ဆေးဆရာလည်း မြွေကိုဘာမှဆက်မခိုင်းနိုင်တော့ဘဲ သူများအသက်ကိုထပ်၍ ရန်မရှာ ရန်ပြော၍ လွှတ်ပေးလိုက်ပြီး လူနာကိုလည်းသူ့ဆေးများလိမ်း သူ့မန္တာန်များရွတ်ကာ ပျောက်ကင်းအောင် ကုသ ပေးလိုက်ရလေတော့သည်။

မြွေဟောက်သည် သူ့အသက်သေချင်သေပါစေ သူထုတ်လိုက်ပြီးသားအဆိပ်ကို သူပြန်မမျို ဟု ဆုံးဖြတ်ချက်အခိုင်အမာနှင့် မိုက်ဇာတ်ကိုပြန်မရုတ်သိမ်းခဲ့ပေ။

လူတွေမှာလည်း ထွေးပြီးသားတံတွေးကိုပြန်မမျိုဟု မာန်တင်းခံကာ မိုက်ဇာတ်ကိုမရုတ်သိမ်းဘဲ ဘယ်သူ တားတားနောက်မဆုတ်တမ်း ရှေ့ဆက်တိုး၍ မိုက်တတ်သူများရှိပါသည်။

စိတ်ဓာတ်ပြင်းထန်တာချင်းတူသော်လည်း မွန်မြတ်သောရည်ရွယ်ချက်နှင့် ယုတ်မာသောရည်ရွယ်ချက်မတူ သည်ကိုတွေ့ရပါသည်။

ဘယ်သူတားတား နောက်မဆုတ်တတ်သော စိတ်ဓာတ်သည် အလွန်တိကျခိုင်မာပြီး ပြတ်သားသော စိတ်ဓာတ်ဖြစ်သည်မှန်သော်လည်း အကောင်းအဆိုး အကျိုးအပြစ်တော့ သိသင့်သည်မဟုတ်ပါလား။

                                                 ရိုက်မောင်း