【 ဆောင်းပါး 】ဘဝတွေ လမ်းတွေ လျှပ်စစ်တွေ

【 ဆောင်းပါး 】ဘဝတွေ လမ်းတွေ လျှပ်စစ်တွေ

၂၀၁၇ခုနှစ်လောက်က သုံးခွမြို့နယ်၊စစ်ပင်ကန်ရွာကို ဆိုင်ကယ်နဲ့တစ်ခေါက်ရောက်ခဲ့တယ်။ဘာသွား လုပ်တာလဲဆိုတော့ ဘာအလုပ်မှမရှိ။ကျနော်က လမ်းမြင်ရင် သွားချင်စိတ် တရိပ်ရိပ်ဒီတက်လေ့ရှိသူ။အထူး သဖြင့် ရွာတွေဘက် ဖြတ်သွားဖြတ်လာလုပ်ရတာ ကျနော့်အတွက် အပန်းဖြေနည်းတစ်နည်းလို ဖြစ်နေလေ တော့ မိတ်ဆွေရှိတဲ့ စစ်ပင်ကန်ရွာကို သွားခဲ့တာပါ၊

သုံးခွမြို့ကနေ ခရမ်းဘက်အထွက် ကြိုဆိုပါ၏ ဆိုင်းဘုတ်အလွန် ညာဘက်ခြမ်းမှာလမ်းတစ်လမ်း။အဲ ဒီလမ်းက စစ်ပင်ကန်အထိပေါက်တဲ့လမ်းလို့ဆိုတယ်။အဲဒီလမ်းက နွေရာသီသွားတာတောင် လမ်းကသိပ်ဆိုး လွန်းလှတယ်။ချိုင့်ခွက်ကြီးတွေက ရှောင်လို့မလွတ်နိုင်အောင်ကို များလှ။ဆိုင်ကယ်မမှောက်အောင် ဖြည်း ဖြည်းချင်း နာရီဝက်မက ကြာအောင်သွားပြီးမှ ရောက်တယ်။တကယ့်ကိုဖြုံရတဲ့လမ်းဆိုး။တစ်သက်တာအဲဒီ လောက်ဆိုးတဲ့လမ်း တစ်ခါမှ မသွားခဲ့ဖူးတဲ့အထိ ကျနော့်အတွက် စံချိန်တင်လမ်း။

ရွာကိုရောက်တော့ မေးကြည့်တယ်။သုံးခွမြို့ပေါ်ကို ဘယ်လိုလာကြသလဲလို့။လယ်ကွင်းကနေဖြတ် သွားလို့ရတဲ့နောက်တစ်လမ်းရှိသေး၊အဲဒီလမ်းက ရှည်ပေမဲ့ ကျနော်ဖြတ်လာတဲ့လမ်းလိုမဆိုးဘူးလို့ဆိုတယ်။ မိုးတွင်းရောက်ရင်တော့ ဘယ်လမ်းကမှ သွားလို့မရ။ရေလမ်းကနေသာ မြို့တက်ကြတယ်တဲ့။ရွာနံဘေး ချောင်းရိုးက ကျနော်သွားတဲ့အချိန်မှာတော့ ရေမရှိတော့။စက်လှေခရီး နာရီဝက်ကျော်စီးရင် သုံးခွမြို့ပေါ် ရောက်တယ်။ချောင်းဆိုပေမဲ့ တချို့နေရာတွေမှာ ချောင်းကကျယ်ပြီးရေစီးသန်တာကြောင့် မောင်းသူမကျွမ်း ကျင်ရင် အန္တရာယ်ရှိတာပဲ။ညရေးညတာ ကျန်းမာရေးကိစ္စအရေးပေါ်လာရင်တော့ မြို့ပေါ်ဆေးရုံတက်ဖို့က ဘယ်လိုမှမလွယ်။

‘ဒီဘက်နှစ်တွေကျမှ နီးနီးနားနားရွာကြီးတွေမှာ အထက်တန်းကျောင်းတွေရှိလာလို့ တော်တော့ တယ်။အဲဒါတောင် မိုးတွင်းဆို ကျောင်းသွားရတာ ကလေးတွေ သိပ်ကသီကြတယ်။လွန်ခဲ့တဲ့ ၁၀နှစ်ဟိုဘက် ခေတ်တွေတုန်းကကျတော့ ရွာက မိဘအဆင်ပြေပြီးစာတော်တဲ့ကလေးတွေပဲ သုံးခွမြို့ပေါ်သွားနေပြီး ကျောင်းတက်ကြရတယ်’တဲ့။ရွာသားမိတ်ဆွေရဲ့ပြောပြချက်။

တချို့က သုံးခွမြို့ပေါ်က ဆွေမျိုးတွေအိမ် သွားနေရင်း အထက်တန်းကျောင်းတက်။တချို့က နီးစပ်ရာဘုန်း ကြီးကျောင်းမှာနေ။ကိုယ့်ဘာသာအိမ်စုဌားပြီး ကျောင်းတက်တဲ့သူတွေလည်းရှိတယ်တဲ့။ကျေး လက်သားတွေ ၁၀တန်းအောင်ဖို့ကိုတောင် အဲဒီလိုမလွယ်။

‘အဲဒီလို၁၀တန်းအောင်ဖို့တောင် ခက်တော့ ကျနော်တို့ရွာတွေမှာ ဘွဲ့ရဆို အလုပ်အကိုင်ကောင်း ကောင်းကန်းကန်းမရမှန်းသိပေမဲ့ အထင်ကြီးကြတုန်းပဲ’လို့ သူကထပ်ပြောတယ်။

စစ်ပင်ကန်ကနေအပြန်ကျတော့ လယ်ကွင်းလမ်းကနေ ဖြတ်ပြန်ခဲ့တယ်။လယ်ကွင်းလမ်းက ဆိုင် ကယ်စီးရအဆင်ပြေပေမဲ့ တချို့နေရာတွေကျတော့ နည်းနည်းခပ်မြင့်မြင့်နဲ့ ဆိုင်ကယ်ဘီးတစ်ဘီးစာထက် နည်းနည်းပိုကျယ်ရုံသာမို့ သတိထားဖြည်းဖြည်းမောင်းရ။၁၅မိနစ်လောက် လယ်ကွင်းလမ်းဖြတ်ပြီးနောက် ဇွဲထော်ရွာ။ဇွဲထော်ရွာကနေ သုံးခွ-ခရမ်းကားလမ်းမအထိ ကွန်ကရစ်လမ်းရှိနေပြီမို့ သာသာယာယာ။ထား တော့။

၂၀၁၈ခုနှစ်အကုန်လောက်ထင်တယ်။ကျနော်ဖြုံခဲ့ဖူးတဲ့ စစ်ပင်ကန်သွားတဲ့လမ်း ကွန်ကရစ် ခင်းတာ ပြီးသွားခဲ့တယ်။အဲဒီကွန်ကရစ်လမ်းအတိုင်း သွားချင်စိတ် တရိပ်ရိပ်။သွားမယ်ဆိုပြီး မသွားဖြစ်။အဲဒီကွန်ကရစ် လမ်းပြီးလို့ ၂လလောက်အကြာ စစ်ပင်ကန်ရွာက ကျနော့်မိတ်ဆွေ သူ့ကြီးတော်ကြီးကို ဆိုင်ကယ်နဲ့တင်ပြီး သုံးခွမြို့ပေါ် စောစောစီးစီးရောက်နေတာတွေ့ရ။ဘာလာလုပ်တာလဲဆိုတော့ ညောင်ပင်လေးဈေးမှာ အသား ငါးလာဝယ်တာတဲ့။ညောင်ပင်လေးဈေးဆိုတာက သုံးခွကနေ ခရမ်းမြို့ဘက်အထွက် အောင်ဇေယျလမ်းမဘေး မှာ မနက်စောစောဖွင့်ပြီး ၉နာရီလောက်ဆို သိမ်းတဲ့ဈေး။

ကဲ၊ဘယ်လောက်ထိတောင် ဟုတ်နေပြီလဲ။အရင်တုန်းက သုံးခွမြို့ပေါ် ရေလမ်းကနေ လှေစီးပြီးတ ကူးတကလာ ရတာမို့ ‌တော်ရုံကိစ္စလောက်နဲ့မြို့မရောက်ကြတဲ့ စစ်ပင်ကန်ရွာသားတွေ ခုများကျတော့ မြို့ တက်ပြီးချက်စရာဟင်းစားတောင်လာဝယ်လိုက်သေး။

‘ရွာကနေ ညောင်ပင်လေးဈေးကို ဆိုင်ကယ်နဲ့ ၁၀မိနစ်မောင်းရင် ရောက်ပြီလေ။အဲဒါကြောင့် ရွာက ဆိုင်ကယ်ရှိတဲ့အိမ်တွေဆို ရွာမှာချက်စရာအသားငါးသိပ်မရှိရင် သုံးခွမြို့တက်ပြီး ဈေးလာဝယ်ကြတယ်’လို့ဆို လိုက်တဲ့သူ့လေသံက ဘဝင်မြင့်ချင်ချင်။

ပြီးတော့ သူတို့ရွာကိုအတင်းဖိတ်နေလို့ တစ်ရက်မှာကျနော်ရောက်သွားတယ်။အရင်က လကမ္ဘာပမာ လမ်းက ချိုင့်ခွက်သေးသေးလေးပင်မရှိတဲ့ ကွန်ကရစ်လမ်း။ကားငယ်နှစ်စီး စိုဘက်ဒီဘက် အပြိုင်မောင်းလို့ရ အောင်ကျယ် တာမို့ ဆိုင်ကယ်တွေအတွက် အေးဆေး။ကွန်ကရစ်လမ်းဘေးဝဲယာ လယ်ကွင်းတွေမှာ ပဲတီစိမ်း တွေစိုက်နေ တာမို့ မျက်စိတဆုံးဟာ အစိမ်းရောင်ပင်လယ်ကြီးပမာ တဖြတ်ဖြတ် လှလို့။ဒီလမ်းက သုံးခွ-ခရမ်း ကားလမ်းက နေ ပင်လယ်အထိရောက်အောင်ဖောက်နေတဲ့ ကျေးလက်လမ်းတဲ့။

သုံးခွ-ခရမ်းကားလမ်းကနေ အဲဒီကွန်ကရစ်လမ်းအတိုင်းချိုးချလိုက်ရင် ပထမဆုံးတွေ့တဲ့ရွာက စစ်ပင်ကန်။ရွာမရောက်ခင်လေး ချောင်းပေါက်လေးကို ဖြတ်ဖောက်ထားတဲ့ တံတားငယ်တစ်စင်း။ပြီးတော့ ရွာကို ဝင်မယ်ကြံခါရှိသေး။ကွန်ကရစ်လမ်းရဲ့ညာဘက်ခြမ်းမှာ ကျေးလက်ကျန်းမာရေးဌာန။ဆရာဝန်အဆင့် မထိုင်ပေမဲ့ နာစ့်အဆင့်လောက်ရှိတဲ့ပုံ။ကျန်းမာရေးဌာနနဲ့တွဲလျက် ကျန်မာရေးဝန်ထမ်းနေထိုင်ဖို့အိမ်ပါ တွဲ ဆောက်ထားတာမို့ နေစရာမပူရ။

ကျနော်ရွာရောက်သွားတဲ့အချိန် သူတို့တစ်ရွာလုံး အရေးတကြီးပြောနေကြတာက သူတို့ရွာလျှပ်စစ် မီးရတော့မယ့်အကြောင်းအရာ။လျှပ်စစ်မီးဆိုတာ မြို့သားတွေအတွက်မထူးဆန်းတော့ပေမဲ့ ရာသက်ပန် ဖယောင်းတိုင်နဲ့ဘတ္ထရီမီးကိုသာ မြင်ခဲ့ရတဲ့သူတို့အတွက် သူတို့ဘဝနဲ့ထပ်တူရေးကြီးခွင်ကျယ်။

‘ကွန်ကရစ်လမ်းပေါက်ကတည်းက ကျနော်တို့ရွာတွေချက်ချင်းဆိုသလိုပြောင်းလဲသွားတာ။အခု လျှပ်စစ်မီးရရင် တော်တော့်ကိုထပ်ပြောင်းတော့မှာ။ကျနော်တို့ကျေးလက်သားတွေအတွက် လမ်းပန်းဆက် သွယ်ရေးနဲ့လျှပ်စစ်မီးဆိုတာ ဘဝတွေနဲ့ချီ အရေးပါတာ’လို့ သူကရှင်းပြတယ်။

ရွာထဲက မီးတိုင်တွေအထိ အစိုးရကတာဝန်ယူ။မီးတိုင်ကနေ အိမ်တွေဆီ သွယ်တန်းတဲ့ ဝါယာကြိုးနဲ့ ကိုယ့်အိမ်တွင်း လျှပ်စစ်မီးဆင်ဖို့က ကိုယ့်ကိစ္စ။တီဗီအသစ်လဲမယ့်သူနဲ့ ရေခဲသေတ္တာဝယ်မယ့်သူနဲ့ ရှုတ်ရှက်ကို ခတ်လို့။

နောက်၆လလောက်အကြာထင်တယ်။စစ်ပင်ကန်ကို မေ့မေ့ပျောက်ပျောက်ရှိခါစ ကျနော့်မိတ်ဆွေရဲ့ ဖုန်းဝင်လာတယ်။သူတို့ရွာရဲ့ လျှပ်စစ်မီးရောင်အောက်မှာ ဘီယာအေးအေးလေးသောက်ဖို့ တစ်ညလာအိပ်ပါ တဲ့။

ချိန်းထားတဲ့ညနေ၆နာရီလောက်မှာ ကျနော်ရောက်အောင်သွားခဲ့တယ်။ကြက်ကာလသားချက်၊ဝက် သားအပြားကြော်၊မှိုကန်စွန်း၊အငန်တစ်စက်မပါတဲ့ ငါးရံ့ခြောက်မီးဖုတ်နဲ့ ဘီယာအေးအေးလေး။လေပြေတွေ နော့နေတဲ့ အိမ်ရှေ့ဝရန်တာက လျှပ်စစ်မီးရောင်အောက်မှာလှလို့။

အခုရွာမှာ ရေခဲသေတ္တာထွက် ဘီယာအေးအေးလေးရနေပြီတဲ့။

ငြိမ်းဆက်