【 ဆောင်းပါး 】ဘဝနေနည်းသင်ပြပေးသူများ

【 ဆောင်းပါး 】ဘဝနေနည်းသင်ပြပေးသူများ

 

ကံအားလျော်စွာ လေးစားအတုယူစရာများရှိသည့် သင်ဆရာ မြင်ဆရာ ကြားဆရာများနှင့် ကြုံ ဆုံရ ခြင်းသည်၊ ဘဝတွင်တန်ဖိုး မဖြတ်နိုင်သည့် အရာများ ဖြစ်ကြပါသည်။

(၁၇.၆.၂၀၁၂) ရက်နေ့က သတင်းစာဆရာကြီး လူထုစိန်ဝင်း ကွယ်လွန်ခဲ့ပါသည်။ ရှေ့ဆင့်နောက်ဆင့်ပင် ( ၄.၇.၂၀၁၂) ရက်နေ့တွင် ဆရာကြီးဦးသက်ထွန်း ကွယ်လွန်ပြန်ပါသည်။ သူတို့၏ တန်ဖိုးများကို သိနေသည့် ကြား တပည့်၊ မြင်တပည့် တစ်ဦးအနေဖြင့် နှမြောမိပါသည်။ ဆရာလူထုစိန်ဝင်းဆုံးခဲ့စဉ်က၊ ဆရာဖြတ်သန်းခဲ့ရသည့် ကန္တာရခရီးကြမ်းကြီးပေါ် ပြန်သုံးသပ်လျက် ဝမ်းနည်းမှုကို ပူးတွဲခံစားခဲ့ရပါသည်။ ဆရာကြီးဦးသက်ထွန်း၏ နာ ရေး သတင်းကြားရစဉ် ၈၆ နှစ်အရွယ်၊ အသက် ၉၀ နားချဉ်းကပ်သည့်အရွယ်အထိ၊ နေသွားရခြင်းအပေါ် ကျေနပ် မိသော်လည်း၊ ဆရာကြီး၏ ပညာ၊ ဆရာကြီး၏ တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိသည့် စေတနာများကို နှမြော မိပါသည်။

ဆရာကြီးဦးသက်ထွန်းကို ၁၉၈၈ ခုနှစ်ကမှ စတင်မြင်တွေ့သိကျွမ်းခဲ့ရပါသည်။ ကျွန်မတို့ဆရာ ဦးသော် ကောင်းက တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှူးတာဝန်မှ (၁၇.၁၂.၁၉၉၇) တွင် အငြိမ်းစားယူပြီးနောက်၊ သမိုင်း သုတေသနဦးစီးဌာန ( ယခု မြန်မာသမိုင်းအဖွဲ့) တွင် အချိန်ပြည့် အဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက်တာဝန်ထမ်း ဆောင်ခဲ့ပါသည်။

ဆရာကြီးဦးသက်ထွန်းလည်း ယင်းဌာနတွင် အချိန်ပိုင်းအဖွဲ့ဝင်အဖြစ် တာဝန်ယူ ဆောင်ရွက် နေပါသည်။ သမိုင်းအဖွဲ့ဝင်များ အလုပ်လုပ်နေသည့်အခန်းတွင် ဆရာဦးသော်ကောင်းနှင့် ဆရာကြီးဦးသက်ထွန်းက မျက်နှာ ချင်းဆိုင် ထိုင်ကြပါသည်။ ဆရာဦးသော်ကောင်းက တဆင့် ဆရာကြီးဦးသက်ထွန်းနှင့် သိကျွမ်းခဲ့ရပါသည်။ မြန်မာ တစ်ဦးအနေနှင့်ကြည့်ပါက၊ ဆရာကြီးဦးသက်ထွန်းအရပ်အမောင်းက မြင့်မားလှပါသည်။ ၆ ပေခွဲခန့်ရှိမည်ထင် ရ၏။ ကိုယ်ခန္ဓာကလည်း ကြံ့ခိုင်ပါသည်။ အသားအရေကလည်း ဖြူစင်ကြည်လင်နေ၏။ ခြုံပြောရလျှင် ဥပတိရုပ် ကောင်းပါသည်။

သမိုင်းသုတေသနလုပ်ငန်းများအပြင်၊ တခြားစာပေဆိုင်ရာ လုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများတွင် လည်း ဆရာကြီးဦးသက်ထွန်းနှင့် ဆရာဦးသော်ကောင်းတို့ အတူပါဝင်လုပ်ကိုင်နေကြပါသည်။ ဆရာဦးသော် ကောင်းက ကျွန်မတို့ကို လက်တိုလက်တောင်း တာဝန်ပေးတတ်ပါသည်။ ကျွန်မတို့ လက်တိုလက်တောင်း ဝင်လုပ်ရသော အလုပ်များကား ဆရာကြီးဦးသက်ထွန်း တာဝန်ယူထားသည့်အပိုင်းနှင့် ပတ်သက်တတ်ပါသည်။ ဆရာကြီးဦးသက်ထွန်း၏ အရည်အချင်းများကိုလည်း သိလာရပါသည်။ ဆရာကြီးက ကုလသမဂ္ဂလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုတွင် ညွှန်ကြားရေးမှူးအဆင့်ဖြင့် တာဝန်ယူခဲ့ပြီး၊ ၁၉၈၆ ခုနှစ်တွင် အငြိမ်းစားယူခဲ့သူ ဖြစ်ပါ သည်။

ကျွန်မတို့နှင့် သိကျွမ်းချိန်တွင် ဆရာကြီးက အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာများဖြင့် စာပေများဆက် တိုက်ရေးသားနေပါသည်။ ဂျပန်ဘာသာဖြင့် ဂျပန်နိုင်ငံထုတ် စာစောင်များတွင် ရေးသားသလား မစပ်စုခဲ့မိ သည်ကို နောင်တရမိပါသည်။

ကျွန်မတို့ကို တန်းတူရည်တူ ဆက်ဆံပြောဆိုပါသည်။ စကားပြောလျှင် အေးဆေးသိမ့်မွေ့စွာပြော ပါ သည်။ ဟာသများလည်း ထည့်ပြောတတ်ပါသည်။ ဆရာကြီးဦးသက်ထွန်း အေးအေးဆေးဆေးရှိပုံမှာ ရံဖန်ရံခါ ဆရာဇော်ဂျီနှင့် တူပြီး၊ ရံဖန်ရံခါ ဆရာဦးသော်ကောင်းနှင့်တူပါသည်။ ထို့ပြင် ကျွန်မတို့ဆရာ ဦးသန်းထွတ် ( စာ ရေး ဆရာတိုက်စိုး) ၏ ငယ်သူငယ်ချင်းဟုလည်း သိရပါသည်။ အထက်ပါအကြောင်းများ ပေါင်းစုလိုက်သော် ဆရာ ကြီးဦးသက်ထွန်းသည် ကျွန်မတို့၏ ကြားဆရာ၊ မြင်ဆရာ တစ်ဦးဖြစ်လာပါတော့သည်။

ဆရာတိုက်စိုးကွယ်လွန်တော့ ကျန်ရစ်သူ ဆရာ့ဇနီး ဆရာမတက္ကသိုလ်မြစိမ်း ( ဒေါ်မြင့်မြင့်သန်း) ကို သီ တင်းကျွတ်လျှင် သွားကန်တော့ပါသည်။ ဆရာမမြစိမ်းက ကျန်းမာရေးကြောင့် အိမ်ထဲမှ အိမ်ပြင်သို့ အကူတစ် ယောက်မပါလျှင် မထွက်နိုင်တော့ပါ။ ထို့ကြောင့် ကျွန်မတို့ တစ်ခါတရံလာသည့်အခါ ဆရာမမြစိမ်းက ဝမ်းသာ အားရ စကားများပြောပါသည်။ ဆရာမမြစိမ်းက တော်ရုံတန်ရုံနှင့် လူတစ်ယောက်ကို ချီးမွမ်းတတ်သူမဟုတ်ပါ။

“ သံအမတ်ကြီးဦးသက်ထွန်းဇနီးက မမသူငယ်ချင်း သယ်မာလေ။ သူတို့နှစ်ယောက်စလုံးက စိတ်ထား ကောင်းတယ်။ မင်းသိတဲ့အတိုင်းပဲ၊ နိုင်ငံခြားထုတ်စာအုပ်တွေ ဒီမှာဝယ်ရခက်တာ။ သူတို့ကို မမဖတ်ချင်တဲ့ စာ အုပ်တွေလှမ်းမှာတယ်။ သူတို့က ဝယ်ပေးတယ်။ သူတို့စိတ်ကို သိလို့ မှာရဲတာ” ဟု ဆရာမမြစိမ်းက ပြောပါသည်။

“ ပြီးတော့ သံအမတ်ကြီးက ဦးသန်းထွတ်ရဲ့ ငယ်သူငယ်ချင်းလေ” ဟု ဆက်ပြောပါသည်။ ပြင်သစ်နိုင်ငံ ဆိုင်ရာ သံအမတ်အဖြစ် တာဝန်ယူခဲ့ဖူးသည့် ဦးသက်ထွန်းကို သံအမတ်ကြီးဟု နာမ်စားသုံးပြောနေ ခြင်းဖြစ်ပါ သည်။

ဆရာကြီးဦးသက်ထွန်းက စီးပွားရေးပညာသိပ္ပံဘွဲ့နှင့် ဂုဏ်ထူးတန်းဘွဲ့ကို လန်ဒန်မှ ရရှိခဲ့သူဖြစ်ပါသည်။ ဆရာကြီးရေးသော ဆောင်းပါးများကြောင့်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးအေးလှိုင်၏ အရည် အချင်းများနှင့် ရိုးသားစွာ တိုင်းပြည်တာဝန်ထမ်းရွက်သွားပုံများ၊ ဦးနေဝင်းအစိုးရလက်ထက် ရန်ကုန်စီးပွားရေး တက္ကသိုလ်အတွက် ရုန်းကန်ရပ်တည်ခဲ့ရသည့် စီးပွားရေးပညာရှင်များ၏ ဘဝကို သိခွင့်ရခဲ့ပါသည်။

“ ကျွန်တော် မြန်မာပြည်ပြန်ရောက်တော့၊ တို့တိုင်းပြည်ရဲ့ ထိပ်ပိုင်းတာဝန်ရှိသူ တစ်ယောက်ကို သွား တွေ့တယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက် လုပ်ဆောင်ရမယ့် အခြေခံအချက်တွေကို ရှင်းပြတယ်။ ကျွန်တော် ပြောတာကို ဘာမှ နားမလည်ဘူး။ အဲဒါနဲ့ ပြန်လာခဲ့ရတယ် ဟဲ ဟဲ”

ဆရာကြီးဦးသက်ထွန်းက သူ၏ နှမအရွယ် တူမအရွယ် ကျွန်မကို ကျွန်တော်နှင့်ပြောပြီး၊ စကားအဆုံး တွင် ပေါ့ပေါ့ပါးပါး ရယ်မောနေပါသည်။ ဆရာကြီးမျက်နှာတွင် ဒေါသမတွေ့ရပါ။ ဆရာကြီးနေရာတွင် ကျွန်မ သာဆိုပါက၊ ဒေါသသံ၊ ဒေါသမာန်တွေနှင့် ပြောမှာပဲ။ မကျေနပ်တာတွေ ပေါက်ကွဲနေမှာပဲ ဟု တွေးနေမိပါသည်။ ဆရာကြီးက ပေးသော်လည်း မခံယူနိုင်သူအပေါ် ဒေါသရိပ်မပြဘဲ၊ ရယ်မောစရာတစ်ခုအဖြစ် ပြလိုက်သည်က ကျွန်မအတွက် သင်ခန်းစာတစ်ခု သင်ပေးလိုက်ခြင်းဖြစ်ပါသည်။

ဖျပ်ခနဲ ( ၁၄.၈.၂၀၁၁) ရက်နေ့က ကွယ်လွန်ခဲ့သည့် ဆရာနန္ဒာသိန်းဇံကို သတိရမိလိုက်ပါသည်။ ဆရာက ဗုဒ္ဓဒဿနများကို ကျွန်မတို့၏ နေ့စဉ်လူမှုဘဝများနှင့် ထင်ဟပ်ပြခဲ့သည့် မြင်ဆရာ ကြားဆရာ တစ်ဦးဖြစ်ပါသည်။ ဆရာနန္ဒာသိန်းဇံ၏ နောက်ဆုံးခရီးတွင် ဆရာရေးစပ်ခဲ့သည့် ကဗျာလေးတစ်ပုဒ်ကို ဝေငှပါသည်။

                        “ တစ်ချိန်က

                        ရွက်ဝါတွေ မောမောဟိုက်ဟိုက် ဝဲယိုင်

                        လွင့်မျောနေတတ်သည့် ရွက်ကြွေတောမှ အပြန်

                        ချောင်းရေပြင်တွင် စာရေးခဲ့ဖူး၏။

                        မိုးထိအောင်လှေခါးထောင်၍ တိမ်အရုပ်ကို ဖမ်းဆုပ်ဖို့လည်း

                        စိတ်ကူးခဲ့ဖူး၏။

                        အခု . . .

                        လူ့ဘဝဟူသည် ရွက်ကြွေလိုလွင့်မျောခြင်း

                        အမှန်တရားဟူသည် ရေစီး၌ စာရေးခြင်း

                        ဒဿနဟူသည် တိမ်အရုပ်ကို ဖမ်းဆုပ်ခြင်းမျှသာ . . .”

                                                                        နန္ဒာသိန်းဇံ

လောက၏ ကမောက်ကမများကို ဆရာနန္ဒာသိန်းဇံက ကဗျာလေးဖြင့် ဆင်ခြင်သည်းခံသွားသည်။ ဆရာကြီးဦးသက်ထွန်းက အေးဆေးသောအပြောတွင် ရယ်စရာအဖြစ်ပြောင်း၍ သည်းခံပြသွားသည်။

ဆရာဇော်ဂျီက “ လူတိုင်း ဘဝအမောတွေ မောကြတာပဲ။ ဆရာတို့က စာရူးပေရူး ရူးလို့ သက်သာတာ” ဟု ငွေရူး၊ အာဏာရူး၊ ရာထူးရူး ရူးပါက ဘယ်လောက်ပင်ပန်းဆင်းရဲလေမည်းနည်းဟု ဆက်မပြောဘဲ၊ နားလည် စေရန် ကျွန်မတို့အား ဘဝနေနည်း သင်ပြခဲ့သည်ကို သတိရလာပါသည်။

ဆရာတိုက်စိုးကတော့ ကျွန်မကို “ လောကမှာ ကိုယ်ဘယ်လိုမှ မတတ်နိုင်တာတွေနဲ့ ကြုံရတတ်တယ်။ ကိုယ်ဘယ်လိုမှ မတတ်နိုင်တာတွေကို အပြီးဖယ်ထုတ်လိုက်” ဟု လမ်းပြဖူးပါသည်။

ကျွန်မတို့သည် ဘဝကို ငယ်စဉ်က စာသိ သိခဲ့ရ၏။ လက်တွေ့တွင် ဘဝကို လျောက်လှမ်းရသောအခါ စာသိ သိခဲ့ရခြင်းနှင့် ဗြောင်းပြန်ဖြစ်ရပ်များစွာကို တွေ့ကြုံရပါသည်။

                                    “ မတရားဘူး”

                                    “ မမှန်ဘူး”

                                    “ မဖြစ်သင့် မဖြစ်ထိုက်တာတွေ ဖြစ်နေတယ်” ဟု လောက၏ ကမောက်ကမ ဖြစ် ရပ်များနှင့် ကြုံတိုင်း ခံပြင်းဒေါသဖြစ်ခြင်းဖြင့်သာ တုန့်ပြန်တတ်သူ အဖြစ်မှ ကျေးဇူးကြီးလှသော သင်ဆရာ၊ မြင် ဆရာ၊ ကြားဆရာများကြောင့် အသင့်အတင့် ဆင်ခြင်နေထိုင်တတ်လာပါသည်။ ပူလောင်ပင်ပန်းခြင်းများ ငြိမ်း သွား ပါသည်။ ကျွန်မ၏ သင်ဆရာမဟုတ်သော်လည်း မြင်ဆရာ ကြားဆရာ ဆရာကြီးဦးသက်ထွန်းထံမှ အဖိုးမ ဖြတ်နိင်သည့် ဘဝနေနည်းများ ရရှိခဲ့ပါသည်။ ဆရာကြီးသည် ဇရာအရွယ်ထိတိုင် တိုင်းပြည်အကျိုး လူမျိုးအကျိုး လောကအကျိုး သယ်ပိုးသွားပါသည်။

ခင်နှင်းဦး

The Nation Journal ( ၂၄.၇.၂၀၁၂) တွင် ဖော်ပြခဲ့သည်ကို စာရေးသူခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်