【 ဆောင်းပါး 】ဘာသာရေးအရ ဆက်နွယ်မှုရှိသည့် တရုတ်-မြန်မာ

【 ဆောင်းပါး 】ဘာသာရေးအရ ဆက်နွယ်မှုရှိသည့် တရုတ်-မြန်မာ

ကမ္ဘာ့ပေါ်ရှိ ဗုဒ္ဓဘာသာဝင် ထက်ဝက်လောက်မှာ တရုတ်ပြည်တွင် နေထိုင်ကြပြီး ဗုဒ္ဓဘာသာဝင် အများဆုံးရှိရာ နိုင်ငံတစ်ခုဖြစ်သည်ဟု ဆိုထားကြပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အိမ်နီးချင်းအဖြစ်သာမကဘဲ ရေမြေ သဘာ၀ပထဝီအရ ဆက်နွယ်မှုရှိသလို ဘာသာရေးအရလည်း အပြန်အလှန်ဆက်နွယ်မှုရှိနေကြသည်။

ကမ္ဘာပေါ်တွင် လူသားအများစုမှာ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအသီးသီးရှိကြပြီး ဘာသာမဲ့မှာ အနည်းငယ်ရှိသည်။ ဘာသာတရား (Religion) သည် ကမ္ဘာ့သမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍ တစ် ရပ်ဖြစ်ပြီး ပညာရေးဆိုင်ရာလေ့လာမှုများတွင် ဘာသာတရားဟူသော ဝေါဟာရကို တစ်နည်းအားဖြင် Religion ဟူသော အင်္ဂလိပ်စကားလုံး၏ အဓိပ္ပာယ်ရှုထောင့်အထွေထွေမှ တွေးမြင်သုံးသပ်ကြသည်။ နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံပိုင်းဖြစ်ပြီး အယူဝါဒရေးရာ လေ့လာဆန်းစစ်ချက် သီအိုလိုဂျီ သို့မဟုတ် တတ်သိလိမ္မာသူပညာရှင်တို့၏ အယူဝါဒ ပုံဖော်မူတစ်ရပ်ဟူ၍လည်း ရှုမြင်ကြသည်။ လူမှုကိုယ်ကျင့်တရား၏ မြစ်ဖျား ခံရာ ပဓာနအရင်းအမြစ် ဖြစ်သကဲ့သို့ လူ့ဘောင်လောကအတွက် ကိုယ်ကျင့်သိက္ခာ စည်းမျဉ်းများ၏ အခြေခံအုတ်မြစ်လည်းဖြစ်သလို လူ့ယဉ်ကျေးမှု၏ အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်မှာ ထင်ရှားလှသည်။ ကမ္ဘာပေါ်တွင် လက်ရှိ အချိန်အထိ ဘာသာနှင့်ကျောင်းတော်ဝါဒပေါင်း ၄၃၀၀ ကျော်ရှိကြသည်ဟူ၍လည်း သုတေသီများက ရေးသားကြသည်။

သမိုင်း သုတေသနအရ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀၀၀ ကျော် ရာဇဝင်ရှိကြောင်း ဆိုထားသည်။ လက်ရှိတွင် လူဦးရေ၏ ၈၅ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး သံဃာ့အသိုက်အဝန်းတွင် တရားရှုမှတ်ခြင်းနှင့် စာပေသင်ကြားခြင်းအပေါ် ညီမျှစွာအလေးပေးသည့် ရှည်ကြာသော အစဉ်အလာများရှိသည်။ သာမန်လူတို့မှာ ယုံကြည်ချက်အားကောင်းကြသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်သူအစိုးရများက ထေရဝါဒ ဗုဒ္ဓဘာသာကို အလေးထားခဲ့သည်။

ဗုဒ္ဓဘာသာသည် တရုတ်နိုင်ငံသမိုင်းတွင် ပြီးခဲ့သော နှစ်ပေါင်း ၂၀၀၀ တိုင် ထင်ရှားသောကဏ္ဍမှ ပါဝင်ခဲ့သည်။ တရုတ်ဗုဒ္ဓဘာသာသည် အရှေ့အာရှဒေသတွင် ဗုဒ္ဓဘာသာ ပျံ့နှံ့ရောက်ရှိမှုအတွက် အရေးပါသောအခန်းကဏ္ဍ၌ ပါဝင်နေသည်။ ထန်မင်းဆက် အစောပိုင်းကာလ (ခရစ်နှစ် ၆၁၈-၉၀၇) လောက်တွင် ဗုဒ္ဓဘာသာမှာ ရွှေခေတ်ဖြစ်ခဲ့ပြီး စာပေ၊ အနုပညာ များလည်း ထွန်းကားခဲ့သည်။ တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်း လဲမှု တံခါးဖွင့်လာသည်နှင့်အမျှ ရိုးရာအစဉ်အလာ ဘာသာတရားများမှာလည်း ထပ်မံကြီးထွားလာသည်။ ဘုရားစေတီအသစ်များ တည်ဆောက်လာကြသလို အဟောင်းများကိုလည်း ပြုပြင်မွမ်းမံလာကြသည်။ ဘုန်းကြီးကျောင်းများသို့ ရောက်ရှိလာသူ အများစုမှာ ကျေးလက်မှ ဆင်းရဲပြီး ပညာရေး အဆင့်အတန်း နိမ့်ကျသည့် မိသားစုများမှ ဖြစ်သလို ဘုရားစေတီ အများအပြားမှာလည်း ကမ္ဘာလှည့်ခရီးသည်များ လေ့လာကြည့်ရှုရန် နေရာမျိုးသာ ဖြစ်ခဲ့သည်။ ဘုန်းကြီးကျောင်းများမှာ လက်မှတ်ထုတ်ပေးရန်၊ ကျောင်းတိုက်သို့ လာရောက်ရန်မျှသာ လုပ်ဆောင်ကြသည်။

နောက်ပိုင်းတွင် ယခုအခါ တရုတ်လူမျိုး အများအပြားသည် ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာပြီး တိဘက် ဗုဒ္ဓဘာသာကို သိသာစွာ ပိုမိုကိုးကွယ်လာသလို လက်ရှိခန့်မှန်းချက်အရ ဗုဒ္ဓဘာသာဝင်ဦးရေ ၂၀ ရာခိုင်နှုန်းရှိ သည်။ လူအများစုသည် ပိုမိုကြွယ်ဝလာကာ အလုပ်များလာသည်နှင့်အမျှ တရုတ်နှင့် တိဘက် ဗုဒ္ဓဘာသာမှ တစ်ဆင့် စိတ်ဖိစီးမှု ပပျောက်အောင် ကြိုးစားလာကြပြီး တိဘက် ဗုဒ္ဓဘာသာကို ဟန်တရုတ်လူမျိုးများက အထူးစိတ်ဝင်စား၍ တိဘက် လားမား ဘုန်းတော်ကြီး များက တရုတ်ဘာသာဖြင့် ပိုမိုသင်ကြားလာကြသည်။ တိဘက်ဒေသသို့ ဗုဒ္ဓဘာသာမှာ ၇ ရာစုကတည်းက ရောက်ရှိခဲ့ပြီး နောက်ပိုင်းရာစုနှစ်များအတွင်း နန်းတွင်း အထက်တန်းလွှာတို့၏ ကြီးကြပ်ထောက်ပံ့မှုတို့ဖြင့် တိဘက်ဒေသရှိ ရှင်သန်မှု အစိတ်အပိုင်းများအတွင်း ထိုးဖောက်ဝင်ရောက်လာသည်။

တရုတ်နိုင်ငံမှ ရောက်ရှိလာသည့် အရှေ့အာရှ မဟာယာန ဗုဒ္ဓဘာသာ အစဉ်အလာများမှာ တိုင်ဝမ်နှင့် ဟောင်ကောင်တွင် အခိုင်မာဆုံးဖြစ်လာခဲ့သည်။ တိုင်ဝမ်တွင် သာမန်လူတို့က အလွန်ရက်ရောစွာ ပံ့ပိုးကြသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ရဟန်း၊ သီလရှင် အသိုက်အဝန်းအခိုင်အမာရှိပြီး ဗုဒ္ဓဘာသာ တက္ကသိုလ်များလည်း ပေါ်ထွန်းလာခဲ့သလို ဟောင်ကောင် တွင်လည်း ဘုန်းတော်ကြီးကျောင်းများ ထွန်းကားလာခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရလက်ထက်တွင် “အသိအမှတ်ပြုဘာသာ” ငါးခုကို ခွင့်ပြုခဲ့ပြီး ယင်းအနက်တွင် ဗုဒ္ဓဘာသာမှာ အပါအဝင်ဖြစ်လာခဲ့သည်။ တစ်ကမ္ဘာလုံးတွင် အစဉ်အလာမဟုတ်သည့်ဗုဒ္ဓဘာသာ နိုင်ငံများအတွင်း ဗုဒ္ဓဘာသာ ပုံစံအားလုံးကို မြင်တွေ့ရပြီး အာရှဒေသမှ ရွှေ့ပြောင်းနေထိုင်သူများနှင့် အာရှဒေသမှမဟုတ်သော ဘာသာဝင်များအဖြစ်ဖြင့် အဓိက အုပ်စုကြီးနှစ်ခုဖြစ်ကြကြောင်း သုတေသီများက ပြဆိုထားသည်။ အာရှဒေသတွင် အထူးသဖြင့် အမေရိကန်၊ ဩစတြေးလျနှင့် ဥရောပတို့ရှိ ရွှေ့ပြောင်းနေထိုင်သူများက ကိုယ်ပိုင်အစဉ်အလာဖြင့် ကျောင်းတိုက်များစွာ ရှိပြီး ကိုးကွယ်ကျင့်သုံးမှုကို လူသိများစေရန်နှင့် ရွှေ့ပြောင်းနေထိုင်သူများကြား ကိုယ်ပိုင်ယဉ်ကျေးမှု အမှတ်အသားများ ထိန်းသိမ်းကူညီပေးရန် ရည်ရွယ်ကြသလိုလက်ရှိတွင် အမေရိကန်နိုင်ငံ၌ ဗုဒ္ဓဘာသာဝင် လေးသန်းကျော်နှင့် ဥရောပတွင် ဗုဒ္ဓဘာသာဝင် နှစ်သန်းကျော် ရှိသည်ဟု သုတေသန အချက်အလက်များ၌ အခိုင်အမာပြဆိုထားသည်။

ဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် စတင်ပေါ်ပေါက်ရာမှ ဗုဒ္ဓတရားတော်များမှာ အာရှတိုက်နိုင်ငံများနှင့် ယဉ်ကျေးမှုများ ပျံ့နှံ့ရောက်ရှိပြီး ဒေသခံပြည်သူများက မိမိတို့ကိုယ်ပိုင် ရိုးရာအစဉ်အလာ ယုံကြည်မှုများနှင့် လိုက်လျောညီထွေသော အစိတ်အပိုင်းများကို ပြုပြင်ပြောင်းလဲယူခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ အမျိုးအစားများစွာ ဖြစ်ပေါ်လာသည်ဟု ဆိုထားကြသည်။ ထိုသို့များစွာသော အမျိုးအစားတိုင်းတွင် ကိုယ်ပိုင်ချဉ်းကပ်မှုနှင့် ပုံစံတို့ ရှိကြပြီး အရေးပါသော တရားတော် လက္ခဏာရပ်များကို ထိန်းသိမ်းထားကြသည်။

ဘာသာရေးအရ ဆက်နွယ်မှုရှိသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် သာသနာပြုလုပ်ငန်းများ အပြန်အလှန်လုပ်ဆောင်လေ့ရှိသလို ဘာသာရေးပြန့်ပွားမှုအတွက် ဆောင်ရွက်ခြင်းများရှိသည်။ ကမ္ဘာ့ ဗုဒ္ဓ ဘာသာဝင် အများဆုံးရှိရာ နိုင်ငံအဖြစ်လည်း ဆိုထားသလို တရုတ်ဘုန်းတော်ကြီး အများစုသည် မဟာယာနဂိုဏ်းဝင်များ ဖြစ်ကြပြီး တရုတ်ဗုဒ္ဓဘာသာဝင် သန်း ၂၀၀ အနက်တွင် သံဃာဦးရေမှာ တစ်သိန်းဝန်းကျင်ရှိကြောင်းကို မှတ်တမ်းအချို့က ဖော်ပြထားကြသည်။

ဗုဒ္ဓဘာသာ၏ အဓိကဂိုဏ်းကြီးနှစ်ခုအနက်တွင် မဟာယာနဂိုဏ်းမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာဓလေ့ထုံးတမ်း၊ ကျမ်းစာ၊ အတွေးအခေါ်နှင့် ကျင့်စဉ်များပါဝင်သော ကြီးမားသည့်ဂိုဏ်းတစ်ခုလည်းဖြစ်သလို အခြားဂိုဏ်ကြီးတစ်ခုမှာ ထေရဝါဒဖြစ်သည်။ အရှေ့တောင်အာရှတွင် ကျင့်သုံးသော ထေရဝါဒဗုဒ္ဓဘာသာသည် သတိဖြင့် တရားရှုမှတ်ခြင်းကို အလေးထားပြီး တရားထိုင်နေစဉ် ဝင်လေထွက်လေနှင့် ခန္ဓာကိုယ်၏ ထိတွေ့မှုများကိုလည်းကောင်း၊ ဖြေးညင်းစွာ လမ်းလျှောက်ရင်း လှုပ်ရှားမှုများ၊ ရည်ရွယ်ဆောင်ရွက်မှုများကို လည်းကောင်း အာရုံစိုက်ပြီး အနှိုင်းမဲ့မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ၊ မုဒိတာတို့အပေါ်တွင် တရားရှုမှတ်ရန်လည်း သင်ကြားကြသည်။

မဟာယာနသည် ဘီစီတစ်ရာစုခန့်မှစ၍ အိန္ဒိယတွင် စတင်ခဲ့ပြီး ဂိုဏ်းအားဖြင့် မဟာသံဃိကဂိုဏ်းမှ စတင်မြစ်ဖျားခံ၍ ဖြစ်ပေါ်လာသလို မဟာယာနတွင် အချို့သော ဗုဒ္ဓအဆုံးအမ၊ ကျမ်းစာများကို လက်ခံသော် လည်း တိုးချဲ့မှု၊ ပယ်ဖျက်မှု များစွာပါရှိသလို ဥပမာ မဟာယာနသုတ္တံကဲ့သို့သော ကျမ်းစာများကို ပေါင်းထည့်ခြင်းမှာ အထင်အရှားပင်ဖြစ်သည်။ မူလအစပိုင်းတွင် ဘာသာရေးသဘောတရားအရွေ့၌ သေးငယ်သော်လည်း မဟာယာနသည် အိန္ဒိယဗုဒ္ဓဘာသာအဝန်းတွင် စွမ်းအားကြီးသော အားတစ်ရပ်ဖြစ်ခဲ့သည်။ နာလန္ဒာ၊ ဝိကရာမာရှိလာ ကဲ့သို့သော မဟာယာနနှင့် ဆက်စပ်သည့် ပညာသင်ကြားရာနေရာများသည်လည်း ၇ ရာစုနှင့် ၁၂ ရာစုတို့တွင် ရှင်သန်ဖြစ်ထွန်းခဲ့ကြသည်။ သမိုင်းတစ်လျှောက်၌ တောင်အာရှ၊ အလယ်အာရှ၊ အရှေ့အာရှ၊ အရှေ့တောင်အာရှများသို့ ပြန့်နှံ့ခဲ့ကြပြီး ယနေ့ခေတ်တွင် တရုတ်၊ ထိုင်ဝမ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ နီပေါ၊ မလေးရှား၊ ဘူတန် စသည့် နိုင်ငံတို့တွင် ဆက်လက်တည်ရှိ၍ အားကောင်းလျက်ရှိသည်ကို မှတ်တမ်းများ၌ ဖော်ပြထားသည်။

အရှေ့အာရှဒေသတွင် ၂၀၁၀ ပြည့်နှစ်က ပြုလုပ်ထားသည့် စစ်တမ်းအရ မဟာယာန ဗုဒ္ဓဘာသာ ကိုးကွယ်သူမှာ ၅၇ ရာခိုင်နှုန်းဖြင့် အကြီးမာဆုံးသော ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး ဝဇီရာယယမဂိုဏ်းမှာ ၆ ရာခိုင်နှုန်း၊ ထေရဝါဒဂိုဏ်းမှာ ၃၆ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီးရှိကြသည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူပေါင်း ၄၆ သန်းရှိပြီး ယင်းအနက်တွင် သံဃာတော်မှာ ၅၆၀၀၀၀ ဝန်းကျင်ရှိသလို အချိုးအားဖြင့် လူ ၁၀၀၀ အနက်တွင် သံဃာတော် ၁၂  ပါးနှုန်းရှိနေသည့် အခြေအနေဖြစ်သည်ဟု သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ၌ ဖော်ပြထားသည်။ တရုတ်နိုင်ငံနှင့် အရှေ့တောင် အာရှ နိုင်ငံများကြားတွင် ထေရဝါဒ ဗုဒ္ဓဘာသာမှာလည်း ယနေ့အချိန်အထိ သိသာမြင်သာသော ယဉ်ကျေးမှုဆိုင်ရာ ဆက်သွယ်နေသလို ထေရဝါဒ ဗုဒ္ဓဘာသာဝင် အများစုရှိရာ နိုင်ငံများဖြစ်သည့် မြန်မာအပါအဝင် ထိုင်း၊ လာအို နှင့် ကမ္ဘောဒီးယားတို့က ဆက်နွယ်လျက်ရှိကြပြန်သည်။

ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များကို ထိန်းသိမ်းသည့်နေရာတွင် တရုတ်ပြည်မှာ ထင်ရှားလျက်ရှိသလို နာမည်ကျော်ကြား လျက်ရှိသည်။ နှစ်နိုင်ငံဘာသာရေးအရ ဆက်နွယ်မှုတွင် တရုတ်ပြည်က ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ ပင့်ဆောင်ကာ ပူဇော်ခံခဲ့ဖူးသည်မှာလည်း အထင်အရှားတစ်ခုပင်ဖြစ်သည်။ မြန်မာပြည်ဝန်ကြီးချုပ် ဦးနုလက်ထက် ၁၉၅၅ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ပင့်ဆောင်ခဲ့သည်။ ဗုဒ္ဓမြတ်စွယ်တော်ကို ထိုစဉ်က ပင့်ဆောင် ပူဇော်ခံရာတွင် ယင်းအောက်တိုဘာလမှ နောက်နှစ်ဇွန်လအထိ မြန်မာနိုင်ငံ၌ ကိန်းဝပ်စံပယ်၍ ပူဇော်ထားရှိကာ ပြည်သူ ပြည်သားများ ကြည်ညိုသဒ္ဒါပွားများနိုင်အောင် စီမံပေးခဲ့ကြသည်။ ထို့နောက် ၁၉၉၄ ခုနှစ်၊ ၁၉၉၆ ခုနှစ်၊ ၂၀၁၁ ခုနှစ်တို့တွင် တစ်ကြိမ်စီ ပင့်ဆောင်ပူဇော်ခဲ့ကြပြီး စုစုပေါင်း လေးကြိမ်တိတိ မြန်မာနိုင်ငံသို့ ပင့်ဆောင်ခွင့်ပြုခဲ့ခြင်းလည်းဖြစ် သည်။

ထို့အပြင် ဘာသာရေးအရ သာသနာပြုလုပ်ငန်းများအတွက်လည်း နှစ်နိုင်ငံညှိနှိုင်းခွင့်ပြုကာ လုပ်ဆောင်ခဲ့ကြသလို အနာဂတ် ကာလတွင် ကိုးကွယ်ယုံကြည်မှုများကြား နှစ်နိုင်ငံဘာသာရေးအရ ဆက်နွယ်မှုများ ကလည်း အဓွန့်ရှည်ကြာကာ တည်တံ့ခိုင်မြဲနေဦးမည်ဖြစ်ပေသည်။

ဧပရယ်လ်