【 ဆောင်းပါး 】ဘီလူးကျွန်း ငါးသလောက်

【 ဆောင်းပါး 】ဘီလူးကျွန်း ငါးသလောက်

ဝီကီပီးဒီးယားကိုခေါက်ကြည့်လိုက်တော့ ငါးသလောက်၏ ပါဏဗေဒအမည်မှာ 'ဟီလဆာ အလီရှား'ဟု ခေါ်သည်တဲ့။ အရသာရှိသော ငါး။ရေချို ရေငန် နှစ်ရပ်စလုံးတွင် နေနိုင်၊မိုးတွင်း အခါ၌ ဥ ဥရန် ပင်လယ်မှ မြစ်ထဲသို့ဆန်တက်လာလေ့ရှိသည်တဲ့။

အရသာရှိသောငါးဆိုတာကိုသိသည်။ရေချိုနဲ့ရေငန်နှစ်နေရာစလုံးတွင် နေနိုင်သည်ဆိုတာကိုတော့ ကြားဖူးသည်။ ဟီလဆာအလီရှားတို့ ဥ၊ဥဖို့ မြစ်ထဲဆန်တက်လာတာတို့တော့မသိ။ ဘာပဲဖြစ်ဖြစ် ငါးသလောက် ကို ငါးသလောက်လို့မသိခဲ့လျှင်တောင် စားလို့ရတာသေချာသလို စားလို့ကောင်းမှာလည်း သေချာသည်။

ငါးသလောက်ကို ချက်စားမလား၊ပေါင်းစားမလား ကြိုက်သလိုလုပ်ကောင်းတယ်ဆိုတဲ့ အစားတွင် ထိပ်ဆုံးတန်းက ဖြစ်သည်။ထို့ကြောင့် တော်တော်များများက ငါးသလောက်ကြိုက်မှာ သေချာသလို ကျနော်လည်းငါးသလောက်တော်တော်ကြိုက်သည်။သို့သော်၊ကျနော့်အဖေ၏အဘိုးတစ်ဦး ငါးသလောက်ကြိုက်ပုံ မျိုးကိုတော့ တော်ရုံလူမမီ။ထိုအဘိုးက ငါးသလောက်ဘယ်လောက်ကြိုက်သလဲဆိုတော့ ၄၅ရက်ဆိုလား ငါးသလောက်ကို ချည်းညမနက်စားခဲ့တာဟုသိရသည်။

အဲဒီအဘိုးကိုကျနော်မမီ၊ကျနော့်အဖေပြောပြလို့ သိခြင်းဖြစ်သည်။နေ့စဉ် ငါးသလောက်ပေါင်းစားလိုက်၊ချက်စားလိုက်၊ငါးသလောက်ပေါင်းကိုပဲ သုပ်စားလိုက်၊ပြီးတော့ ငါးသလောက်ကြော်၊ငါးသလောက် ကင် ဆိုပြီး ၄၅ရက်ကြာစားလို့ရသမျှနည်းမျိုးစုံသုံး လုပ်စားခဲ့သည်တဲ့။

ဘာ့ကြောင့် ဒီလောက်ရက်ကြာကြာ ငါးသလောက်ချည်းပဲစားရတာလဲဟု မေးကြည့်တော့ အဖေ က ကြိုက်လို့စားတာဟုသာပြန်ဖြေသည်။ ၄၅ရက်ကြာ ငါးသလောက်ချည်းစားနေခြင်းမှာ ကြိုက်တာတစ်ခုတည်းကြောင့်မဖြစ်နိုင်။ငါးသလောက်ကို ၄၅ရက်ကြာ စားခဲ့သည်ဆိုသော ဂုဏ်ရယူလိုခြင်း ကြောင့်ဖြစ်မည်ဟုထင်၏။          

အဲဒီအဘိုးတို့လက်ထက် လွန်ခဲ့သည့် နှစ်၁၅၀၊၂၀၀လောက်တုန်းက သက်သောင့်သက်သာနေခွင့်ရသည့် ကာလမို့ စိတ်ကူးတည့်ရာလျှောက်လုပ်ခြင်းလည်း ဖြစ်နိုင်သည်။သက်သောင့်သက်သာဆိုသည်မှာ ထမင်း နပ်မှန်ဖို့မပူရခြင်းကို ဆိုလိုသည်။ကျနော့်အဘိုးမှာ ထမင်းနပ်မှန်ရုံတင်မက စီးပွားရေးသောင်သာသည့်ဘဝကို ပိုင်ဆိုင်ထားသူမို့ ပို၍စိတ်ကူးတည့်ရာလျှောက်လုပ်ခြင်းလည်းဖြစ်နိုင်သည်။

အဖေက သူ့အဘိုးငါးသလောက် ၄၅ရက် စားကြောင်း ကြုံလျှင်ကြုံသလို ပြောတတ်လေ့ရှိသလို ကျ နော့်ညီမကလည်း အဖေသူ့အဘိုးအကြောင်းပြောတိုင်း ‘ဖေဖေ့အဘိုး၄၅ရက် လောက်တော့ ကောင်လေးတို့သနားတယ်။ကောင်လေးဆို တစ်သက်လုံးငါးစားတာ’ဟုပြန်နောက်လေ့ရှိသည်။

ကောင်လေးဆိုတာက ကျနော်တို့အိမ်က အင်မတန်လိမ္မာသည့်ကြောင်။မွေးကတည်းက အမေမရှိ၊ကျနော်တို့အိမ်သားကိုသာ အဖော်ပြုနေလာတာကြောင့်ရော ဉာဏ်ရည်ကလည်းမြင့်၊တောကြောင်လည်းစပ်သဖြင့် ကျနော်တို့မိသားစုဝင်အဖြစ် သတ်မှတ်ချစ်ခင်ခြင်းခံရသောကြော့ဖြစ်သည်။

ထိုကြောင်ကောင်လေးက ငါးပြုတ်ကိုသာ မက်မက်စက်စက်စားသည်။ ငါးပြုတ်များများ ထမင်းနည်းနည်း၊တစ်နေ့ကို အနည်းဆုံး၁၀ခါလောက် တောင်းစားလေ့ရှိသည်။ကျနော်တို့ကလည်း အလိုလိုက်ထားသဖြင့် သူတောင်းသလောက်ကျွေးသည်။

တခြားကြောင်တွေလို ပုစွန်ခြောက်ချကျွေးလည်းမစား၊ကြက်သားကြော်တို့ဘာတို့ နည်းနည်းစားပြီး ဟင်းဆိုလျှင် ဘာဟင်းမှမစားဘဲ သူ့ငါးပြုတ်ကိုသာ သေသည်အထိ စွဲစွဲမြဲမြဲစားခဲ့ခြင်းဖြစ်သည်။ ကောင်လေးအသက် ၁၆နှစ် ကျော်မှ သေသဖြင့် ၁၆နှစ်စလုံး ငါးပြုတ်စားခဲ့ခြင်းဖြစ်သည်။

ကျနော့်ညီမက ထိုသို့ကောင်လေးနှင့်နှိုင်းပြောသည့်အခါတိုင်း အဖေက မကြည်။ညီမက တစ်ခါတစ်ရံလျှောက်ပြောသေးသည်။ ‘၄၅ရက်စလုံး ငါးသလောက်ဘယ်ကရသလဲ’ဟူ၍။

ဘီလူးကျွန်းအကြောင်းမသိသူများအတွက် ၄၅ရက်စလုံး ငါးသလောက်ရပါ့မလားလို့ မေးချင်စရာ။ ကျနော်မှတ်မိသလောက်ပြောရရင် ဘီလူးကျွန်းတွင် ငါးသလောက်ရရှိမှုမှာ ၄၅ ရက် တင်မက ဆောင်းတွင်း တစ်တွင်းလုံးကို ရခဲ့သည့်ပုံ။

၄၅ရက်တာ ငါးသလောက်စားသော အဘိုးတို့နေသည့်မရမ်းရွာမှာ ငါးသလောက်ရာသီဆို ငါးသလောက်လှိုင်လှိုင်ထွက်သော ရွာဖြစ်သည်။မရမ်းရွာမှာ သံလွင်မြစ်ကမ်းဘေးကရွာကြီး။ဆောင်းတွင်းဆို ငါး သလောက်အဖမ်းထွက်သည့်လှေလည်းများပုံရသည်။

ကျနော့်အဖေ၏အဖေမှာ မရမ်းရွာသား။မရမ်းရွာကနေ လှမ်းကြည့်လျှင်မြင်နေရသည့် သံလွင်မြစ်ပေါ် က ဟင်္သာကျွန်းတွင် အဘိုးကလယ်ပိုင်ရှင်ကြီး။အဘိုး တွင်စပါးတင်နွားတင် လှေခပ်ရွယ်ရွယ်တစ်စီးရှိသည်။ထိုလှေကို အဘိုးသူငယ်ချင်းအား လုပ်စားကိုင်စားရန် ပေးထားလေ့ရှိသည်။ငါးသလောက်ရာသီဆို အဘိုးသူငယ်ချင်းက ငါးသလောက်ဖမ်းသဖြင့် ကျနော်တို့လက်ဆောင်အမြဲရလေ့ရှိသည်။ဖမ်းမိတာကလည်းမနည်းမနော ဆိုတော့ လှေရှင်အဘိုးသည်လည်း စားမကုန်လောက်အောင်လက်ဆောင်ရသည် ။ထိုလက်ဆောင်ထဲတွင် အဘိုးမြေးကျနော်စားဖို့ ဥပါသည့်ငါးသလောက်ကမနည်း။ထို့ကြောင့် ကျနော်ငယ်ငယ်က အင်မတန်စား ကောင်းသောငါးသလောက်ဥကိုသာ အမြဲမပြတ်စားရလေ့ရှိသည်။

ထို့ပြင် ကထိန်ခင်းသည့်အချိန်မှာ ငါးသလောက်ပေါ်သည့်အချိန်မို့ ကျနော်တို့ကိုးကွယ်သည့် မြင့်မိုရ် တောင်ဘုန်းကြီးကျောင်းကထိန်ခင်းလျှင် ငါးသလောက်ပါမြဲ။ကထိန်အတွက်ငါးသလောက်ကို အဘိုးက တာဝန်ယူမှာပေး၊လှည်းနဲ့သွားတိုက်ပြီးသယ်။ထိုအချိန်က ငါးသလောက်တော်တော်မိသဖြင့် ဈေးလည်းသိပ် မကြီး၊ဆင်းရဲသားတောင် အမြဲမဟုတ်တောင် နည်းနည်းမကစားနိုင်သည်။

ပြောရလျှင် မဆလခေတ်လောက်အထိ ငါးသလောက်ဆိုသည်မှာ ဆောင်းရာသီ ဘီလူးကျွန်းထွက် ဘီလူးကျွန်း၏အမှတ်လက္ခဏာတစ်ခုဟုပင်ဆိုနိုင်သည်။ဆောင်းရာသီဆို ကျနော်တို့ ဘီလူးကျွန်းတစ်ကျွန်း လုံး ငါးသလောက်စားလိုက်ကြတာမှ အကြောအချဉ်တွေကို တက်လို့။

ကျနော်လူပျိုအရွယ် ၁၉၉၀ ပြည့်နှစ်ကျော် လောက်ရောက်တော့ ငါးသလောက်အထိ အမိနည်းလာသည်ဟု ကြားမိသည်။ ကျနော်က ရန်ကုန်ရောက်နေပြီမို့ သိပ်မခံစားမိ။သက္ကရာဇ် ၂၀၀၀လောက်ရောက်တော့ ဘီလူးကျွန်းသားများပင် ငါးသလောက်ကိုသိပ်မမြင်ဖူးတော့သည့်ဘဝ။ ငါးသလောက်အထိအမိနည်းလာသလို မိသမျှငါးသလောက်တို့သည်လည်း ဈေးပိုရသည့် အိတ်စပို့လမ်းကြောင်းထဲ ဝင်သွားသဖြင့် တကယ့်ကိုရှားကုန်ဖြစ်သွားခဲ့သည်။စားချင်လျှင်ဈေးကြီးပေးဝယ်စား။ဈေးကြီးပေးမစားနိုင်လျှင် ငါးသလောက်အာသာပြေ ငါးသလောက်ယောက်ဖကို ဝယ်စား။

ငါးသလောက်ယောက်ဖဆိုတာက ငါးသလောက်အရသာနည်းနည်းပါးပါးရသည့် ငါးသလောက် လောက်မကြီးသည့်ငါး။ကျနော်ကတော့ မကြိုက်သဖြင့် မစားရလျှင်နေ ငါးသလောက်ရမှသာ ငါးသလောက် ကို စားသည်။

အခုကတော့ ငါးသလောက်ဆိုသည့်ဝေါဟာရ တော်တော်တိမ်ုပ်သွားပြီလားမသိ။ငါးသယံဇာတကို ထိန်းသိမ်းရကောင်းမှန်းမသိ၊စည်းမရှိကမ်းမရှိခြင်း၏အကျိုးဟုဆိုလျှင်မမှား။အရင်လိုဖြစ်အောင်ပြန်လည်ပျိုးထောင်ဖို့ပင် လွယ်ပါ့မလား။ယခုအတိုင်းသာ စည်းမဲ့ကမ်းမဲ့ဆက်လှမ်းနေမည်ဆိုပါက လာမည့်နှစ်၃၀မတိုင်မီ ငါးသလောက်ဆိုသည့်ဝေါဟာရ မြန်မာအဘိဓာန်ထဲကပင် ပျောက်ကွယ်သွားနိုင်ပါသည်။

 

ငြိမ်းဆက်