【 ဆောင်းပါး 】မကူနိုင် မကယ်နိုင်တဲ့ ဘ၀တွေ

【 ဆောင်းပါး 】မကူနိုင် မကယ်နိုင်တဲ့ ဘ၀တွေ

ကျနော်နေသည့်နေရာမှာ ရန်ကုန်အနောက်ခြမ်းလို့ခေါ်သည့် လှိုင်သာယာလို့နေရာမှာ ဖြစ်သည်။ ထိုနေ ရာလူတွေကို ရန်ကုန်မြို့အခြားနေရာကလူတွေ လန့်ကြသည်။ ဒီနေရာက  ရန်ကုန်တွင် အောက်ခြေလူတန်းစား အများစုနေသည့်နေရာအဖြစ် လူတွေသတိထားမိသလို ဆိုးလှသွမ်းလှသည်လူတွေများသည့်နေရာအဖြစ် လည်း သိကြသည်။ သို့သော် ထိုနေရာတွင် လူတွေသတိ မထားမိသည့် အရာတစ်ခု ယခုထိရှိနေသေးသည်။ ထိုသည်မှာ မြန်မာဓလေ့ထုံးတမ်းစဉ်လာဖြစ်သည့် တစ်ဦး နှင့် တစ်ဦးရိုင်းပင်းကူညီကြ၊စောင့်ရှောက်ကြသည့် ဓလေ့ကောင်း တစ်ခုပင်။  မထင်မှတ်ဘဲ ဖျပ်ကနဲ့ မြင့်ခဲ့ရသည့်  ထိုဓလေ့ကြောင့် ယခု ဆောင်းပါးကိုရေးဖို့ ဖြစ်လာခဲ့ သည်။

ရပ်ကွက်တွင် ကျနော်ထိုင်နေကြ လဘက်ရည်ဆိုင်တစ်ခုရှိသည်။ မနက်ဆိုလျှင် ထိုလဘက်ရည်ဆိုင်က လူစည်သည်။စျေးကလည်း ဆင်းရဲသားလူတန်းစားအများစုတတ်နိုင်စျေးသာ ယူသည်။ သို့သော် ဆိုင်အ ဆင်အ ပြင်က သိပ်အကောင်းချည်းမဟုတ်။ ကော်ခုံ၊ကော်စားပွဲနှင့်။ စားစရာက တခြားသော စားဖွယ်စုံအမည်ခံဆိုင် တွေ လို့ စားချင်တာမရ။ လဘက်ရည်ရမည်၊ စမူဆာရမည်၊အီကြာကွေးရမည်။ ပလာတာရမည်။ ခါဂျာရမည်။ နောက် ဆိုင်နှင့်တွဲထားသည် အသုတ်ဆိုင်ကနေ ငရုတ်ဆီရဲရဲနှင့် သုပ်ပေးသည့် ကြာဇံကြော်သုပ်၊ ခေါက်ဆွဲကြော်သုပ်ရ မည်။ ဒါပဲ ဖြစ်သည်။ လဘက်ရည်က ဆိုင်သောက် ၅၀၀ ၊ ပါဆယ် ၁၀၀၀။ ရှယ်ဆို ၇၀၀၊ ရှယ်ပါဆယ် ၁၂၀၀ ဖြစ် သည်။ အသုပ်ကတော့ ယခုထိ တစ်ပွဲ ၃၀၀ ကနေ မတက်သေး။ မြိုထဲမှာ ခိုကျွေးသည့် ကော်ပန်ကန်ပြားမျိုးဖြင့် တစ်ပွဲ သုံးရာဆိုတော့ သူအရပ်နှင့် သူ့ဇာတ်က အဆင်ပြေသည်။ စျေးမတက်တာကလည်း တက်လို့မရတာနှင့် ခေါက်ဆွဲစက်၊ကြာဇံစက်က အကျိုးအကြေကို ယူပြီး ကြော်ရောင်းတာဖြစ်လို့ စျေးမတက်ခြင်းဖြစ်သည်။ တကယ် လည်း စျေးတက်လို့မရ။ ဒီရပ်ကွက်မှာ အသုပ် ၃၀၀ ဖြင့် တစ်ပွဲဝယ်ပြီး ထမင်းဖြင့်ရောကာ နှစ်ယောက် စားကြရ သည့် မိသားစုတွေ အများကြီ။ ဒီကြားထဲ အမေကနောက်နေ့မှပေးမည်ဆိုပြီး အကြွေးလာဝယ် တာတွေလည်း ရှိသေးသည်။

ညနေဆို လဘက်ရည်ဆိုင်က လူသိပ်မစည်။ နောက်လမ်းက အရက်ဖြူဆိုင်မှာသာ လူစည်သည်။ အရက် ဆိုင်ကလည်း စျေးချိုသည်။ အမြည်းတွေက တစ်ရာနှစ်ရာတန်ကနေ အများဆုံး တစ်ထောင်သာ။ ဆွမ်းတင်သည့် စတီးခွက်လေးနှင့် အမဲကြော် တစ်ပြားနှစ်ပြားကို တစ်ထောင်။ ကြက်ရိုးလေးနှင့် ပဲဟင်းအရည်ကြဲက ထိုအရက် ဆိုင်၏ အကောင်းဆုံးမီနူးဖြစ်သည်။ ဒီတော့ ဒီအရပ်ကလူတွေအတွက် မနက် အလုပ်မသွားခင် လဘက်ရည်ဆိုင် ဝင်ပြီး ညနေအလုပ်ပြန် အရက်ဖြူဆိုင်သို့ ဝင်ရသည်မှာ ပုံမှန်ဘ၀။ ဒီတော့ ရပ်ကွက်ထဲ ရှေ့လမ်းနောက်လမ်း သမားဆို ဘာလဲဆိုတာ သိကြပြီ။ ညနေ အလုပ်ပြန်ကြသည့်အခါ အလုပ်ထဲကနေ အိမ်အတွက်သုံးလို့ရတာတွေ ယူလာပြီး အရက်ဆိုင်မှာ တစ်ခါတစ်လေ လဲသောက်ကြတာတွေလည်း ရှိသည်။ ဒီရပ်ကွက်မှာက ပရံသမား၊ လက် သမားပေါသဖြင့် လဘက်ရည်ဆိုင်အတွက် ထင်းမရှားသလို ရပ်ကွက်ထဲ ရန်ပွဲလည်းမရှားပေ။

ဒီလိုနေရာမှာ ကျနော်ကနေသည်။ ကျနော်ကို လမ်းထဲက ကျူရှင်ပြသဖြင့် ဆရာကြီးဟုခေါ်သည်။ လေး လေးစားစားလည်းရှိသည်။ ကျနော်ကလည်း နေရာတကာမပါသဖြင့်လည်း ဒီလိုလေးစားတာဖြစ်မည်။ သို့ သော် တကယ်လေးစားတာလား၊ ကလေးတွေ ပြောသလို အထာထားတာလားဆိုတာ ကျနော် မသိ။ လဘက်ရည်ဆိုင် ထိုင်လျှင် ကျနော်ထိုင်သည့်၀ိုင်းမှာ သိပ်လာမထိုင်။ ကျနော်လာထိုင်ပါခေါ်မှ လာသည်။ သူတို့မှာ ရုံးပြင်ကန္ဒားကိစ္စ တွေရှိသည့်အခါ ၊ မိသားစုကိစ္စတွေ ပေါ်သည့်အခါ ကျနော်ကိုတော့ တိုင်ပင်တတ်သည်။ ထိုသို့ သုံးလို့ရသဖြင့် ကြောင့်လားမသိ ရန်ဖြစ်နေသည့်အခါ ကျနော်လာပါက အနည်းငယ်တော့ အရှိန်လျော့သွားသည်။ ဒါကိုပဲ ကျနော် က ကြည်နူးကာ နေပျော်နေခြင်းဖြစ်သည်။

ဒီလိုပြောသဖြင့် တစ်ရပ်ကွက်လုံး၊တစ်လမ်းလုံးဒီလိုထင်နေဦးမည်။ အတော်အသင့်ချောင်လည်သူတွေ လည်းရှိသည်။ အချို့မှာ ၂၀၁၅ နောက်ပိုင်းမှ စည်ကားလာသဖြင့် ပြောင်းလာသူတွေဖြစ်ပြီး ရပ်ကြေး ရွာကြေး လက်မနှေးသော်လည်း ရပ်ကွက်ထဲ သီးသီးခြားခြားနေတတ်ကြသူတွေလည်း ရှိသည်။ထိုသူတွေနှင့် မူလအခံ နေထိုင်သူများအကြား ဆက်ဆံရေးမှာ ခပ်တန်းတန်းဖြစ်သော်လည်း နှစ်ဘက်လုံးနှင့် ကျနော်က အဆင်ပြေသဖြင့် ကြားခံမှာ ကျနော်ဖြစ်နေသည်။ ဒီတော့ ရပ်ထဲရွာထဲ ဖြစ်သည့်ကိစ္စအတော်များများ ကျနော်သိသည်ကများသလို လဘက်ရည်ဆိုင်မှာလဲ ကျနော်ထိုင်သည့် ၀ိုင်းက လူစည်သည်။

ဒီရက်ပိုင်းမိုးများနေသဖြင့် မနက်ဘက် လဘက်ရည်ဆိုင်မထွက်ဖြစ်။ ယနေ့မနက်တော့ သာသာယာ ယာ ရှိသဖြင့် လမ်းထိပ်ကိုထွက်ပြီး လဘက်ရည်ဆိုင်ထိုင်သည်။ ကျနော်လဘက်ရည်ဆိုင်ကိုရောက်တာစောသည်။ မနက် ၆ နာရီကျော်ကျော်ကတည်းက။ လမ်းမနှင့် ရပ်ကွက်ထိပ်ကို မီးတားလမ်းနှင့် လမ်းဘေးမြောင်းနေရာ ချန် ထားသဖြင့် ထိုနေရာတွင် လဘက်ရည်ဆိုင်က ခုံတွေ ခင်းထားသည်။ ထိုနေရာတွင် ဗာဒံပင်တစ်ပင်ရှိပြီး အရိပ်အ အုပ်ကောင်းသဖြင့် ထိုအပင်အောက်မှာ မိုးလေကင်းပါက ကျနော်ထိုင်တတ်သည်။ ယခု ထိုနေရာကို လူရွယ် တစ် ယောက်ထိုင်နေသဖြင့် ကျနော်တခြားနေရာမှာသွားထိုင်ရသည်။ ထိုထိုင်နေသူ ဘယ်သူလည်းဆိုတာ စိတ်ထဲ သိပ် မရှိသဖြင့် အသေအချာ ကျနော်မကြည့်မိ။  

လဘက်ရည်ဆိုင်မှာ နေမြင့်လာလေ လူစုံလာလေဖြစ်သည်။ ထိုလာသည့်လူတွေထဲက အသိတွေနှင့် ရပ် အကြောင်းရွာအကြောင်း၊မကောင်းသည့်အလုပ်အကိုင်တွေအကြောင်း၊ နိုင်ငံရေးတွေအကြောင်း ပြောရင်း ၀ိုင်း ထဲကလူက ထိုနေရာဘက်ကြည့်ရင်း..လှမ်းနူတ်ဆက်သည်။ ထို့နောက် ဒီဘက်၀ိုင်းလာရန်ခေါ်သည်။ထိုသို့ ခေါ်မှ ထိုသူမှာ ကျနော်တို့လမ်းထဲမှာနေခဲ့သူမှန်းသိတော့သည်။ ထိုသူမှာ ရုပ်ရော အရွယ်ကော ဒီမှာနေခဲ့တုန်း ကနှင့် မတူ၊ ကျလိုက်လေခြင်း။

ကျနော်တို့၀ိုင်းဘက် မဝံ့မရဲ့လာထိုင်ရင်း ဘယ်ရောက်နေလဲ၊ဘာလုပ်နေသလဲဆိုတာ ၀ိုင်းမေးကြမြန်းကြ သည်။ ဒီတော့ ထိုသူက  ဒီကနေပြောင်းပြီးနောက် ကျူးကျော်သည့်နေရာတွင် အိမ်လေးထိုးပြီးနေခဲ့ကြောင်း၊ နောက်တော့ ကျူးတွေဖျက်သဖြင့် ထန်းတစ်ပင် ရောက်သွားပြီး ဟိုဘက်က လယ်ကွင်းတွေထဲ တဲထိုးပြီး နေနေရ ကြောင်း၊ ယခုအခါ အလုပ်လည်းမရှိ၊စားစရာလည်းမရှိ၊ ကလေးတွေနှင့် မိန်းမဖြစ်သူကလည်း နေမကောင်းသဖြင့် အလုပ်လာရှာခြင်းဖြစ်ကြောင်း၊ ယခင်က သူနှင့် အလုပ်တွဲလုပ်ခဲ့ဘူးသူထံ အလုပ်တောင်းရန် ထိုသူအလုပ်သွား မည့် အချိန်ကို မနက်ကတည်းက လာစောင့်နေခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ဒီဘက်နှစ်ပိုင်း လူတွေ အတော်ကို ဒုက္ခရောက်ကြသည်။ အထူးသဖြင့် လက်လုပ်လက်စားလူတန်းစား တွေ အတော်လေး ဒုက္ခရောက်သည်။ နဂိုကတည်းက မပြေလည်သည့် ထိုလူတန်းစားမှာ ယခုကာလတွင် ဆိုဖွယ် ရာမရှိအောင် ဒုက္ခရောက်သည်။ဒီထဲ နေစရာမရှိတာက ပြဿနာဖြစ်သည်။ နေစရာရှိလျှင် စားစရာက ရှာလို့ ရသေးသည်။ နေစရာကော စားစရာကော မရှိသည့်အခါ အလကားနေလို့ရသည့်နေရာတွေမှာ တဲထိုးပြီး နေရင်း ဘ၀တွေ ပျက်ကုန်ကြသည်။ ကျနော်နေရာဒီအရပ်ကလည်း ပျံကျတွေများပြီး ထိုသူပြောသည့်လူကလည်း လက် ရှိတွင် အလုပ်ဆင်းတစ်ရက် မဆင်းတစ်ရက်ဖြစ်နေသည့် လူဖြစ်သည်။ ထိုသူလည်း အဆင်ပြေတစ်ရက် မပြေ တစ်ရက် ။ ဖိုးသူတော်လည်း မကယ်နိုင်၊တောင်ဝှေးလည်း မထူနိုင်ဆိုသလို ။  

ထိုသူနည်းတူ ကျနော်တို့လည်း ဘာထူးသနည်း။ ယခုချိန် အလုပ်မရှိသဖြင့်  ရှိတာလေးထုတ်စား၊ သမိုင်း မှာ လင်မယားနှစ်ယောက်အတူသွားနေ။ တူတူမတွေ ထောက်ပံ့နေတာလေးနှင့် သမိုင်းနှင့် လှိုင်သာယာကို ကူး ချည် သန်းချည်ဖြင့် နပ်မှန်အောင်နေရသည့်အခြအနေဖြစ်သည်။ သို့သော်လည်း မျက်စိတော့မှိတ်ပြီး အသည်းမမာ နိုင်။ အတူထိုင်နေသည့်သူက သူမနက်စျေးဖိုးထဲမှ ငွေငါးထောင်ထုတ်ပေးသည်။ကျန်သည့်သူတွေကလည်း တတ် နိုင်သလောက်ဆီ။ တစ်သောင်းခွဲလောက်ရှိမည်။ ထိုသူက အတန်တန်ငြင်းသည်။သူလည်း ယူရမှာမျက်နှာပူဟန် တူသည်။ စိတ်ထဲလည်း  ခံစားရသည်ထင်သည်။ နောက်တော့ အိတ်ထဲ အတင်းထိုးပေးသဖြင့် မျက်ရည်ဝဲ နေ သည်။နောက်တော့ သူမျှော်နေသည်လူ ရောက်လာသည်။ ထိုသူမှာ ညက အရက်ဆိုင်မှာများသွားသလားမသိ။ အရက်နံက ရသည်။ သို့သော် သူသူငယ်ချင်းအကြောင်းကြားတော့ မျက်နှာမကောင်း။ ဘာလို့ စောစောကတည်း က မလာတာလည်းဟု ဆူသည်။ အဆင်ပြေနေတယ်ထင်တာဟုလည်း ပြောသည်။နောက်တော့ သူတို့ လွတ် လွတ်လပ်လပ် စကားပြောနိုင်ရန် ကျနော်တို့ ၀ိုင်းကနေ ထလာခဲ့သဖြင့် ဘာတွေ ဆက်ပြောသလဲမသိတော့။  

လဘက်ရည်ဆိုင်ကနေ အိမ်သို့ပြန်လာသည့်လမ်းတစ်လျှောက်လုံး ဒီအဖြစ်က ကျနော်အတွေးထဲ  ဝေ့ လည်ဝေ့လည်နှင့်။ အစောပိုင်းလဘက်ရည်ဆိုင်ထိုင်နေတုန်းက ကျနော်ကို စီးပွားရေးမကောင်းကြောင်း ငြီးနေ ကြသည့်သူတွေ၊ အဆင်မပြေကြောင်း စိတ်ပျက်စရာကောင်းအောင်ငြီးနေကြသည့်သူတွေ၊ သူတို့ရှေ့မှာ တကယ် ဒုက္ခရောက်နေသည့်သူကိုတွေ့သည့်အခါ မရှိရှိတာ ဖဲ့ပြီး ပေးခဲ့ ကြသည်။ နည်းသည်များသည်ကို အသာထား။ ပေးရတာနည်းသည်ကိုပင် ဖြေပြောပြောနေကြသည်။ ခက်ခဲနေသည့် အခု ချိန် တွင် နည်းသည်များသည်ထက် ခေါင်းမရှောင်ဘဲ နိုင်သလောက် ကူချင်ကြတာကိုက စိတ်ကောင်းလေးတွေ မကုန်သေးပါလားဟု တွေးမိသည်။   

ဒီလို တစ်ယောက်နှင့် တစ်ယောက် ဖေးမလိုသည့် မြန်မာစိတ်ရင်းတွေ မပျောက်သေးသည်ကပဲ ယခု လို ကူရာမဲ့ကယ်ရာမဲ့ဘ၀မှာ ရအောင်ရှင်သန်ကြမည်ဆိုသည့် နေလိုသည့် စိတ်ကို ဖြစ်စေခြင်းလားဟု ကျနော်တွေး နေမိသည်။

    

 မောင်ဦးလွင်