【 ဆောင်းပါး 】မီးမလင်းသေးတဲ့ ကျေးလက်ဒေသတွေအတွက် အားထားရာ

【 ဆောင်းပါး 】မီးမလင်းသေးတဲ့ ကျေးလက်ဒေသတွေအတွက် အားထားရာ

မြန်မာတစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးသုံးစွဲသူ ပမာဏဟာ ၂၀၁၆ ခုနှစ်အထိ ၃၄ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။

၂၀၀၀ ခုနှစ်မတိုင်ခင်အထိ လျှပ်စစ်မီးမရသေးတဲ့ ကျေးလက်ဒေသအများစုမှာ မီးလင်းရေးအတွက် ရေနံဆီမီးနဲ့ ဖယောင်တိုင်မီးကိုသာ အဓိကအသုံးပြုနေရဆဲ ဖြစ်ပါတယ်။

ထိုအချိန်က ကျေးလက်ဒေသရဲ့ လူနည်းစုလောက်သာ ဘက်ထရီမီးကို အသုံးပြုကြပါတယ်။ ဘက်ထရီအိုးဆိုတာကလည်း လျှပ်စစ်နဲ့အားပြန်သွင်းရတာကြောင့် လျှပ်စစ်ရှိရာ နီးစပ်ရာမြို့ပေါ်တွေဆီကို သွားပြီးအားသွင်းကြရတာပါ။

လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ဒေသတွေဆိုရင် မြို့ပေါ်ထိ ဘက်ထရီအိုးကိုထမ်းပြီး အားသွားသွင်းကြရတာပါ။ တစ်ခါတလေဆို မြို့ပေါ်မှာ လျှပ်စစ်မီးမလာလို့ဆိုပြီး ဘက်ထရီအိုးထဲ အားဖြည့်လို့မရတာတွေလည်း ရှိတတ်ပါသေးတယ်။

ဘက်ထရီက ထွက်လာတဲ့ စွမ်းအင်ဆိုတာကလည်း သိပ်ကြာကြာအသုံးမခံပါဘူး။ တီဗီကြည့်တာနဲ့တင် တစ်ပတ်လောက်ဆို အားကုန်သွားလို့ အားထပ်သွင်းရပါသေးတယ်။ ဒီလိုနဲ့ အားသွင်းလိုက် ကုန်သွားလိုက် ထပ်သွင်းလိုက် နဲ့ သံသရာလည် နေရတာပါပဲ။ ထိုစဉ်က ကျေးလက်ဒေသတွေမှာ လျှပ်စစ်မီးမပြောနဲ့ ဘက်ထရီမီးတောင် နပ်မမှန်ခဲ့ပါဘူး။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးလက်ဒေသတွေအတွက် မျှော်လင့်ချက်တွေ စတင်တွေ့လာရပါတယ်။

ဒါကတော့ ဆိုလာစနစ်နဲ့ ဘက်ထရီအိုးထဲ အားသွင်းပြီးသုံးရတဲ့စနစ်ပါ။ ကိုယ်တတ်နိုင်တဲ့ စျေးပမာဏပေါ်မူတည်ပြီး ဆိုလားပြားတစ်ချပ်ဝယ်၊ ဘက်ထရီအိုးတစ်လုံးဝယ်လိုက်ပြီဆိုတာနဲ့ တီဗီ၊ အောက်စက် တွေသုံးဖို့နဲ့ မီးထွန်းဖို့အတွက်ကတော့ အဆင်ပြေပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလိုဆိုလာပြားတွေ စျေးကွက်ထဲစတင်ဝင်ရောက်ချိန်မှာ တန်ဖိုးကြီးတဲ့ ဆိုလာပြားတွေ ဖြစ်နေလို့ ကျေးလက်ဒေသက လူနည်းစုလောက်ပဲ အသုံးပြုနိုင်ပါသေးတယ်။

နောက်ပိုင်းတဖြေးဖြေးနဲ့ ပြည်ပနိုင်ငံအစုံက ဆိုလာပြားတွေ စျေးကွက်ထဲရောက်လာပါတယ်။ ဒီအထဲမှာ တရုတ် နိုင်ငံကထုတ်တဲ့ တန်ဖိုးနည်း ဆိုလားပြားတွေဟာလည်း စျေးကွက်အတွင်းဝင်ရောက်လာလို့ ကျေးလက်ဒေသတွေမှာ အိမ်တိုင်းလိုလို ကိုယ်လိုအပ်တဲ့ ပမာဏအပေါ်မူတည်ပြီး အသုံးပြုလာနိုင်တာဖြစ်ပါတယ်။

ဘက်ထရီ အားသွင်းဖို့အတွက် မြို့ပေါ်ကို ဘက်ထရီအိုးကြီးယူပြီး သွားပို့စရာမလိုတော့ပါဘူး။ နေရောင်ခြည် အပြည့်အဝမရတဲ့ မိုးတွင်းဘက်မှာတောင် သုံးစွဲမှုအနည်းငယ်ချွေတာလိုက်တာနဲ့ အဆင်ပြေပါတယ်။

အခုနောက်ပိုင်းမှာတော့ ဆိုလာစနစ်နဲ့တွဲပြီး မီးလင်းရေးတင်မဟုတ်တော့ဘဲ ရေတင်တာ၊ ဖုန်းအားသွင်းတာ၊ မီးအိမ်အားသွင်းတာ၊  ပန်ကာဖွင့်တာ ၊ မီးပူတိုက်တာတွေပါ လုပ်ဆောင်လာနိုင်ပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွင်းက ဝင်ရောက်လာတဲ့ ဆိုလာဘက်ထရီသုံး ရေမော်တာ၊ မီးပူ၊ ပန်ကာ စတာတွေက တန်ဖိုးအားဖြင့်ဆိုရင်လည်း ကျေးလက်ဒေသက လူတွေအသုံးပြုနိုင်တဲ့ပမာဏတစ်ခု ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးရဲ့ လျှပ်စစ်သုံးစွဲနိုင်မှု ပမာဏဟာလည်း လက်ရှိအချိန်ထိ ၅၀ ရာခိုင်နှုန်းကျော်သာ ရှိသေးတာဖြစ်လို့ ကျေးလက်ဒေသက ပြည်သူတွေဟာလည်း မီးလင်းရေးအတွက် ဆိုလာစနစ်ကို ဆက်လက်အသုံးပြုနေကြဆဲဖြစ်ပါတယ်။

လာမယ့် ၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (National Electrification Project- NEP) ကို ကမ္ဘာ့ဘဏ်အုပ်စု အကူအညီနဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ မေလ မှ စတင်ဆွေးနွေးညှိနှိုင်းရေးဆွဲခဲ့ကြပြီး ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် အတည်ပြုချက်ရယူခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ချက်ကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးသုံးစွဲသူပမာဏဟာ ၂၀၁၉ ခုနှစ် သြဂုတ်မှာတော့ ၄၅ ရာခိုင်နှုန်းအထိတိုးလာခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် တစ်နိုင်ငံလုံး မီးသုံးစွဲနိုင်မှု ရာခိုင်နှုန်း ၅၀ ပြည့်မီခဲ့ပါတယ်။  

၂၀၂၅-၂၀၂၆ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းနဲ့ ၂၀၃၀ ပြည့်နှစ်မှာ ၁၀၀ ရာခိုင်နှုန်း မီးသုံးစွဲနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

တစ်နိုင်ငံလုံးက ၅၀ ရာခိုင်နှုန်းကျော် လျှပ်စစ်မီးရနေပြီဆိုတဲ့နေရာတွေဟာလည်း မြို့ပေါ်နဲ့ မြို့တွေရဲ့အနီး ကျေးလက်တချို့သာ ရှိပါသေးတယ်။ ကျန်နေတဲ့ ၅၀ ရာခိုင်နှုန်းခန့်ကတော့ ဝေးလံခေါင်ပါးတဲ့ ကျေးလက်ဒေသတွေပဲ ဖြစ်ပါတယ်။

ဒီလို ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံးရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ထားတဲ့အတွက် နောက်ထပ် ၇ နှစ်အတွင်းမှာ ရာခိုင်နှုန်း ၅၀ နီးပါး ထပ်မံရရှိရေး ဆောင်ရွက်ရအုံးမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီကြားကာလတွေမှာလည်း လျှပ်စစ်မီးမရသေးတဲ့ ကျေးလက်ဒေသက ပြည်သူတွေအတွက် ဆိုလာလျှပ်စစ်များကိုသာ အားထားနေရအုံးမှာ ဖြစ်ပါတယ်။

ဆိုလာစနစ်ကို အသုံးပြုရာမှာလည်း မြန်မာနိုင်ငံအတွင်းက အခြေခံလူတန်းစားတွေ တတ်နိုင်တဲ့ တရုတ်နိုင်ငံထုတ် တန်ဖိုးသင့်ဆိုလာပြားတွေနဲ့ ဆိုလာစနစ်သုံး လျှပ်စစ်ပစ္စည်းတွေကသာ ဆက်လက်နေရာယူနေအုံးမှာ ဖြစ်ပါတယ်။

ခန့်မောင်