【 ဆောင်းပါး 】မေတ္တာသမားတွေအလိုရှိသည်

【 ဆောင်းပါး 】မေတ္တာသမားတွေအလိုရှိသည်

ယနေ့ကမ္ဘာကြီး၏အနေအထားကတော့ အားလုံးအမြင်ပင်ဖြစ်ပါသည်။ သိပ္ပံနှင့်နည်းပညာတွေ အထွန်းကား ဆုံးခေတ်ကြီးမှာ ကပ်သုံးပါးနှင့်ကြုံတွေ့နေရသည်။ ထို့ထက်ဆိုးတာက ကပ်သုံးပါးကို ကြံ့ကြံ့ခံဖို့ ရင်ဆိုင်ကျော်လွှားဖို့အတွက် လူသားတွေဘက်ကလည်း ရိုင်းပင်းကူညီမှုမျိုးနည်းပါးနေပြန်သည်။

မေတ္တာထားရမည့်အစား လောဘဇောတွေတက်ကာ ဒေါသစိတ်တွေပွားနေကြသည်။ မာန်မာနတွေ ထောင်လွှားနေကြသည်။ အာဃာတတွေများနေကြသည်။ မနာလိုဝန်တိုစိတ်တွေထားနေကြသည်။

တစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာတရားတွေပျက်ကာ အမှန်တရားကိုမျက်ကွယ်ပြု အတ္တစိတ်ကို ရင်မှာ ပိုင်ပိုင် ထားကာ လောဘ ဒေါသတွေပွားများနေကြသည့်အတွက် လူသားအချင်းချင်း အသက်နှင့် ဘဝတွေကိုကယ်တင်ရန်မဆိုထားနှင့် ပို၍ဆိုးဝါးအောင် တမင်ပြုသလိုဖြစ်နေလေပြီ။ တစ်ယောက်နှင့် တစ်ယောက် မေတ္တာစိတ်တွေခေါင်းပါးလာလေလေ ငြိမ်းချမ်းမှုပျက်ပြားလေလေဖြစ်သည်။ မိမိသည် တကယ်ငြိမ်းချမ်းချင်တာမှန်ပါလျှင် မိမိကိုယ်တိုင်က အခြားသူများအပေါ် ဦးစွာ မေတ္တာစိတ်ရင်းထားရှိ ရမည်ဖြစ်သည်။

မေတ္တာသည် သူတစ်ပါး ကောင်းစားရေး အကျိုးရှိရေးကို အမှန်တကယ် လိုလားသည့် မြင့်မြတ်သောစိတ်ထားမျိုးဖြစ်သည်။

ဒေါသသည် မေတ္တာ၏ရန်သူဖြစ်သည်။ အလွယ်တကူဒေါသထွက်တတ်သူများသည် မေတ္တာသမားဖြစ်ဖို့ အတော်ကို ခဲခဲယဉ်းယဉ်းကြိုးစားရမည်ဖြစ်သည်။

စိတ်ဆိုးခြင်း စိတ်ကောက်ခြင်း အမျက်ထွက်ခြင်း ရန်ငြိုးထားခြင်း သူတစ်ပါးအကျိုးစီးပွားပျက်ပြားအောင်ကြံစည် ပြောဆိုလုပ်ဆောင်ခြင်းတို့သည် ဒေါသ၏သဘာဝများဖြစ်သည်။ ထိုစိတ်မျိုးရှိနေခြင်းသည် မေတ္တာတရားခေါင်းပါးခြင်းကို ပြနေပါသည်။

မေတ္တာသမားသည်ဒေါသ၏ဆိုးကျိုးတွေကိုကြိုတင်စဉ်းစားထားရမည်ဖြစ်သည်။ ဒေါသဖြစ် လာလျှင် ဘယ်လိုပုထုဇဉ်မျိုးမဆို အကောင်းအဆိုး အကြောင်းအကျိုး ဘာမှမခွဲခြားနိုင်တော့ဘဲ အမှားတွေဆက်တိုက်ကျူးလွန်နိုင်သည်။ ဒေါသဖြစ်နေသူတွင် မူလကရှိနေသော စိတ်ထားကောင်းမှု များသည်ပင် ဒေါသအပူလောင်ကာပျက်စီးသွားတတ်ပါသည်။ ဒေါသသမား၏အနီးအနားမှာရှိသူ အားလုံးကိုလည်း အပူဟပ်ပြီး ဆင်းရဲဒုက္ခရောက်ကာ ပျက်စီးစေပါသည်။

သူတစ်ပါးကို ဒေါသစိတ်နှင့် တုံ့ပြန်ခြင်းသည် မီးခဲကို လက်နှင့်ကောက်ယူပြီး သူတစ်ပါးကို ပစ်ပေါက်တာနှင့်တူပါသည်။ သူတစ်ပါးကို ထိတာ မထိတာမသေချာသော်လည်း ကိုယ့်လက်ကို ပထမဆုံး အပူလောင်မှာကတော့ သေချာပါသည်။  

စိတ်မတိုအောင် ဒေါသစိတ်ကိုနိုင်အောင်ထိန်းနိုင်သောသူများသာ စိတ်ချမ်းသာရာရမည်ဖြစ် သည်။ စိတ်ဓာတ် မြင့်မားသူ စိတ်ဓာတ်ခိုင်မာသူတွေကသာ လူတိုင်းအနိုင်မရနိုင်သည့် ဒေါသစိတ်ကို အနိုင်ရသူဖြစ်ပြီး စိတ်ဓာတ်မြင့်မားသည့် မေတ္တာသမားဖြစ်လာပါမည်။

မေတ္တာပို့ခြင်းသည် သတ္တဝါတွေအားလုံးကို ဘေးဥပါဒ်အန္တရာယ်တွေ အနာရောဂါတွေ စိုးရိမ်သောကပူပန်မှုတွေ ဆင်းရဲပင်ပန်းငြိုငြင်မှုတွေကင်းဝေးကာ ကိုယ်ကျန်းမာ စိတ်ချမ်းသာ စေလိုသော စိတ်ကို နှလုံးသွင်းကာ စေတနာဖြန့်ဝေခြင်းဖြစ်သည်။ ရင်ထဲမှာမေတ္တာကိန်းကာ သတ္တဝါအားလုံးကို မေတ္တာပို့ခြင်းသည် အနှောင့်အယှက်အန္တရာယ်နှင့်ရန်ဟူသမျှကိုအောင်မြင်ကာ မိမိနှင့်တကွ မိမိ၏ ပတ်ဝန်းကျင်ကိုပါ ငြိမ်းချမ်းစေပါသည်။

ဂေါတမမြတ်စွာဘုရားရှင်ပွင့်တော်မူစဉ်ကဖြစ်သည်။

ရဟန်းငါးရာတို့သည် ဘုရားရှင်ထံမှ ကမ္မဌာန်းကို နာကြားသင်ယူကာ ဟိမဝန္တာနှင့်တစ်ဆက်တည်းဖြစ်သော တောအုပ်ကြီးအတွင်းတွင် တရားအားထုတ်ကြသည်။ ရက် လအတန်ကြာသော်လည်း ကမ္မဌာန်းတရားကိုတည်တည်ငြိမ်ငြိမ်ပင် နှလုံးမသွင်းနိုင်ခဲ့ကြပါ။ သူတို့ကို တောတောင်ထဲရှိနတ်များက ခြောက်လှန့်၍ တထိတ်လန့်လန့်နှင့်တရားအားထုတ်ခဲ့ရသောကြောင့်ဖြစ်သည်။

ထို့ကြောင့်ရဟန်းငါးရာသည် ထိုတောအုပ်မှထွက်ခွာကာ ဘုရားရှင်ထံပြန်လာပြီး အကျိုးအကြောင်းလျှောက်တင်ကြသည်။ 

တစ်ကယ်တော့ ခြောက်လှန့်လိုက်သည့် နတ်များသည် အချို့ကမကောင်းဆိုးဝါးများဖြစ်ပြီး သူတော်ကောင်းရဟန်းတို့၏အနီးအနားမှာ မနေဝံ့သောကြောင့်ခြောက်လှန့်ကြခြင်းဖြစ်သည်။ အများစုမှာ နတ်ကောင်း နတ်မြတ်များဖြစ်ပြီး အကျင့်သီလနှင့်ပြည့်စုံသောရဟန်းများ၏ မေတ္တာဓာတ်ကို ခံယူလိုသောကြောင့် သတိပေးသည့်သဘောမျိုးနှင့် ထိတ်လန့်မှုဖြစ်စေခဲ့ခြင်းဖြစ်သည်။

ဘုရားရှင်က ရဟန်းငါးရာကို အကျိုးအကြောင်းရှင်းလင်းပြောကြားပြီး ထိုတောအုပ်သို့ပြန်သွားရန်နှင့် ထိုတောအုပ်အတွင်းရှိ နတ်များနှင့်သတ္တဝါများမှအစပြု၍ တစ်လောကလုံးမှာ ရှိရှိသမျှသတ္တဝါ အနန္တတို့အား မေတ္တာထားရန် မေတ္တာပွားရန် မေတ္တာသုတ်ကိုဟောကြားပြီး ရွတ်ဆိုစေလေသည်။

ရဟန်းငါးရာတို့လည်း ဘုရားရှင်ကို ရှိခိုးပူဇော်ပြီးနောက် ယခင်တောအုပ်သို့တစ်ဖန်ပြန်ကြွသွား ကြသည်။ တောအုပ်သို့ရောက်သောအခါ ဘုရားရှင်ဟောကြားခဲ့သော မေတ္တာသုတ်ကိုရွတ်၍ သတ္တဝါ အနန္တတို့အား မေတ္တာပို့သောအခါ နတ်ကောင်းနတ်ဆိုးအားလုံးသည် ရဟန်းတော်များ၏မေတ္တာဓာတ်ကြောင့် ရဟန်းတော်များကို မနှောင့်ယှက်တော့သည့်အပြင် အချင်းချင်းလည်း ညီညွတ်ချစ်ခင်စွာနေထိုင်ဆက်ဆံကြသဖြင့် ငြိမ်းချမ်းသောတောအုပ်ကြီးဖြစ်လာသည်။ ရဟန်းတော်အားလုံးလည်း ငြိမ်းငြိမ်းချမ်းချမ်းတရားအားထုတ်နိုင်ကြသဖြင့် မကြာမီမှာပင် ရဟန္တာပုဂ္ဂိုလ်ထူးများဖြစ်သွားကြလေသည်။

မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီး၏မေတ္တာပို့လင်္ကာလေးသည် မေတ္တာသုတ်တစ်ခုလုံးရှိ မေတ္တာပို့ခြင်းအနှစ်ချုပ်ပင်ဖြစ်၍ များစွာတန်ဖိုးရှိလှပါသည်။

(၁) လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

      ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(၂) ကြောက်တတ် မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

      ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(၃) မြင်အပ်မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

      ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(၄) ဝေးနေနီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

      ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(၅) ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

      ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(၆) ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

      ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(၇) ကြီး ငယ် အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

      ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(၈) ဆူ ကြုံ အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

      ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(၉) လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

(၁၀) အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊

(၁၁) ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

မေတ္တာထားသူကိုယ်တိုင်က ကိုယ်ကျင့်တရားကောင်းရန်လိုပါသည်။ ကိုယ်ချင်းစာတရား ရှိရန်လိုပါသည်။ မိမိအန္တရာယ်ကင်းချင်သလို မိမိစိုးရိမ်သောကကင်းချင်သလို မိမိဆင်းရဲမှု အပေါင်းမှ ကင်းဝေးချင်သလို မိမိမှတစ်ပါးတစ်လောကလုံးလည်း အန္တရာယ်ကင်းစေချင်ရမည်။ စိုးရိမ်သောက ကင်းစေချင်ရမည်။ ဆင်းရဲမှုအပေါင်းမှကင်းဝေးစေချင်ရမည်။

လူဆိုသည်မှာ အတ္တသမားတွေဖြစ်သည်။ ထို့ကြောင့် လူတိုင်းလူတိုင်း မိမိကိုယ်ကို ကျန်းမာချမ်းသာခြင်းနှင့်ပြီးပြည့်စုံချင်တတ်ကြသည်မှာသေချာလှ၏။

မေတ္တာသမားတစ်ယောက်ကတော့ မိမိကိုယ်တိုင် ကျန်းမာချမ်းသာခြင်းနှင့် ပြီးပြည့်စုံချင်သလို မိမိချစ်မြတ်နိုးသူအပေါ်လည်း ကျန်းမာချမ်းသာမှုနှင့် ပြီးပြည့်စုံစေချင်စိတ်ထားရှိရမည်။ ထို့အတူ မိမိ၏ ရန်သူအပေါ်လည်း ကျန်းမာချမ်းသာမှုနှင့် ပြီးပြည့်စုံစေချင်ရပါမည်။ မိမိ၏ချစ်သူမုန်းသူမှတစ်ပါးကျန်သူ အားလုံးကိုလည်း ကျန်းမာချမ်းသာမှုနှင့်ပြီးပြည့်စုံစေချင်စိတ်ရှိရပါသည်။ သို့မှသာ မိမိ၏မေတ္တာစိတ်သည် မှန်ကန်ဖြူစင်သည်ဟုဆိုရမည်ဖြစ်သည်။

မေတ္တာတရားတွေခန်းခြောက်လာသည်နှင့်အမျှ လူ့သက်တမ်းက တိုသည်ထက်တိုလာပါ သည်။ လောဘ ဒေါသတွေအားကောင်းလာသလို ရောဂါအန္တရာယ်ဘေး လက်နက်အန္တရာယ်ဘေး အစားအစာငတ်မွတ်သည့်ဘေးတွေကိုလည်း ပို၍ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ယနေ့ကမ္ဘာလောကကြီး ငြိမ်းချမ်းစေရန် ညီညွတ်မျှတစေရန် သာယာဝပြောစေရန် ကမ္ဘာသူ ကမ္ဘာသားများ ကပ်သုံးပါးကိုကျော်၍ ကျန်းမာချမ်းသာကြစေရန် မေတ္တာသမားများလိုအပ်နေပါသည်။  

                ရိုက်မောင်း