【 ဆောင်းပါး 】မြစ်တစ်စင်းရဲ့ မိသားစု (သို့မဟုတ်) လန်ချန်း-မဲခေါင်

【 ဆောင်းပါး 】မြစ်တစ်စင်းရဲ့ မိသားစု (သို့မဟုတ်) လန်ချန်း-မဲခေါင်

မဲခေါင်ဒေသအတွင်းက နိုင်ငံများအတွင်း ဖွံ့ဖြိုးမှုကွာဟချက်လျှော့ချရန် ရည်ရွယ်ချက်များဖြင့် ကြိုးပမ်း ဖောင်ဆောင်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် လက်ရှိတွင် အတော်ပင် ခရီးပေါက် လာသည့် အနေအထား တစ်ရပ်သို့ ရောက်ရှိလာခဲ့သည်။

တရုတ်နိုင်ငံ တိဗက်ကုန်း မြေမြင့်ဒေသတွင် မြစ်ဖျားခံကာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများကို ဖြတ်သန်း စီးဆင်းသည့် မဲခေါင်မြစ်သည် ကမ္ဘာပေါ်တွင် ၁၂ ခုမြောက်ဖြစ်သော အ ရှည်ဆုံးမြစ်တစ်စင်းလည်း ဖြစ်သလို မိုင်ပေါင်း ၂၇၀၀ ကျော်ရှည်လျားလျက်ရှိသည်။

ထိုမြစ်ကြီးကို တရုတ်နိုင်ငံက “လန်ချန်း”မြစ်ဟုခေါ်ဆိုကြသလို မြန်မာအပါအဝင် အခြားသော နိုင်ငံ များက “မဲခေါင်”မြစ်ဟု ခေါ်ဆိုကြပြီး ဖြတ်သန်းစီးဆင်းရာ ပထဝီအနေအထားအရ နိုင်ငံများကို ရစ်ပတ်စုစည်း ထားသလိုဖြစ်စေခဲ့သည်။ ထို့ကြောင့်ပင် မြစ်ကြီးကိုအခြေခံကာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများမှာ မိသားစု သဖွယ်ဖြစ်လာပြီး စီးဆင်းရာနိုင်ငံများကြား၌ ယဉ်ကျေးမှုဓလေ့ထုံး တမ်းများ၊ တွေးခေါ်မှုနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာများ၊ နေထိုင်စားသောက်မှုများ အစရှိသည့် သွင်ပြင်လက္ခဏာ များမှာလည်း ပျံ့နှံ့ဆက်နွယ်ကာ မြစ်ကြီးတစ်လျှောက်မှ နိုင်ငံများကို မဲခေါင်မိသားစုနိုင်ငံများဟူ၍လည်း တင်စားခေါ်ဆိုခဲ့ကြသည်။

တရုတ်-မြန်မာ အပါအဝင် မြစ်တစ်စင်း၏ မိသားစုဝင်နိုင်ငံများကြား နိုင်ငံအချင်းချင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် အခြေအနေများကို လျှော့ချကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများဖြစ်လာစေမည့် ပူးပေါင်းဆောင် ရွက်မှုများကို လုပ်ဆောင်သွားရန် အခြေအနေပေးလာခဲ့ကြသည်။

ပြီးခဲ့သော ၂၀၁၄ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံ၊ နေပြည်တော်တွင်ကျင်းပသည့် (၁၇) ကြိမ်မြောက် အာဆီယံ -တရုတ် ထိပ်သီးအစည်းအဝေးသည် မြစ်တစ်စင်းဝင်မိသားစုနိုင်ငံများအတွက် ပူးပေါင်းဆောင်ရွက် မှုများ ကို လက်တွေ့ လုပ်ဆောင်ရာ အခြေအနေတစ်ရပ်ဖြစ်လာခဲ့သည်။ ထိုအစည်းအဝေးတွင် မဲခေါင်ဒေသတွင်း နိုင်ငံများကြား ဖွံ့ဖြိုးတိုးတက်မှုကွာချက်ကို လျှော့ချကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင် ရွက်မှုများ ပြုလုပ်ရန် ထိုင်းနိုင်ငံက ဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးချက်အပေါ် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် တစ်ရပ်ထူထောင်ရန် တရုတ်နိုင်ငံ အဆိုပြုလာခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၊ ကျင်းတုံမြို့၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင် ရွက်မှု၏ ပထမဆုံး အကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုကျင်းပခဲ့သလို ယင်းအစည်းအဝေးမှ နိုင်ငံ ရေးနှင့် လုံခြုံရေးမဏ္ဍိုင် (Folitical andSecurity)၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင် (Economic and Sustainable Development )၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိ တွေ့ဆက်ဆံရေးမဏ္ဍိုင် (Social, Cultural and People-to-PeopleExchanges) စသည့် မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်း ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးကို ၂၀၁၆ ခုနှစ် မတ်လအတွင်း တရုတ်နိုင်ငံ၊ ဆန်းယမြို့၌ ကျင်းပခဲ့ပြီး ဆန်းယကြေညာစာတမ်း (Sanya Declaration) ကို ကြေညာနိုင်ခဲ့သလို ယင်းအစည်း အဝေးကျင်းပရာ မတ်လ ၂၃ ရက်ကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နှစ်ပတ်လည်နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ် နိုင်ခဲ့ကြသည်။ ထိုနေ့ထူးနေ့မြတ်ရက်သတ္တပတ်ကာလအတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်ရန် ကမ္ဘော ဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ၂၀၁၈ခုနှစ်က ကျင်းပသည့် ဒုတိယအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးတွင် သဘောတူ ခဲ့ကြခြင်းဖြစ်သည်။

 ဆန်းယကြေညာစာတမ်း(Sanya Declaration)သည် မဲခေါင်နိုင်ငံများအချင်းချင်းရင်းနှီးပွင့်လင်းပြီး အား လုံး ပါဝင်နိုင်သော Openness and inclusiveness ကို အရင်းတည်သည့် MLC Spirit (လန်ချန်း-မဲခေါင်စိတ်ဓာတ် )ထားရှိ၍ ပူးပေါင်း ဆောင်ရွက်သွားကြမည့် သဘောတူချက်တစ်ရပ်လည်း ဖြစ်သည်။ ထို ဆန်းယကြေညာ စာ တမ်း (Sanya Declaration)တွင် ယခင်ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ တင်ပြလာသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဏ္ဍိုင်သုံးခု (MLC Cooperation Pillars)နှင့် ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင် များ အစည်းအဝေးမှ သဘောတူထားသည့် လန်ချန်း- မဲခေါင်စိတ်ဓာတ် (MLC Spirit)၊ လန်ချန်း- မဲခေါင် အခြေခံမူ (MLC Principles)၊ လန်ချန်း- မဲခေါင် လုပ်ငန်းဆောင်ရွက်မှု မူဘောင် (MLC Framework)၊ လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဦးစားပေးနယ်ပယ် ငါးခု (MLC Priority Cooperation Areas) စသည်ဖြင့် အတည်ပြုသတ် မှတ်ထားကာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို စတင်ခဲ့ကြသည်။

ဆန်းယကြေညာစာတမ်း(Sanya Declaration)အရ လုပ်ငန်းများဆောင်ရွက်ရာတွင် တူညီဆန္ဒ (Consensus)၊ ညီတူညီမျှရှိမှု (Equality)၊ အပြန်အလှန်အကြံပြုဆွေးနွေးမှုနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှု (Mutual Consultation and Coordination)၊ မိမိဆန္ဒအလျောက်ပါဝင်မှု (Voluntarism)၊ အားလုံးမှ ပါဝင်ပူး ပေါင်း ထည့်ဝင်ဆောင်ရွက်မှု (Common Contribution)၊ အကျိုးအမြတ်မျှဝေခံစားမှု (Shared Benefits)၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်နိုင်ငံတကာ ဥပဒေများကို လေးစားမှု (Respect for UN Charter and international laws) စသည့် အခြေခံမူ ခုနစ်ချက်ဖြင့် ဆောင်ရွက် နေလျက်ရှိသည်။

ထိုလန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်၏ အရှိန်အဟုန်သည် ဒေသတွင်းအခြားသော ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်းများအနက်တွင် အရှိန်အဟုန်ဖြင့် အလျင်အမြန်ဆုံး လုပ်ငန်းတစ်ရပ်လည်း ဖြစ်လာခဲ့သည်။ စီမံကိန်း အကောင်အထည်ဖော်ရာတွင် တရုတ်နိုင်ငံနှင့် မြန်မာအပါအဝင် မဲခေါင်နိုင်ငံများမှ အဆိုပြုကြသည့် စီမံကိန်း ၄၂၀ ကျော်ကို ရွေးချယ် အတည်ပြုကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအထောက်အပံ့များမှ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများသည် ၂၀၁၆ ခုနှစ်၊ မတ်လအတွင်းက စတင်ခဲ့ကြ သော် လည်း ခြောက်နှစ် တာ ကာလအတွင်း ရရှိခဲ့သည့် တိုးတက်မှုဆိုင်ရာ ကိန်းဂဏန်းများက အခြားသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း များက မည်သို့မျှလိုက်၍မမီနိုင်လောက်အောင် တိုးတက်မှု နှုန်းမြန်ဆန်ခဲ့သော အခြေအနေမျိုး ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံသည် ရန်ပုံငွေမှ ထောက်ပံ့သော စီမံကိန်းအရေအတွက်နှင့် ငွေကြေးပမာဏ အများဆုံးရရှိ သည့် နိုင်ငံလည်း ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကာလအတွင်း စီမံကိန်းပေါင်း ၅၁ ခု၊ တန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၃ သန်းကို လက်ခံရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ယင်းပူးပေါင်းဆောင် ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်း ၂၂ ခု ရရှိခဲ့ပြီး ယင်းစီမံကိန်းများအနက်တွင် Biosafety level-3 Lab တည် ဆောက် ရေးစီမံကိန်းအတွက် ရန်ပုံငွေကို ပြည်တွင်း လုပ်ငန်းစဉ်များ ပြီးစီးသည့်အချိန်မှသာ လွှဲပြောင်းပေး သွားရန်ရှိခဲ့ရာ ကျန်စီမံကိန်း ၂၁ ခု အတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်းကျော်ကို လက်ခံရရှိခဲ့ပြန်သည်။

ထိုပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်းအထောက်အပံ့များမှ မြန်မာနိုင်ငံသည် သမားရိုးကျမဟုတ်သည့် လုံခြုံရေးကဏ္ဍ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထုတ်လုပ်မှု ကဏ္ဍ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေး စသည့် ကဏ္ဍနယ်ပယ်အသီးသီး တို့တွင် စီမံကိန်းများ ချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်သွားကြမည်ဖြစ်သည်။

လန်ချန်း-မဲခေါင် မြစ်ကြောင်းတစ်လျှောက်တွင် မှီတင်းနေထိုင်သူစုစုပေါင်းမှာ ၃၂၆ သန်းကျော်ရှိနေပြီး မဲခေါင်မြစ်ဝှမ်း ငါးနိုင်ငံ၏ တိုးတက်မှုနှုန်းမှာ နှစ်စဉ်ပျမ်းမျှ ၇ ရာခိုင်နှုန်းရှိလာသလို GDP အနေဖြင့် အမေရိကန် ဒေါ်လာ ဘီလီယံ ၆၀၀ ကျော် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည်လည်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှ နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအပြင် နိုင်ငံတွင်းတည်ငြိမ်အေးချမ်းရေးကိုလည်း အဖွဲ့ဝင်နိုင် ငံများက ရှေးရှုကာ တွန်းအားပေး လုပ်ဆောင် နေလျက်ရှိသည်။

မြစ်တစ်စင်းအပေါ် မှီတည်ထားသည့် မြစ်မိသားစုဝင်နိုင်ငံများကြား ရင်းနှီးချစ်ကြည်မှုဆက်ဆံရေးက ပိုမိုခိုင်မြဲ လာကာ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကြောင့် အနာဂတ်တွင် ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှုရလာဒ်ကောင်းများ မလွဲမသွေကြုံလာတော့မည်ကို ရေးသားလိုက်ရပေသည်။

 

ဧပရယ်လ်