【 ဆောင်းပါး 】မြန်မာကို လေးကြိမ်ထိပင့်ဆောင်ပူဇော်ခဲ့တဲ့ တရုတ်နိုင်ငံက ဗုဒ္ဓမြတ်စွယ်တော်

【 ဆောင်းပါး 】မြန်မာကို လေးကြိမ်ထိပင့်ဆောင်ပူဇော်ခဲ့တဲ့ တရုတ်နိုင်ငံက ဗုဒ္ဓမြတ်စွယ်တော်

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ နှစ်နိုင်ငံ ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေးက  ယခုနှစ် ၂၀၂၃ ခုနှစ်မှာတော့ နှစ်ပေါင်း ၇၃ နှစ်ထိ ရှိလာပြီးဖြစ်ပါတယ်။ဒီလိုနှစ်ပေါင်း ၇၀ကျော်ကြာ ရေရှည်တည်တံ့ခိုင်မာစွာရှိခဲ့တဲ့ ဆက်ဆံရေးနဲ့အတူ  အပြန်အလှန်ကူညီဖေးမမှုတွေကလည်း ယနေ့တိုင်ရှိနေခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းကြာရှည်တဲ့ ဆက်ဆံရေးတွေကြောင့်  စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊လူမှုရေးနဲ့ဘာသာရေးတွေမှာလည်း အပြန်အလှန် ကူညီမှုတွေရှိနေပါတယ်။ အိမ်နီးချင်းထိစပ် နေတဲ့အပြင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအချို့ကလည်း မြန်မာ-တရုတ်နှစ်နိုင်ငံမှာ တူညီမှုတွေရှိနေပါတယ်။

မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သူအများဆုံးဖြစ်ပြီး တရုတ်နိုင်ငံကလည်း မဟာယနဗုဒ္ဓဘာသာ ကိုးကွယ်သူများတာဖြစ်တဲ့အတွက် နှစ်နိုင်ငံရဲ့ ယုံကြည်ကိုးကွယ်မှုတွေကလည်း တူညီနေတာ ဖြစ်ပါ တယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံ ပေကျင်းမြို့၊ကွမ်ကျီးဘုရားကျောင်းမှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့  အထက် လက်ဝဲ စွယ်တော်တည်ရှိပြီး တရုတ်ပြည်သူပြည်သားအများစုက ကိုးကွယ်ပူဇော်ထားတာဖြစ်ပါတယ်။

နှစ်ပေါင်းရှည်လျားတဲ့နှစ်နိုင်ငံဆက်ဆံရေးတွေကြောင့် တရုတ်နိုင်ငံမှာရှိတဲ့  မြတ်စွာဘုရားရှင်ရဲ့ အထက် လက်ဝဲ စွယ်တော်ကို မြန်မာနိုင်ငံသို့ လေးကြိမ်တိုင် ပင့်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေ ကြည်ညိုသဒ္ဒါ ပွားနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံက မြတ်စွာဘုရားရှင်ရဲ့ အထက်လက်ဝဲ စွယ်တော် မြန်မာနိုင်ငံကို ပင့်ဆောင်ပူဇော်ခဲ့တဲ့ လေးကြိမ်ကတော့ ၁၉၅၅ခုနှစ် ပါလီမန်အစိုးရ လက်ထက်တွင် ပထမအကြိမ်၊ ၁၉၉၄ခုနှစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ဒုတိယအကြိမ်၊ ၁၉၉၆ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် တတိယအကြိမ်နဲ့ ၂၀၁၁ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် လက်ထက်မှာတစ်ကြိမ်ဖြစ်ပါတယ်။

ပထမအကြိမ် ၁၉၅၅ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလိုဏ်ဂူတော်ကြီး (၈)လ ၊ဒုတိယအကြိမ် ၁၉၉၄ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလိုဏ်ဂူတော်ကြီး၊ ညောင်လေးပင်မြို့၊ တောင်ငူမြို့၊ ပျဉ်းမနားမြို့၊ မိတ္ထီလာမြို့၊ မန္တလေးမြို့များ (၄၅)ရက်၊ တတိယအကြိမ် ၁၉၉၆ -၁၉၉၇ ရန်ကုန်မြို့၊ ကမ္ဘာအေး ကုန်းမြေ၊ မဟာပါသဏလိုဏ်ဂူတော်ကြီး ရက် (၉၀) တရုတ်နိုင်ငံက မြတ်စွာဘုရားရှင်ရဲ့ အထက်လက် ဝဲ စွယ်တော်ကို ပင့်ဆောင်ပူဇော်ခံခဲ့ပြီး၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ စတုတ္ထအကြိမ် ပင့်ဆောင်တဲ့  တရုတ်နိုင်ငံက ဗုဒ္ဓမြတ်စွယ်တော်ဘုရားကို  နေပြည်တော် ဥပ္ပါတသန္တိစေတီလိုဏ်ဂူတော်တွင် ၁၅ ရက်၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူတော်တွင် ၁၅ ရက်၊ မန္တလေးမြို့ မဟာအတုလေဝေယံ(အတုမရှိ) ကျောင်းတော်ကြီးတွင် ၁၅ရက်၊ စုစုပေါင်း(၄၅)ရက် ပင့်ဆောင်အပူဇော်ခံခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဗုဒ္ဓမြတ်စွယ်တော်သည် တရုတ်နိုင်ငံအတွက် အလွန်တန်ဖိုးထား အလေးအနက်ထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို  ပင့်ဆောင်နိုင်ဖို့အတွက် လုံခြုံရေးအာမခံချက်ပေးပြီး စာချုပ်ချုပ်ဆို ပင့်ဆောင်ရတာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ  မြတ်စွာဘုရားရှင်ရဲ့ အထက်လက်ဝဲစွယ်တော် တည်ရှိတာနဲ့ပတ်သက်ပြီး ဗုဒ္ဓမြတ်စွယ်တော်ဟာ  ဥဓနနိုင်ငံ (ယခု ပါကစ္စတန်နိုင်ငံ) မှတစ်ဆင့် နယ်မြေချင်းဆက်စပ်နေသော တရုတ်နိုင်ငံ၊ ရှင်းကျန်း ပြည်နယ်၊ ဟေထရန်းခရိုင်၊ ခိုတန်မြို့ကို ပင့်ဆောင်ရောက်ရှိခဲ့တယ်လို့ သမိုင်းတွေမှာဖော်ပြထားပါတယ်။ အဲဒီနောက် တရုတ်တောင်ပိုင်း နန်ချောင်မင်းဆက်ကာလ ဘုန်းတော်ကြီးဖာရှန်း (အေဒီ ၄၂၄-၄၉၈) က ဗုဒ္ဓမြတ်စွယ်တော်ကို  ခိုတန်အရပ်မှ တရုတ်တောင်ပိုင်း ချီမင်းဆက်မြို့တော် နန်ကျင်းမြို့သို့ ပင့်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ၎င်းနောက် ဆွေမင်းဆက်လက်ထက်မှာ တရုတ်တစ်နိုင်ငံလုံးကို  စည်းရုံးသိမ်း သွင်းခဲ့ပြီးနောက် မြို့တော်သစ် ချန်အမ်း (ယခု ရှီးအန်းမြို့) သို့ ပင့်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် တရုတ်မင်းဆက် (၅)ဆက်ကာလ (၁၀)ပြည်ထောင်ခေတ်မှာ တရုတ်အလယ်ပိုင်းဒေသ တရုတ်ချောင်ထရယ်မင်းလက်ထက်မှာ  ဗုဒ္ဓမြတ်စွယ်တော်ဟာ နေရာတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခဲ့ရပါတယ်။ လျောင်မင်းဆက်လက်ထက်မှာတော့ ဗုဒ္ဓမြတ်စွယ်တော်ဟာ ယန့်ကျင်းမြို့ (ယခု ပေကျင်းမြို့) ကို ရောက်ရှိတယ်လို့သိရပါတယ်။ လျောင်မင်းဆက်အကြောင်းရေးသားထားတဲ့  အတွဲပေါင်း ၂၂တွဲရှိတဲ့  မင်းဧကရာဇ်တောက်ကျုံးရဲ့ သမိုင်းမှတ်တမ်းများအရ ဗုဒ္ဓမြတ်စွယ်တော်ဟာ  ခရစ်နှစ် ၁၀၇၁ခုနှစ်၊ ဩဂုတ်လမှာ ကျောင်းရှန်စေတီတွင် ကိန်းဝပ်စံပယ်ခဲ့တယ်လို့ သိရပါတယ်။ ကျောင်းရှန်စေတီမှာ တရုတ်ကျောက်တွေနဲ့ တည်ဆောက်ထားတဲ့ အဋ္ဌဂံ ပုံစံ အထပ်(၁၀)ထပ်ရှိ စေတီဖြစ်ပြီး စေတီတော်နံရံမှာ  ကျောက်ဆစ်ပန်းချီလက်ရာတွေနဲ့ ဘုရားစေတီပုံတော်တွေကို  မွမ်းမံထားတာကြောင့် ပုံတော်တစ်ထောင်ပန်းချီကားဘုရား လို့လည်း ထင်ရှားတယ်လို့ဆိုပါတယ်။

၁၉၀၀ပြည့်နှစ်မှာ  ပြည်ပနိုင်ငံ ရှစ်နိုင်ငံက  တရုတ်ပြည်ကို  ကျူးကျော်သိမ်းပိုက်ဖျက်ဆီးကြတဲ့အတွက်  ရှေးဟောင်းအမွေအနှစ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ ကျောင်းရှန်စေတီနှင့် ၎င်းအနီးရှိ လင်ကွမ်း ဘုရားကျောင်းဟာ ပေကျင်းမြို့ရဲ့  ဆင်ခြေဖုံးနေရာမှာ ရှိတာကြောင့် အမြောက်ဒဏ်၊ ဗုံးဒဏ် အနည်းငယ်သာ ခံခဲ့ရတယ်လို့ဆိုပါတယ်။ ဘေးရန်များ ကင်းဝေးပြီးနောက် ဘုန်းတော်ကြီးတို့ စေတီတော်အား ပြန်လည်ရှင်းလင်းကြစဉ် စေတီ၏အောက်ခြေမြေအောက်မှ ကျောက်သားသေတ္တာတစ်လုံးကို တွေ့ရှိခဲ့ကြသည်။ ၎င်းကျောက်သေတ္တာအတွင်းမှ စန္ဒကူးသားဖြင့် ပြုလုပ်ထားသော သစ်သားသေတ္တာငယ်တစ်လုံးကို ထပ်မံတွေ့ရှိကြရာသေတ္တာပေါ်မှာ “စကြာမုနိဘုရားရှင်၏ အံ့ချီးဖွယ်ရာ မြတ်စွယ်တော်၊ ရေးသားသူ -ရှန်းဟွေ့၊ ၄ လပိုင်း၊ ၂၃ ရက်၊ တရုတ် ထရန်း ဟွေ့နှစ် (၇)။”လို့ ရေးထားတဲ့ စာတမ်းကို တွေ့ခဲ့ရတယ်လို့သမိုင်းမှတ်တမ်း တွေအရဆိုထားပါတယ်။

ရေးထားတဲ့စာတမ်းအရ တရုတ် ထရန်းဟွေ့နှစ် (၇)နှစ်မှာ တရုတ်မြောက်ပိုင်း ဟန်မင်းဆက် လက်ထက်က အသုံးပြုတဲ့ နှစ်ဖြစ်ပြီး ခရစ်နှစ် (၉၆၃)ခုနှစ်ဖြစ်တယ်လို့ဆိုထားပါတယ်။ သေတ္တာပေါ်မှာ မှတ်တမ်းရေးထိုးထားတဲ့ ရှန်းဟွေ့အမည်မှာ တရုတ်မင်းဆက်(၅)ဆက်ကာလမှာ မြောက်ပိုင်း ဟန်မင်းနယ်မှ တရုတ်ဘုန်းတော်ကြီး၏ အမည်ဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေအရဖော်ပြထားပါတယ်။

ဗုဒ္ဓမြတ်စွယ်တော်အား (၁၀၇၁)ခုနှစ်မှာ စေတီတော်အတွင်း ဌာပနာခဲ့ပြီး (၁၉၀၀)ခုနှစ်မှတစ်ဖန် ပြန်လည်ဖူးမြင်ရတာ ဖြစ်တာကြောင့် နှစ်ပေါင်း (၈၃၀)ခန့်  ကျောင်းရှန်စေတီအတွင်း ကိန်းဝပ်ခဲ့ပါတယ်။ ဗုဒ္ဓမြတ် စွယ်တော်ကို  ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ယခုအခါ ပေကျင်းမြို့ အနောက်ဘက်ရှိ ထင်ရှားတဲ့  ပါ့တာ့ချူးတောင်၊ လင်ကွမ်းကျောင်းတော် စွယ်တော်တိုက်မှာ မြန်မာနိုင်ငံမှ လှူဒါန်းထားသော ကျွန်းသစ်ရတနာ တန်(၃၀၀)နဲ့ မွမ်းမံတည်ဆောက်ထားတဲ့ ကျောင်းဆောင်တစ်ခုရံလျက် ခမ်းနားထည်ဝါသော ဂန္ဓကုဋိတိုက်အတွင်း တင့်တယ်သပ္ပာယ်စွာ စံတော်မူလျက်ရှိပြီ ဖြစ်တယ်လို့သိရပါတယ်။

တရုတ်ပြည်သစ် ထူထောင်ပြီးချိန်မှာ တရုတ်ဗုဒ္ဓဘာသာဝင်တွေ၊ ဘုန်းတော်ကြီးတွေနဲ့ ပြည်သူ့အစိုးရတို့ ပူးပေါင်းညီညွတ်စွာနဲ့ ဗုဒ္ဓမြတ်စွယ်တော်ကို  ကွမ်ကျီးကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြပြီး  ရတနာခုနစ် သွယ် စီခြယ်ထားတဲ့ စွယ်တော်ပလ္လင်မှာ တင့်တယ်ခမ်းနားထည်ဝါ၊သပ္ပာယ်စွာ အထွတ်အမြတ်ထား ကိုးကွယ်ထားတယ် လို့သိရပါတယ်။

တရုတ်နိုင်ငံက မြတ်စွာဘုရားရှင်ရဲ့ အထက်လက်ဝဲ မြတ်စွယ်တော်ဟာ  မြန်မာနိုင်ငံသာမက  သီရိလင်္ကာနိုင်ငံကိုလည်း  ဒေသစာရီ ကြွချီခဲ့ရပြီး  ဗုဒ္ဓဘာသာဝင်  ပြည်သူ၊ပြည်သားတွေနဲ့  ပူဇော်အထူးကို ခံယူခဲ့ရတယ်လို့ သိရပါတယ်။

ကရင်လေး(အိမ်မဲ)