【 ဆောင်းပါး 】မြန်မာနိုင်ငံသုတေသနအသင်း ပြန်လည်ရှင်သန်ရေး

【 ဆောင်းပါး 】မြန်မာနိုင်ငံသုတေသနအသင်း ပြန်လည်ရှင်သန်ရေး

မြန်မာနို်ငံသုတေသနအသင်းကို ၁၉၁၀ ပြည့်နှစ် မတ် ၂၉ ရက်နေ့၌ ဘားနဒ်အခမဲ့ စာကြည့်တိုက်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံသုတေသနအသင်းပေါ်ပေါက်လာစေရန်၊ စတင်စိတ်ကူးကြံစည်ခဲ့သူမှာ ဦးအောင်သိန်း( ၁၈၇၀ - ၁၉၅၈) ဖြစ်ပါသည်။ ဦးအောင်သိန်း (ခေါ်) နိုင်သိန်း ( Nai Thein) သည် ယိုးဒယားတွင် သစ်တောဘက်ဆိုင်ရာ အလုပ်လုပ်ကိုင်ရင်း၊ ယိုးဒယားနိုင်ငံအသင်း ( Siam Soecity) တွင်၊ အကျိုးဆောင် လက်ထောက် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေသူဖြစ်၏။ ၁၉၀၈ ခုနှစ်ထုတ် စက်တင်ဘာလထုတ်၊ ယိုးဒယားနိုင်ငံ အသင်းဂျာနယ် ( The Journal of Siam Sciety) အတွဲ - ၅၊ အပိုင်း - ၁ ကို စာတော်ပြန်ဝန်ထောက် ဦးထွန်းငြိမ်း ထံသို့ ဦးအောင်သိန်းက ပေးပို့ခဲ့သည်။ဂျာနယ်ထဲတွင် ယိုးဒယားအား မြန်မာ့ကျူးကျော်မှု ( Burma Invasion of Siam) ဆောင်းပါး ပါရှိပေသည်။ ယိုးဒယားနိုင်ငံအသင်းသည် နိုင်ငံလုံးဆိုင်ရာ သုတေသနအသင်းဖြစ်ပါသည်။

ဦးအောင်သိန်းက မြန်မာနိုင်ငံတွင်လည်း၊ နိုင်ငံအဆင့် သုတေသနအသင်းရှိသင့်ကြောင်း အကြံပေးခဲ့သည်။ ဂျေအက်စ်ဖာနီဗဲလ် ( J.S. Furnivall)က ဦးဆောင်ပြီး၊ အသင်းဖြစ်မြောက်ရေး ယာယီကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထိုနောက် ၁၉၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အသင်းအမည်ကို မြန်မာနိုင်ငံသုတေသနအသင်း ( Burma Research Society) ဟု ခေါ်ရန် ဆုံးဖြတ်ကြသည်။

မြန်မာနိုင်ငံသုတေသနအသင်းတည်ထောင်စက အသင်းပိုင် ရုံးနေရာ မရှိသဖြင့်၊ နောင်တွင် အမျိုးသား စာကြည့်တိုက်ဖြစ်လာမည့်၊ ဘားနဒ်အခမဲ့စာကြည့်တိုက်ကို အသုံးပြုခဲ့ရပါသည်။ အသင်း၏ အဓိကရည်ရွယ်ချက်မှာ၊ မြန်မာနိုင်ငံ၏ သမိုင်း (ထိုစဉ်ကအခေါ် ရာဇဝင်)၊ လူမျိုးစုနှိုင်းယှဉ်လေ့လာမှုပညာ၊ ဘာသာစကားနှိုင်းယှဉ် လေ့လာမှုပညာများကို လေ့လာသုတေသနပြုရန်နှင့်၊ အင်္ဂလိပ်-မြန်မာကြား ပိုမိုချစ်ခင်ရင်းနှီးမှုရစေရန် ဖြစ်ပါသည်။ ထို့ပြင် မြန်မာနှင့်အိမ်နီးနားချင်းနိုင်ငံများ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံ၊ သမိုင်း၊ စာပေစသော ဝိဇ္ဇာ-သိပ္ပံပညာရပ်များအား လေ့လာသုတေသနပြုရန်ဖြစ်ပါသည်။

အသင်း၏ ပထမဆုံးအထွေထွေအစည်းအဝေးကို ရန်ကုန်ကောလိပ်၌ ( ၁၆ ဩဂုတ် ၁၉၁၀ ပြည့်နှစ်) တွင် ကျင်းပခဲ့ပါသည်။ စတင်ဖွဲ့စည်းစက အသင်းဝင် ၂၁၃ ဦးနှင့် ရာသက်ပန်အသင်းဝင် ၈ ဦး ရှိခဲ့ပါသည်။ ပထမဆုံး အသင်း ဥက္ကဋ္ဌအဖြစ် မစ္စတာဟားဘတ်အီးလ်က တာဝန်ယူခဲ့ပါသည်။ မြန်မာလူမျိုးထဲမှ ဆရာကြီးဦးဖေမောင်တင်၊ ဒေါက်တာထင်အောင်၊ ဦးချစ်သောင်း၊ ဦးတင်ဧ ( တင်အေး - ရှမ်းပြည်) နှင့် ဦးသန်းထွတ် ( စာရေးဆရာ တိုက်စိုး) ဒေါက်တာခင်မောင်ကြည် စသူတို့လည်း၊ ဥက္ကဋ္ဌတာဝန်ယူခဲ့ပါသည်။ အသင်း၏ နောက်ဆုံးဥက္ကဋ္ဌ သည် ဦးထင်ကြီး ( တက္ကသိုလ်ထင်ကြီး) ဖြစ်ပါသည်။

အသင်း၏ အဓိကရည်ရွယ်ချက်ကား၊ သုတေသနစာတမ်းများပြုစုပြီး၊ ဖတ်ကြားတင်ပြရန်နှင့် ပုံနှိပ်ထုတ်ဝေရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံသုတေသနအသင်းက ၁၉၁၁ တွင် မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (  The Journal of Burma Research Society) ကို စတင်ထုတ်ဝေခဲ့ပါသည်။ J.B.R.S. ဟု အတိုကောက်ခေါ်ဝေါ် လူသိများခဲ့ပါသည်။

ဂျေဘီအာအက်စ် ခေါ် မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်ကို တစ်နှစ် တစ်အုပ်၊ တချို့နှစ်များတွင် နှစ်အုပ်ထုတ်ဝေခဲ့ပါသည်။ အသင်း၏ စာစောင်ငယ်၊ စာစဉ်၊ အထိမ်းအမှတ်စာစောင်နှင့် တခြားစာစောင်ငယ် များကိုလည်း၊ အခါအားလျော်စွာ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။

ဂျာနယ်ကို ဦးစားပေးထုတ်ဝေခဲ့သော်လည်း၊ ပေမူအဖြစ်သာရှိနေသေးသည့် ရှေးဟောင်းမြန်မာစာပေ များကို မပျောက်ပျက်ရန်နှင့် မျက်မှောက်ခေတ်မြန်မာတို့အား၊ စာပေအမွေအဖြစ် လက်ဆင့်ကမ်းရန်၊ ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါသည်။ မြန်မာနိုင်ငံသုတေသနအသင်းက ပုံနှိပ်ထုတ်ဝေသော စာအုပ်များကို၊ မြန်မာနိုင်ငံ သုတေသနစာစဉ်များအဖြစ် နံပတ်စဉ်များတပ်လျက် ထုတ်ဝေပါသည်။ တချို့စာအုပ်များသည် ယခင်က ပေမူအဖြစ်သာရှိခဲ့ပြီး၊ တချို့စာအုပ်များကား၊ ယခင်က ပုံနှိပ်ထုတ်ဝေထားသည့်စာအုပ်များကို ပြန်လည်တည်းဖြတ်ပြီး ထုတ်ဝေခြင်းဖြစ်ပါသည်။ အသင်းစာစဉ်အဖြစ် ထုတ်ဝေခဲ့သော စာအုပ်စုစုပေါင်း ၄၆ အုပ်ရှိပါသည်။ ပထမဆုံး ထုတ်ဝေသည့် စာအုပ်မှာ စိန္တကျော်သူဦးဩ၏ ဩဝါဒထူးပျို့ ဖြစ်ပါသည်။ နောက်ဆုံးထုတ်ဝေခဲ့သော စာအုပ်ကား ဦးယော၏ ဆယ့်နှစ်ရာသီဘွဲ့လူးတား ဖြစ်ပါသည်။

ထုတ်ဝေခဲ့သမျှစာအုပ်များတွင်၊ မူလစာရေးဆရာ၊ တည်းဖြတ်သူအမည်များကို ဖော်ပြထားပါသည်။ ပေမူ ရေးသားပြီးစီးသည့် ခုနှစ်၊ ကူးရေးသည့် ခုနှစ်နှင့် အသင်းက ပုံနှိပ်သည့် ခုနှစ်များကိုပါ ဖော်ပြပေးပါသည်။

မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်တွင်၊ ပြည်တွင်း ပြည်ပမှ သုတေသီများ၊ ပညာရှင်များ ပါဝင်ရေးသား ကြပါသည်။ တချို့စာတမ်းများကို မြန်မာဘာသာဖြင့်ဖော်ပြပြီး၊ တချို့စာတမ်းများကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပေးပါသည်။ ဂျာနယ်ကို ပြည်တွင်း ပြည်ပ ပညာရှင်များက သုတေသနအဆင့်မီ အဆင့်မြင့်သော ဂျာနယ် အဖြစ် လက်ခံဖတ်ရှုကြပါသည်။ ပြည်ပ ပညာရှင်တချို့လည်း အသင်းဝင်ခဲ့ကြပါသည်။

မြန်မာနိုင်ငံနှင့်တကွ အိမ်နီးချင်းနိုင်ငံများနှင့် စပ်လျဉ်းသည့် ဝိဇ္ဖာ - သိပ္ပံပညာရပ်များ၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးစံများကို စူးစမ်းသုတေသနပြုရန် ရည်ရ္ယယ်ချက်ဖြင့် တည်ထောင်ခဲ့သော မြန်မာနိုင်ငံ သုတေသနအသင်းကို ၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဖျက်သိမ်းခဲ့ရပါသည်။

၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာတွင် မြန်မာနိုင်ငံသုတေသနအသင်း ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ( ၇၀) ပြည့် အခမ်းအနားကို ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ကျင်းပခဲ့ပါသည်။ သဘာပတိမိန့်ခွန်းပြောပြီး စာတမ်း ဖတ်ကြားနေစဉ် အခမ်းအနား ခေတ္တရပ်သွားပါသည်။ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၏ အမူအရာများ ခပ်ပျာပျာ ခပ်သွက်သွက် လှုပ်ရှားနေကြပါသည်။   

အင်္ဂလိပ်တွေ စလုပ်ခဲ့တဲ့ လုပ်ငန်းကို မြန်မာတွေက ကျွန်စိတ်မပျောက်လို့ ဆက်လုပ်နေသည်ဟု အထက်ထိပ်ပိုင်းက ပြောကြားလာသဖြင့် အခမ်းအနားကို ခေတ္တရပ်သည်ဟု ကြေညာသော်လည်း စင်စစ် အပြီးရပ်လိုက် ရခြင်းဖြစ်ပါသည်။

အခမ်းအနား အစတွင် ရယ်မောပျော်ရွှင်နေကြသည့် ဆရာကြီး ဆရာမကြီးများအားလုံး မျက်စိပျက် မျက်နှာပျက်ဖြစ်နေကြပါသည်။ ခန်းမတွင်းရှိ အခင်းအကျင်းကား အလှူအိမ်အဖြစ်မှ အသုဘအိမ်အဖြစ် ပြောင်းသွားသည့် ဖြစ်ပုံနှင့်သာ နှိုင်းစရာရှိတော့သည်။

အခမ်းအနားကျင်းပနေသည်က အပေါ်ထပ်တွင် ဖြစ်ပါသည်။ ကျွန်မတို့ ဝန်ထမ်းငယ်များက အသင်း ထုတ်စာအုပ်များကို ရောင်းနေကြရပါသည်။ ဆရာဦးသော်ကောင်း မျက်နှာမကောင်းစွာဖြင့်ရောက်လာပြီး၊ ကျွန်မ တို့ကို စာအုပ်များပြန်သိမ်းစေပါသည်။ ကျွန်မတို့လည်း မိမိထုတ်ယူခဲ့သည့် စာအုပ်များကို စာရင်းနှင့်ပြန်တိုက်၍ စက္ကူပုံးများထဲ ထည့်ပြီး တက္ကသိုလ်များဗဟိုစာကြည့်တိုက်သို့ ပြန်သယ်ကြပါသည်။ ထိုစဉ်က ကျွန်မတို့သည် စာကြည့်တိုက်တွင် ဝန်ထမ်းငယ်များဖြစ်ကြပါသည်။ သုတေသနအသင်းရုံးခန်းက ကျွန်မတို့စာကြည့်တိုက်ထဲမှာ ပင်ရှိပြီး၊ စာကြည့်တိုက်မှူးဦးသော်ကောင်းက တာဝန်အတော်များများကို ယူထားပါသည်။

ယနေ့ကျွန်မတို့ သိနားလည်လာချိန်တွင် ထို့နေ့က ပညာနှင့်သုတေသနလုပ်ငန်းကို လူမျိုး ဘာသာ နိုင်ငံစည်းခြားမထားခဲ့သော ဆရာဦးသော်ကောင်းနှင့်တကွ၊ လူကြီးများ မည်သို့ စိတ်ထိခိုက်ခံစားခဲ့ရသည်ကို နားလည်လာနိုင်ပြီဖြစ်ပါသည်။ ဆရာဦးသော်ကောင်းသည် မြန်မာနိုင်ငံသုတေသနအသင်းဖျက်သိမ်းရပြီးနောက် မကြာမီ ကာလမှစ၍ မနေ့တနေ့ကထိ အသင်းပြန်လည်ဖွဲ့နိုင်ရေး ကြိုးပမ်းပါသည်။ မအောင်မြင်ပါ။

ကျွန်မတို့ အတုယူခဲ့သော ယိုးဒယားနိုင်ငံအသင်း ( Siam Society) ကား၊ စတင်တည်ထောင်ကတည်းက ယနေ့ထိ ရပ်တံ့ခြင်းမရှိ၊ သုတေသနပြုနေသော ကမ္ဘာ့ထိပ်တန်းအသင်းကြီး တစ်သင်းအဖြစ် ရပ်တည်ရှင်သန် နေဆဲ ဖြစ်ပါသည်။

ထိုင်းနိုင်ငံ၏ မူလအမည်က ဆိုင်ယမ် ( Siam) ဖြစ်ပါသည်။ Siam အမည်ဖြင့် ၁၉၃၉ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ထိခေါ်တွင်ခဲ့ပါသည်။နောက်ပိုင်းတွင် ထိုင်းလင်း ( Thailand) ဟုပြောင်းခဲ့ပါသည်။ ၁၉၄၅ မှ ၁၉၄၉ မေ ၁၁ ရက်ထိ Siamဟု ပြန်သုံးခဲ့ပါသေးသည်။ ထို့နောက် Thailand  ဟု ပြောင်းခဲ့သည်မှာ ယနေ့ထိဖြစ်ပါသည်။ သို့တစေ ၁၉၀၄ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့သည့် Siam Society ကို Thailand Society ဟု မပြောင်းခိုင်း ခဲ့ပေ။ ယနေ့တိုင် Siam Society ဟုခေါ်တွင်လျက်ရှိပါသည်။ Thailand ဟူသည် လွတ်လပ်သောမြေဟု အဓိပ္ပာယ်ရပြီး Siamဟူသည် အမည်းရောင် (သို့) အညိုရောင်ဟု အဓိပ္ပာယ်ရပါသည်။

ဉာဏ်ကြီးသောသူတို့သည် သိမြင်ပိုင်းခြားနိုင်စွမ်း မြင့်မားကြပါသည်။ အပေါ်ယံအကာနှင့် အတွင်း အနှစ်သာရကို ခွဲခြားနားလည်ကြပါသည်။ Siam Society ဟုခေါ်ခြင်း မခေါ်ခြင်း၊ Thailand Society ဟု ပြောင်းခြင်း၊ မပြောင်းခြင်းအပေါ် ထိုင်းနိုင်ငံအုပ်ချုပ်သူများက စကားလုပ်မပြောပါ။ နိုင်ငံတကာအဆင့်မီ သုတေသနလုပ်ခြင်းသာ အရေးကြီးကြောင်း သူတို့နားလည်ကြပါသည်။ ထိုင်းဘုရင့် သမီးတော် သီရိဒုံကိုယ်တိုင် ပါဝင်ဆောင်ရွက်နေသည့် ကမ္ဘာကျော် သုတေသနအသင်းဖြစ်ပါသည်။

ထိုင်းပြည်သူပြည်သားများ ကံကောင်းကြပါပေသည်။ အပေါ်ယံအကာကို ဖယ်နိုင်စွမ်းရှိသည့် အနှစ်သာရကို အလေးထားသည့် ထိုင်းအစိုးရအဆက်ဆက်သည်လည်း လေးစားသင့်သည့် အုပ်ချုပ်သူများဖြစ်ကြပါသည်။

မှတ်ချက် - ဦးအောင်သိန်းသည် ရန်ကုန်တက္ကသိုလ် မော်ကွန်းထိန်း(ငြိမ်း) ဒေါ်စိန်စိန်၏ ဖခင်ဖြစ်ပါသည်။

ခင်နှင်းဦး