【 ဆောင်းပါး 】မြန်မာ့ဖုန်း အပိုပစ္စည်းများအားထားရာ တရုတ်စျေးကွက်

【 ဆောင်းပါး 】မြန်မာ့ဖုန်း အပိုပစ္စည်းများအားထားရာ တရုတ်စျေးကွက်

ပြည်တွင်းတွင် မိုဘိုင်းဖုန်းများအသုံးပြုမှုများလာသလို အပိုပစ္စည်းများမှာလည်း စျေးကွက်အတွင်း လိုအပ်ချက်များစွာ ဖြစ်လာခဲ့သည်။ ထိုလိုအပ်သည့် အပိုပစ္စည်းများအနက် အများစုကို အိမ်နီး ချင်းနိုင်ငံဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံမှတစ်ဆင့် တင်သွင်းလာကြခြင်းဖြစ်သည်။

မိုဘိုင်းဖုန်းများအတွက် ဖုန်းကာဗာ၊ အလှဆင်ပစ္စည်းများ၊ အလှဆင်ကြိုးအစရှိသည့် တွဲဖက်ဖြည့်စွက်ရသော ပစ္စည်းများကလည်း ဝယ်လိုအားကောင်းခဲ့ပြီး စျေးကွက်လိုအပ်ချက်များစွာလည်းရှိရာ ပစ္စည်းများဖြစ်ခဲ့သည်။ ထို့အပြင် ဖုန်းများမှန်ကွဲ၍ လဲလှယ်ခြင်း၊ ပျက်စီး၍ အတွင်းပိုင်း အစိတ်အပိုင်းများ ပြင်ဆင်ခြင်းတို့အတွက်ကိုလည်း အပိုပစ္စည်းများ အသုံးပြုမှုများကာ အိမ်နီးချင်း တရုတ်စျေးကွက်မှ အားကိုးနေကြရခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဖုန်းနှင့်ဆက်စပ်ပစ္စည်းကို ထုတ်လုပ်တင်ပို့ရောင်းချနေသည့် နိုင်ငံများအနက်မှ တစ်ခုအပါအဝင်ဖြစ်ပြီး တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီများကလည်း ဖုန်းဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းရှိ စျေးကွက်အသီးသီးသို့ ဖြန့်ဖြူးရောင်းချနေလျက်ရှိသည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ယင်းပစ္စည်းများမှာ စိတ်ဝင် စားဖွယ် အဆင်ဒီဇိုင်းနှင့် အရောင်အသွေးများဖြစ်ခြင်း၊ စျေးနှုန်းပိုင်းအားဖြင့် သင့်တင့်သော အခြေအနေမျိုးရှိခြင်းကြောင့် နှစ်သက်သူများကာ စျေးကွက်အတွင်း စျေးကွက်ဝေစုပို၍ နေရာတွင် ကျယ်လာခြင်းလည်း ဖြစ်သည်။

တရုတ်ကုမ္ပဏီများသည် ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းဆက်စပ်ပစ္စည်းဈေးကွက်၏ ၆၀ ရာခိုင်နှုန်း စျေးကွက်ဝေစုရရှိနေပြီး ယင်းအနက် ထိပ်တန်းတရုတ်ကုမ္ပဏီငါးခုမှာ စျေးကွက်၏ ၃၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း၊ တရုတ်ကုမ္ပဏီများက ၎င်းတို့၏ ပြိုင်ဘက်များထက် ဈေးနှုန်းချိုသာ၍ အရည်အသွေးမြင့် အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် ယင်းကဲ့သို့ ဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း Counterpoint Research ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။ Counterpoint Research ၏ နောက်ထပ်အစီရင်ခံစာတစ်ခုတွင်လည်း ဖုန်းအိတ်များအတွက် သီးသန့်စျေးကွက်၌ တရုတ်အမှတ်တံဆိပ်များမှာ ၂၀၂၀ ပြည့်နှစ်က ကမ္ဘာ့စျေးကွက်၏ ၆၁ ရာခိုင်နှုန်းနှင့် ထိပ်တန်းတရုတ်အမှတ်တံဆိပ် သုံးခုမှာ စျေးကွက်၏ ၄၃ ရာခိုင်နှုန်းရှိကြောင်းကို ဖော်ပြထားသည်။ တရုတ်ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့၏ ခိုင်မာသော ကုန်ထုတ်လုပ်မှုစွမ်းရည်များ၊ အတိုင်းအတာစီးပွားရေးနှင့် ထောက်ပံ့မှုကွင်းဆက်ကို ထိရောက်မှု ဖြစ်စေပြီး စျေးကွက်ဝေစုကို ပိုမိုရရှိနိုင်စေကြောင်း ယင်းအစီရင်ခံစာ၌ သုံးသပ်ထားသည်။

ထို့ကြောင့် ယင်းအခြေအနေများကို ခြုံငုံကြည့်ပါက တရုတ်နိုင်ငံထုတ် ဖုန်းနှင့်မိုဘိုင်းဆိုင်ရာဆက်စပ်ပစ္စည်းများမှာ ကမ္ဘာ့ဖုန်းဆက်စပ်ပစ္စည်းများ၏ ဈေးကွက်အတွင်း သိသာထင်ရှားသည့် စျေးကွက်ဝေစုရနေပြီး လာမည့်အနာဂတ်တွင်လည်း စက်မှုလုပ်ငန်းများအတွင်း အသာစီးရနိုင်သည့် တွန်းအားတစ်ခုဖြစ်လာမည့် အခြေအနေကောင်းကို ပိုင်ဆိုင်ထားလျက်ရှိသည်။ “ကျွန်တော်တို့ ဖုန်းပြင်တဲ့အပိုပစ္စည်းတွေက တရုတ်ကနေပဲ သွင်းရတာများတယ်၊ စျေးကွက်ထဲ ပစ္စည်းအနေအထားနဲ့ စျေးနှုန်းအနေအထားက ငွေစျေးအပြောင်းအလဲရယ်၊ ပစ္စည်းအဝင်အနည်းအများတို့အပေါ် မူတည်တယ်” ဟုလည်း မင်္ဂလာတောင်ညွန့်မြို့နယ်အခြေစိုက် မိုဘိုင်းဖုန်းနှင့် ဖုန်းအပိုပစ္စည်းမျိုးစုံ လက်လီလက္ကားရောင်းချသူတစ်ဦးက ပြောပြသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ဖုန်းနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့ရောင်းချသည့် နိုင်ငံများအနက် ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်နေပြီး တရုတ်နိုင်ငံမှ ကုမ္ပဏီအများအပြားက ဖုန်းအိတ်များ၊ ဖုန်းမျက်နှာပြင်အကာအကွယ်များ၊ အားသွင်းကိရိယာများ၊ နားကြပ်များနှင့် အခြားဆက်စပ်ပစ္စည်းများကဲ့သို့သော ထုတ်ကုန်များစွာကို စျေးကွက် လိုအပ်ချက်အရ အဓိက ထုတ် လုပ်ပံ့ပိုးပေးလျက်ရှိသည်။ စမတ်ဖုန်းအသုံးပြုမှုများ တိုးတက်လာခြင်းနှင့်အတူ စျေးနှုန်းသက်သာပြီး အရည်အသွေးမြင့်သည့် ဆက်စပ်ပစ္စည်းများမှာ ဝယ်လိုအား တိုးပွားလာခြင်းကြောင့် လာမည့်နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းဈေးကွက်မှာ သိသာစွာကြီးထွားလာခဲ့သလို ပိုမိုကျယ်ပြန့်လာဦးမည်ဖြစ်သည်။

သို့သော်ရာတွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းနှင့် ဖုန်းဆက်စပ်ပစ္စည်းဈေးကွက်အတွင်း ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး ပြည်တွင်းထုတ် အမှတ်တံဆိပ်အချို့နှင့် ပြည်ပမှ တင်သွင်းလာသည့် အမှတ်တံဆိပ်များစွာတို့က စျေးကွက်ဝေစုရရှိရေးအတွက် ပြိုင်ဆိုင်နေကြသည်။ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားမှုမှာ မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းနှင့် ဖုန်းဆက်စပ်ပစ္စည်းများ၏ ဈေးကွက်အတွင်း ပြည်တွင်းအမှတ်တံဆိပ်များက လွှမ်းမိုးထားသလို ယင်းအမှတ်တံဆိပ်များနှင့်အပြိုင် တရုတ်ထုတ် အမှတ်တံဆိပ်များနှင့် အခြားနိုင်ငံများမှ တင်သွင်းထားသည့် အမှတ်တံဆိပ်များက လွှမ်းမိုးထားသည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် ရာသီဥတုအခြေအနေအရ မိုးရွာသွန်းမှုများရှိသလို မကြာသေးခင်က ပွဲလမ်းသဘင်များကြောင့် ရေစိုကာ အစိတ်အပိုင်းလဲလှယ်ပြင်ဆင်ရသော မိုဘိုင်းဖုန်းများနှင့် မှန်ကွဲ၍မှန်အသစ်လဲရသောဖုန်းများ၊ အိုင်စီအသစ် ပြန်လဲရသော ဖုန်းများလည်း အများအပြားရှိခဲ့ပြီး ယင်းလဲလှယ်သုံးစွဲသည့် အပိုပစ္စည်းများမှာ တရုတ်ထုတ်ပစ္စည်းများကိုသာ အဓိကအားထားနေရခြင်းလည်း ဖြစ်သည်။

“Original မှန်အတိုင်းပဲလေ၊ တရုတ်က ထုတ်တာဆိုပေမယ့် အရင်လိုမဟုတ်ဘူး၊ Quarlity ကောင်းတာလေးတွေ ဝင်လာတယ်၊ ကျွန်တော်တို့ စျေးကွက်ထဲမှာ တရုတ်ပစ္စည်းကိုပဲ အားထားနေရတာလေ”ဟုလည်း မိုဘိုင်းဖုန်းပြုပြင်မှုဖြင့် အသက်မွေးနေသူတစ်ဦးက ရှင်းပြသည်။ မြန်မာနိုင်ငံရှိ စျေးကွက်အတွင်းတွင် တရုတ်နိုင်ငံထုတ် မိုဘိုင်းအပိုပစ္စည်းများနှင့် မိုဘိုင်းဆက်စပ်ပစ္စည်းများကို လူကြိုက်များစေသည့် အဓိကအကြောင်းရင်းတစ်ခုမှာ ၎င်းတို့၏ ငွေကြေးသုံးစွဲနိုင်မှုအနေအထားနှင့် နှစ်သက်စရာအရည်အသွေးမျိုးရရှိနေခြင်းကြောင့်ဖြစ်ကြောင်း  သုံးသပ်လာကြသည်။ တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်းနှင့် ဖုန်းအပိုပစ္စည်းများကို ထုတ်လုပ်ရာ ကုမ္ပဏီများက စျေးနှုန်းသက်သာအောင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေး မြင့်မားအောင် စီမံနိုင်ခြင်းတို့ကလည်း ပြိုင်ဘက် ကုမ္ပဏီ များထက် အသာစီးရစေကာ စျေးကွက်အတွင်း လူကြိုက်များစေခဲ့ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ငွေကြေးသုံးစွဲမှု အနည်းအကျဉ်းနှင့် အလယ်အလတ်ရှိသည့် နိုင်ငံများ၏ စျေးကွက်အတွင်း ထင်ရှားသော စျေးကွက်ဝေစုကို ရရှိလာစေခြင်း ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း တရုတ်မှ တင်သွင်းဖြန့်ဖြူးနေသည့် မိုဘိုင်းဖုန်းနှင့် ဖုန်းအပိုပစ္စည်း အရေအတွက်မှာ စျေးကွက်၏ တောင်းဆိုချက်ပေါ်မူတည်၍ ထုတ်လုပ်ကြခြင်းဖြစ်သည့်အတွက် တင်သွင်းထားသည့် အရေအတွက်စာရင်းအတိအကျ မပြောနိုင်သော်လည်း ယခု ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် (ဒီဇင်ဘာလ) ထိ စာရင်းအရ သွင်းကုန်ပစ္စည်းများတွင် လူသုံးကုန်ပစ္စည်း တင်သွင်းမှု ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ဒေါ်လာ ၃၀၀၂ ဒသမ ၈၉၄ သန်း၊ နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လာ ၅၉၆ ဒသမ ၀၅၃ သန်း၊ စုစုပေါင်း ၃၅၉၈ ဒသမ ၉၄၇ သန်းဖိုး တင်သွင်းသည့်အနက်တွင် မိုဘိုင်း ဖုန်းပစ္စည်းများနှင့် ဖုန်းအပိုဆက်စပ်ပစ္စည်းများလည်း ပါဝင်နေလျက်ရှိသည်။

ကမ္ဘာတစ်ဝန်းတွင်လည်း ခေတ်မီနည်းပညာနှင့် မိုဘိုင်းနည်းပညာရပ်များ ဖွံ့ဖြိုးလျက်ရှိသလို ယင်းစျေးကွက်လိုအပ်ချက်အတွက် တရုတ်မှ ထုတ်လုပ်သည့် ပစ္စည်းများမှာ စျေးကွက်ဝင်နေဦးမည်ဖြစ်သလို မြန်မာနိုင်ငံ၏ စျေးကွက်အတွင်းတွင်လည်း ခေတ်မီနည်းပညာများ ဖွံ့ဖြိုးလာမှုအပေါ်မူတည်၍ အနာဂတ်တွင်လည်း တရုတ်မှထုတ်လုပ်သည့် မိုဘိုင်းပစ္စည်းနှင့် ဖုန်းဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများကို အားထားကာ သုံးစွဲနေရပေဦးမည်။

ဧပရယ်လ်