【 ဆောင်းပါး 】ရန်ကုန်မြို့ကို ရောက်လာတဲ့ တရုတ်ရိုးရာ ခြင်္သေ့ ၊ နဂါး အက

【 ဆောင်းပါး 】ရန်ကုန်မြို့ကို ရောက်လာတဲ့ တရုတ်ရိုးရာ ခြင်္သေ့ ၊ နဂါး အက 

ရန်ကုန်မြို့မှာ တရုတ်နှစ်သစ်ကူးကာလရောက်တိုင်း တရုတ်ရိုးရာ ခြင်္သေ့အက၊ နဂါးအကတွေကို ကပြဖျော်ဖြေလေ့ရှိပါတယ်။

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် မတိုင်မီကတည်းက ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ တရုတ်တန်းတစ်လျှောက်မှာ တရုတ်ရိုးရာ ခြင်္သေ့အက နဲ့ နဂါးအကများဖြင့် လှည့်လည်ကပြဖျော်ဖြေမှုတွေကိုလည်း ရှိခဲ့ပါတယ်။

ဒီလိုပဲ တရုတ်ရိုးရာ ခြင်္သေ့ ၊ နဂါးအကအလှ စွမ်းရည်ပြိုင်ပွဲတွေကိုလည်း တရုတ်ရိုးရာနှစ်သစ်ကူးလာလတွေမှာ ပြုလုပ်လေ့ရှိပါတယ်။

လသာမြို့နယ် စဉ့်အိုးတန်းလမ်း(အထက်)မှာ ၁၅ ကြိမ်မြောက် တရုတ်ရိုးရာခြင်္သေ့ ၊ နဂါးအကအလှ စွမ်းရည်ပြိုင် ပွဲကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ ကျင်းပခဲ့ပါသေးတယ်။

အဆိုပါ ၁၅ ကြိမ်မြောက်မှာ ထူးထူးခြားခြား အနေနဲ့ တရုတ်နိုင်ငံက နှစ်သင်း ၊ ထိုင်းနိုင်ငံ နှစ်သင်း လာရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေက ခြင်္သေ့ပြိုင်ပွဲဝင် ၁၄သင်း ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံခြားအသင်းအနေနဲ့ ၄ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကာ ကြည့်ရှုအားပေးသူတွေလည်းများခဲ့တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ တရုတ်ရိုးရာ ခြင်္သေ့၊ နဂါး အကတွေဟာလည်း ကိုဗစ်ကပ်ရောဂါစတင်ခဲ့တဲ့ ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ယနေ့အထိ အရင်လောက် မတွေ့ရတော့ပါဘူး။

ခြင်္သေ့ ၊ နဂါးအကဟာ တရုတ်ရိုးရာဆိုပေမယ့် အပြည်ပြည်ဆိုင်ရာမှာတော့ အားကစားနည်းတမျိုးအဖြစ် သတ် မှတ် ထားတယ်လို့ သိရပါတယ်။ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ တရုတ်ရိုးရာခြင်္သေ့ ၊ နဂါးအကအလှ ပြိုင်ပွဲတွေမှာလည်း တရုတ်လူငယ်တွေချည်း မဟုတ်တော့ဘဲ ကချင်၊ ကရင်၊ ချင်းနဲ့ ရှမ်းတိုင်းရင်းသားတွေအပြင် မြန်မာလူငယ်တွေ လည်း ပါဝင်နေတာ တွေ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာ အားကစားနည်းတစ်မျိုးအဖြစ်သတ်မှတ်ထားတဲ့ တရုတ်ရိုးရာ ခြင်္သေ့၊ နဂါအကတွေနဲ့ ပတ် သက်ဆက်နွယ်နေတဲ့အကြောင်းအရာတွေ ရှိနေပါတယ်။

တရုတ်ဒဏ္ဍာရီတွေအရ နဂါးဟာ တိမ်များပေါ်ပျံသန်းနိုင်ပြီး မိုးရွာခြင်းကိုပြုလုပ်နိုင်တဲ့အပြင်၊ ကြမ္မာဆိုးများကို ဖယ် ရှားနိုင်ခြင်း၊ ဘေးအန္တရာယ်များကို ရှောင်ရှားနိုင်ပြီး ကောင်းချီးမင်္ဂလာများ ဆောင်ကြဉ်းပေးကာ ကုသိုလ် ကောင်းမှု ဆောင်ကြဉ်းပေးနိုင်တယ်လို့ ဆိုကြတာကြောင့် နိုင်ငံတစ်ဝန်းမှာ ငြိမ်းချမ်းရေးနဲ့ စပါးဖြစ်ထွန်းရန်ဆု တောင်းခြင်း ဓလေ့တစ်ခုဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

နဂါးဟာ မြင့်မြတ်မှု၊ ရဲစွမ်းသတ္တိရှိမှုနှင့် တရုတ်လူမျိုးရဲ့ ဘုန်းတန်ခိုး သင်္ကေတလဲဖြစ်တယ်လို့ ဆိုကြပြီး ပွဲတော် ရက်တွေမှာ လူတွေက ရာသီဥတုကောင်းမွန်ပြီး သီးနှံများပေါများစေဖို့အတွက် နဂါးအကကိုအသုံးပြုပြီးဆုတောင်း ကြတာ ဖြစ်ပါတယ်။

နဂါးအက၏ အဓိကအကျဆုံးကတော့ "နဂါး" အရုပ်ဖြစ်ပြီး နဂါးများကို မြက်၊ ဝါး၊ အထည်ပိတ်စတွေနဲ့ ပြုလုပ် ထားပြီး တရုတ်အယူအရ ကံကောင်းခြင်းအဖြစ် မဂဏန်းကို အသုံးပြုကြပါတယ်။

ဒါကြောင့် နဂါးတစ်ကောင်၏ အစိတ်အပိုင်းကို အများအားဖြင့် ၉ ၊ ၁၁၊ ၁၃ ပိုင်းပြုလုပ်ပြီး၊ အရှည် ဆုံး ၂၉ပိုင်း အထိ ပြုလုပ်လေ့ရှိကြပါတယ်။  ၁၅ပိုင်းထက်ရှည်သော နဂါးများဟာ ကြီးမားပြီး ကပြဖို့မသင့်တော်တာကြောင့် အလှပြဖို့အတွက် အသုံးပြုတာကြောင့် လက်ရာတန်ဖိုးလည်း ပိုမိုမြင့်မားတယ်လို့ ဆိုပါတယ်။

နောက်တစ်မျိုးကတော့ ‘မီးနဂါး’ ဖြစ်ပြီး ၎င်းကို ဆလင်ဒါလှောင်အိမ်ပုံစံကို ဝါးဖြင့်ပြုလုပ်ထားကာ ဖောက်ထွင်း မြင်နိုင်သော ပိတ်တို့ကိုအသုံးပြုထားကာ အတွင်းမှာ ဖယောင်းတိုင် သို့မဟုတ် ဆီမီးကိုအသုံးပြုထားတာကြောင့် ညအချိန်အခါ ကပြရာမှာ အလွန်ထည်ဝါခန့်ညားလှပါတယ်။

ယနေ့ခေတ်မှာတော့ နဂါးအကဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပြီး တိုးတက်ကောင်းမွန်လာကာ မကြာ ခဏ တန်ဆာဆင်ယှဉ်ပြိုင်တဲ့ အားကစားတစ်မျိုး ဖြစ်လာခဲ့ပါတယ်။

နဂါးကသောအခါမှာ ပန်းဘောလုံးနှင့် လိုက်၍ ကန့်လန့်ဖြတ်ခြင်း၊ ရစ်လိမ်ခြင်း၊ ဝှေ့ယမ်းခြင်း၊ လှုပ်ခါခြင်း စသဖြင့် လှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်ကြပြီး ဖျတ်လတ်သော လှုပ်ရှားမှုများကို တောက်ပသော အရောင်များနှင့် တွဲဖက်ထား တာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းရှိ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် ဂုဏ်ပြုအစီအစဉ်များအနက် နဂါးအကကခြင်းဟာ အရေးပါ သော ဖျော်ဖြေရေးအစီအစဉ်တစ်ခုဖြစ်သလို  ရွှေနဂါး၊ မီးနဂါး၊ နဂါးအလှမီး၊ နဂါးလှေများ စသည့် ပုံစံအမျိုးမျိုး တို့ဖြင့် ကြည့်ရှုသူများအတွက် အပြုံးအပျော်များကို သယ်ဆောင်ပေးပါတယ်။

ဒီလိုပဲ တရုတ်ရိုးရာခြင်္သေ့အကကို တရုတ်ရိုးရာယဉ်ကျေးမှုတစ်ခုအဖြစ် တရုတ်နှစ်သစ်ကူးပွဲတော်များ၊ တရုတ် ရိုးရာပွဲ တော်များ၊ ဘုရားပွဲတော်များ၊ မင်္ဂလာပွဲများနှင့် စီးပွားရေးလုပ်ငန်းဖွင့်ပွဲများတွင် အဓိကတွေ့ရပါတယ်။

တရုတ်ခြင်္သေ့အကကို တရုတ်ပြည်တွင် ပုံစံ(၂)မျိုးဖြင့် တွေ့ရပြီး တရုတ်တောင်ပိုင်း နှင့် မြောက်ပိုင်းခြင်္သေ့အက ဟူ၍ ကွဲပြားခြားနားပါတယ် ။ တောင်ပိုင်း၊ မြောက်ပိုင်း ခြင်္သေ့အက (၂) မျိုးလုံးကိုလည်း အရှေ့တောင်အာရှ နိုင်ငံ တွေမှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။

တောင်ပိုင်း ခြင်္သေ့အကများကို တရုတ်ပြည်တောင်ပိုင်းတွင် အများဆုံးတွေ့နိုင်ပြီး  တောင်ပိုင်းခြင်္သေ့အကများဟာ လည်းပုံစံ (၃) မျိုးရှိပါတယ်။ ပုံစံ(၃) မျိုးလုံးကို ဂျပန်၊ ကိုရီးယား၊ တိဘက်နှင့် ဗီယက်နမ်နိုင်ငံတွေမှာ တွေ့ရပါ တယ်။ 

ခြင်္သေ့အကဆိုတာကတော့  တရုတ်ပြည်မှဆင်း သက်ခဲ့ခြင်းမဟုတ်ဘဲ အိန္ဒိယနှင့် ပါရှားနိုင်ငံတွေက ဆင်းသက် လာတာလို့ ဆိုပါတယ်။

ခြင်္သေ့အကကို အေဒီ၃ရာစုကတည်းက တရုတ်ပြည်တွင်ကပြခဲ့ပြီး တန်မင်းဆက်အချိန်တွင် ပိုမိုတွင်ကျယ် လာခဲ့ ပါတယ်။ တရုတ်ဘုရားများတွင် ခြင်္သေ့ထားခြင်းဖြင့် မကောင်းဆိုးဝါးများအား တိုက်ခိုက်နှိမ်နင်းရန်ဖြစ်ပြီး  တန် မင်းဆက်အချိန်တွင် ခြင်္သေ့အကကို ပုံစံအမျိုးမျိုးဖြင့် ကခဲ့ကြတယ်လို့ ဆိုပါတယ်။

ခြင်္သေ့အက  ကတော့ နဂါးအကနဲ့ လုံးဝကွဲပြားခြားနားပါတယ် ။ ခြင်္သေ့အကဟာ ဦးခေါင်းတစ်ယောက် အမြီးတစ် ယောက်နှစ်ယောက်ဖြင့်ကရပြီး နဂါးအကတော့ လူအများဖြင့် တုတ်များကိုင်၍ ကခြင်းဖြစ်ပါတယ်။

တရုတ်လူမျိုးတွေအနေနဲ့ နဂါး၊ ခြင်္သေ့ကတဲ့အဖွဲ့တွေကို ဖိတ်ခေါ်ကပြခြင်းဖြင့် အိမ်တွေမှာ မင်္ဂလာယူခြင်း၊ လာဘ် ဖွင့်ခြင်း ၊ အိမ်တွေမှာရှိတဲ့ အန္တရာယ်အတားအဆီး အနှောက်အယှက်တွေကို ရှင်းလင်းဖယ်ရှားပေးနိုင်တဲ့ ရိုးရာယုံ ကြည်မှုတစ်ခု ဖြစ်ပါတယ်။

တရုတ်ရိုးရာ ခြင်္သေ့ ၊ နဂါးအကတွေကို နောက်ပိုင်းမှာ ကမ္ဘာတစ်ဝန်းက တရုတ်လူမျိုးတွေအများစုနေထိုင်တဲ့ နေရာတွေမှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့မှာလည်း တရုတ်နှစ်သစ်ကူးပွဲတော်ကာလမှာ နဂါး၊ခြေင်္သေ့အက အလှပြပြိုင်ပွဲများကို လာရောက် ကြည့်ရှုသူများဖြင့် စည်ကားခဲ့ပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်ကစပြီး ရန်ကုန်မြို့မှာ မမြင်တွေ့ရတာ ကြာပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့က တရုတ်ခြင်္သေ့ ၊ နဂါးအက အဖွဲ့အချို့အနေနဲ့လည်း လက်ရှိမှာ ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲနေသလို အဖွဲ့ဝင်အသင်းသားတွေလည်း တဖြေးဖြေး လျော့နည်းလာနေတယ်လို့ ဆိုကြပါတယ်။  

လက်ရှိမှာ တရုတ်ခြင်္သေ့နှင့် နဂါးအကအဖွဲ့တွေအနေနဲ့ Event ပွဲများသာ လက်ခံက ပြနေရပြီး ယခု တရုတ်နှစ်ကူး ကာလမှာ နှစ်ကူးအခမ်းအနားပွဲတွေမှာ မင်္ဂလာဆောင်၊ အလှူအခမ်းအနားတွေ၊ စျေးဝယ်စင်တာတွေ၊ ဆိုင်ဖွင့်ပွဲ အခမ်းအနားတွေကို လက်ခံကပြသွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာလူမျိုးတွေက ဖျော်ဖြေမှုတစ်ခုအနေနဲ့သာ ရှုမြင်နေကြဆဲဖြစ်တဲ့ တရုတ် ခြင်္သေ့နှင့် နဂါးအကတွေဟာ ကမ္ဘာ့နိုင်ငံတွေမှာတော့ အားကစားတစ်မျိုးဖြစ်နေပြီ ဖြစ်ပါတယ်။

ခန့်မောင်