【 ဆောင်းပါး 】ရာဇကုမာရ် နှင့် ကျန်စစ်သား

【 ဆောင်းပါး 】ရာဇကုမာရ် နှင့် ကျန်စစ်သား

ဒီကနေ့ သမိုင်းလို့ ခေါ်ဝေါ်ပြောဆိုနေကြတဲ့ ဘာသာရပ်ကို ရှေးတုန်းက ရာဇဝင်လို့ ရေးခဲ့ကြ ပြောခဲ့တာပါ။ ရာဇဝင်ဆိုတာ ရာဇဝံသဆိုတဲ့ ပါဠိစကားက ဆင်းသက်တာပါ။ မင်းဆက်မင်းနွယ်မင်းတို့အကြောင်း လို့ အဓိပ္ပာယ်ရပါတယ်။

လက်ရှိ ကျွန်မတို့ရဲ့ မျက်မှောက်ခေတ်မှာတောင် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံပြည်သူတွေရဲ့ ကြားက တချို့ အကြောင်းအရာတွေဟာ အငြင်းပွားစရာပါ။

ဒါက အားလုံးလက်လှမ်းမှီနေသေးတဲ့ ပစ္စုပ္ပန်ကာလမှာတောင် နိုင်ငံသမိုင်းတစ်ခုကို ယတိပြတ် ပြောဆိုရေးသားနိုင်ခြင်း မရှိတာမို့၊ လွန်ခဲ့တဲ့ နှစ်ပေါင်းရာထောင်ချီတဲ့ ကာလက ရေးသားခဲ့ကြတဲ့ ရာဇဝင်ပါ အကြောင်းအချက်တွေဟာ ဘယ်ဘက်က တိကျမှန်ကန်ပြီး ဘယ်လောက်ယုံကြည်စိတ်ချရတယ်ဆိုတာ ပြောဖို့ခက်ပါတယ်။

ဒါကြောင့်သမိုင်းဆရာတွေနဲ့ တခြားပညာရှင်တွေက သုတေသနတွေလုပ်ပြီး ရှေးကရေးခဲ့တဲ့ ရာဇဝင် တွေကို ပြန်ဆန်းစစ်ကြတာပါ။ ကျွန်မတို့မြန်မာတွေ ယေဘုယျ သိထားတဲ့ ရာဇဝင်‌ကြောင်းတွေက၊ ပညာရှင် တွေ သုတေသနလုပ်ပြီး တွေ့ရှိချက်တွေနဲ့ ကွဲလွဲနေပြီဆိုရင် ရှေးရိုးစွဲတွေနဲ့ နောက်ထပ်တွေ့တဲ့သုတေသနကို လက်ခံသူတွေကြား ဝိရောဓိတွေဖြစ်တော့တာပါပဲ။

လတ်တလောနိဂုံးချုပ်သွားတဲ့ ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှုကို အကြောင်းပြုပြီး ရှေးရာဇဝင်ထဲ က အချက်အလက်တွေမှားနေရင်၊ မခိုင်လုံရင်၊ သုတေသီပညာရှင်တွေသာမကဘဲ၊ သာမန်ပြည်သူတွေလည်း ကျယ်ကျယ်ပြန့်ပြန့်သိဖို့လိုတယ် ဆိုတဲ့ အတွေးဝင်လာပါတယ်။

ကျောင်းသင်ရိုးတွေမှာ သင်ရိုးသင်စဉ် သင်ကြားပေးနေတဲ့ ရာဇဝင်ကို သုတေသနလုပ်လို့ နောက်ထပ် တွေ့ရှိလာတဲ့ ကွဲလွဲချက်တွေကိုပါ ထည့်သင်ပေးသင့်တယ်ဆိုတဲ့ အတွေးလည်းဝင်လာပါတယ်။

ဒီကနေ့ နည်းပညာခေတ်၊ ဒီမိုကရေစီခေတ်လို့ ပြောနေကြတဲ့ ကာလမှာတောင်၊ ဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ဖို့ကြိုးစားကြသေးတော့၊ ရှေးမင်းတွေရဲ့ ရာဇဝင်ရေးသားရတဲ့ ကာလ သက်ဦးဆံပိုင် ဘုရင်ခေတ်မှာ ရေးခဲ့တဲ့ ရာဇဝင်ထဲမှာ အမှားတွေပါနေမှာ မုချပဲ။

မြန်မာအများစုက ကျန်စစ်သားနဲ့ ရာဇကုမာရ်ကို သားအဖလို့ သတ်မှတ်ကြပါတယ်။ ကျန်စစ်သားက သားတော်ရာဇကုမာရ်ကို ထီးနန်းမလွှဲဘဲ၊ မြေးတော်အလောင်းစည်သူကို ထီးနန်းအရိုက်အရာ လွှဲပေးတယ်။ ဒါကို သဘောထားကြီးပြီး ကျေးဇူးသိတတ်တဲ့ ရာဇကုမာရ်က စိတ်မကွက်ဘဲ၊ ခမည်းတော် ကျန်စစ်သားမင်းကြီး သေအံ့မူးမူးဖြစ်ချိန်မှာ ရွှေဆင်းတုကို ခမည်းတော်ရေစက်သွင်းချ လှူနိုင်အောင်ပြုလုပ်ပေးပြီး၊ ဖခမည်းတော်ကို ကျေးဇူးဆပ်တယ်လို့၊ မြန်မာတွေလက်ခံခဲ့ကြပါတယ်။ရာဇဝင်တွေကလည်း ဒီလိုပဲရေးသားကြတာကိုး။

ကျန်စစ်သားနဲ့ရာဇကုမာရ် ဇာတ်လမ်းကို ရေးခဲ့တာ မြန်မာသက္ကရာဇ် ၁၇၂၉ ( ဦးကုလားမဟာ ရာဇဝင်)၊ ၁၈၂၉ ( မှန်နန်းရာဇဝင်)။ ရာဇကုမာရ် ကျောက်စာ( မြစေတီကျောက်စာ) ရေးထိုးတဲ့နှစ်က ၁၁၁၃။

၁၇၂၉ နဲ့ ၁၈၂၉ မှာ ရေးတဲ့ ရာဇဝင်တွေက ကိုးကားစရာကျောက်စာ ( ရာဇကုမာရ်ကျောက်စာ - ၁၁၁၃) ရှိနေပါလျက်နဲ့ ဘာကြောင့် ဒီဇာတ်လမ်းကို မတို့ထိရဲတာလဲလို့ သမိုင်းပါမောက္ခ ဦးနီတွတ်က “ ပုဂံ နန်း တွင်းရေး နဲ့ ရာဇကုမာရ်” စာအုပ်မှာထောက်ပြထားပါတယ်။

၁၈၈၆ ခုနှစ်လောက်ကစပြီး၊ သမိုင်းပညာရှင်တွေ၊ ရှေးဟောင်းသုတေသနပညာရှင်တွေက ရာဇကု မာရ် ကျောက်စာကို အနက်ဖွင့်ပြန်ဆို လေ့လာမှုတွေ လုပ်ခဲ့ကြပါတယ်။ ၁၉၆၆ မှာ ပါဠိပညာရှင်ဦးတင့်လွင်က “ ရာဇကုမာရ် ပါဠိကျောက်စာ လေ့လာချက်” နဲ့ ၁၉၆၈ မှ, “ ရာဇကုမာရ် ပါဠိကျောက်စာ နိဒါန်း” တို့ကို ရေးသားခဲ့ပါတယ်။

၁၉၇၀ ပြည့်နှစ်မှာတော့ ပါဠိဌာန လက်ထောက် ကထိက ဦးကျော်ရှိန်က “ ရာဇကုမာရ် ပြဿနာ” ကို ရေးသားခဲ့ပါတယ်။ ရာဇကုမာရ်ကျောက်စာကို ပျူ၊ မွန်၊ မြန်မာ၊ ပါဌိ ( ၄) ဘာသာနဲ့ ရေးသားထားတာကို ပညာရှင်တွေက အသေးစိတ်လေ့လာပြီး၊ ကျန်စစ်သားနဲ့ ရာဇကုမာရ်ဟာ သားအဖမတော်ဘူး။ ဘုရင်နဲ့ အမတ်သာဖြစ်တယ်လို့ ကောက်ချက်ချကြတာပါ။

 ၂၀၀၃ ခုနှစ်မှာ မောင်ဖေငယ်က “ သမိုင်း နှင့် ဝိရောဓိ ဖြစ်ခြင်း” ဆိုတဲ့ စာအုပ်ကို ရေးသားပြီး၊ ရာဇ ကုမာရ်ဟာ ကျန်စစ်သားမင်းကြီးရဲ့ အမတ်သာဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ ကျွန်မတို့ သိရိုးသိစဉ် သိထား တဲ့ ကျန်စစ်သားက မွန် - မြန်မာ ချစ်ကြည်ရေးအတွက် သားတော် ရာဇကုမာရ်ကို နန်းမပေးဘဲ၊ မြေးတော် အလောင်းစည်သူကို ထီးနန်းလွှဲခဲ့တယ်။ သမီးတော် ရွှေအိမ်သည်ကို မနူဟာမင်း၏ မြစ်တော်နာဂသမန်းနဲ့ လက်ဆက်ပေးခဲ့တယ်။ အလောင်းစည်သူဟာ ရွှေအိမ်သည်ရဲ့ သားတော်ဖြစ်တယ်ဆိုတဲ့ ရေးသားချက်များ လည်းရှိခဲ့ပါတယ်။

မောင်ဖေငယ်က စောလူး၏ သားတော် စောယွန်းနဲ့ လက်ဆက်ရသည့် ရွှေအိမ်သည်က ကျန်စစ်သား ၏ သမီးတော်ဖြစ်ပြီး၊ နာဂသမန်းနဲ့ လက်ဆက်ရတဲ့ ရွှေအိမ်သည်က နရပတိစည်သူ၏ သမီးတော်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ဒေါက်တာသန်းထွန်းကလည်း သက္ကရာဇ်များကို စဉ်ပြပြီး၊ ကျန်စစ်သားထံ ရာဇကုမာရ် ရောက်လာစဉ်က၊ အလောင်းစည်သူ မမွေးဖွားသေးကြောင်း ထောက်ပြခဲ့ပါတယ်။

ဆရာဦးနီတွတ်က ရာဂျ်ကူးမား ဆိုတဲ့ မူရင်းမဇ္ဈိမဘာသာစကားကို မြန်မာသံနဲ့ ရာဇကုမာရ်ဖြစ်လာကြောင်း ရှင်းပြထားပါတယ်။

မောင်ဖေငယ်ကလည်း ကျန်စစ်သားဟာ ဝေသာလီမင်းသမီးက အဖေမပေါ်ဘဲမွေးတဲ့ သားဖြစ်ကြောင်း သက်သေသက္ကာယနဲ့ ထောက်ပြထားပါတယ်။

နှစ်ပေါင်းများစွာ လက်ခံခဲ့ကြတဲ့ ကျန်စစ်သားနဲ့ ကျေးဇူးသိတတ်တဲ့သားတော် ရာဇကုမာရ်ဇာတ်လမ်း လေးဟာ၊ သမိုင်းသုတေသနကြောင့် မူလဇာတ်ပျက်သွားတော့၊ လက်မခံနိုင်သူတွေပေါ်လာပါတယ်။ ဒါသ ဘာဝပါပဲ။

ဆရာမောင်ခင်မင်( ဓနုဖြူ) က “ ချစ်သူများကို အဆုံးစီရင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရာဇကုမာရ်က ကျန်စစ်သားရဲ့ သားမဟုတ်ကြောင်းရေးတာကို၊ နာကြတဲ့ လက်မခံနိုင်ကြတဲ့သူတွေပေါ်လာပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရေးခဲ့တဲ့ သမိုင်းတွေကို ဆန်းစစ်တဲ့မျက်လုံးနဲ့ကြည့်ရမှာက၊ ဒီနေ့ ခေတ်က လူတွေရဲ့ တာဝန်ပါ။ 

ခင်နှင်းဦး

Photo Credit:internet