【 ဆောင်းပါး 】ရုန်းထွက်နိုင်သူ

【 ဆောင်းပါး 】ရုန်းထွက်နိုင်သူ

၂၀၁၀ ရွေးကောက်ပွဲ အပြီး သမ္မတဦးသိန်းစိန်လက်ထက်တွင် စာပေလောကကို ယခင်က တင်းကျပ်ထားသည်များအား အတန်အသင့် လျော့ချပေးခဲ့ပါသည်။ ဤတွင် ဂျာနယ်များကို အပြိုင်အဆိုင် ထုတ်ဝေလာကြပါသည်။ ထိုကာလမှစ၍ ၂၀၂၁ နှစ်ဦးထိ ကာလကို ဂျာနယ်ခေတ်ဟုပင်ဆိုနိုင်ပါသည်။ မြန်မာလူထုအများစုက နိုင်ငံရေး နှင့် သတင်းအထွေထွေဘက်သို့ အာရုံစူးစိုက်နေကြသဖြင့် ဂျာနယ် ဖတ်ရှုသူက ရသစာပေဖတ်ရှုသူများထက် ပိုမိုများပြားနေသည့်ချိန်ဖြစ်ပါသည်။

ဂျာနယ်ခေတ်အစတွင် Weekly Eleven Journal က ရှေ့မှ ပြေးနေခဲ့ပါသည်။ ထိုနောက် 7 Day ၊ ထို့ နောက် ပြည်သူ့ခေတ် စသဖြင့် လူထုကြားတွင် အဖတ်အရှုများသည့် ဂျာနယ်များ ပေါ်ပေါက်လာပါသည်။ ထိုအချိန်က ကျွန်မစောင့်ဖတ်ခဲ့သည့် ဂျာနယ် ၂ စောင်မှာ  Weekly Eleven Journal နှင့် ပြည်သူ့ ခေတ် ဖြစ်ပါသည်။ ၂၀၁၂ ဝန်းကျင်ဟုထင်ပါသည်။ ပြည်သူ့ခေတ်တွင် ကောင်းဆက်နိုင်အမည်ဖြင့်၊ ရေးသားထားသည့် “ အံ့ဩလွန်း လို့ သေတော့မယ်” ဆောင်းပါးကို ဖတ်လိုက်ရပါသည်။ ကောင်းဆက်နိုင် ဆိုသော ကလောင်ကို ယခင်ကကြားလည်း မကြားဖူး။ ဖတ်လည်းမဖတ်ဖူး။ သို့သော် ဤတစ်ပုဒ်နှင့်ပင် ကောင်းဆက်နိုင်ဆိုသော ကလောင်ကို ကြိုက်နှစ်သက်သွားပါသည်။ ထိုမှ စ၍ ကျွန်မထုံးစံအတိုင်း ကောင်းဆက်နိုင်ရေးသော စာများကို မြင်သမျှ ဖတ်ရှုပါတော့သည်။ 

 ၂၀၁၄ ဟုထင်ပါသည်။ မန္တလေးတွင် ကျင်းပမည့် ဧရာဝတီစာပေပွဲတော်သို့ ပါဝင်ပြောဆိုမည့် စာရေးဆရာ ( ၁၀) ဦး ရွေးပေးပါဟု ဆရာဦးသော်ကောင်းက တာဝန်ပေးပါသည်။ သို့ဖြင့် စာ‌ရေးဆရာ သက်ကြီးပိုင်း၊ သက်လတ်ပိုင်းနှင့် သက်ငယ်ပိုင်း (၃) မှ စာရေးဆရာတချို့ကို မျှတရွေးချယ် ပေးလိုက်ပါသည်။ ထိုသို့ရွေးချယ်ရာတွင် တချို့ကို လူချင်းမသိ မမြင်ဖူးဘဲ၊ သူတို့ရေးသည့် စာအရ ရွေးချယ်ပေးလိုက်ခြင်းဖြစ်ပါသည်။ ထိုအထဲတွင် ကောင်းဆက်နိုင်လည်းပါဝင်ပါသည်။ ကောင်းဆက်နိုင်ထံ ဂျာနယ် တိုက်မှ တစ်ဆင့်ဆက်သွယ်ရပါသည်။ ပထမဆုံး မိမိဖိတ်ကြားလိုသည့် စာရေးဆရာကို ဧရာဝတီပွဲသို့ ဖိတ် ကြားခြင်းကို လက်ခံနိုင်၊ လက်မခံ မေးမြန်းရပါသည်။ ဆရာကောင်းဆက်နိုင်က ဝမ်းသာအားရလက်ခံပါသည်။ သို့သော် သူက တစ်ခုတောင်းဆိုသည်။ သူတို့ဇနီးမောင်နှံ နှစ်ယောက်တည်းနေကြသည်။ သားသမီး တွေက အိမ်ထောင်ခွဲများဖြစ်နေကြပြီ။ ထို့ကြောင့် သူ့ဇနီးကို တစ်ယောက်တည်း အိမ်မှာထားခဲ့၍ မဖြစ်။ ဇနီးအတွက် လေယာဉ်ခ၊ ဟိုတယ်ခများကို သူတို့ဘာသာကျခံပါမည်တဲ့။ ကောင်းဆက်နိုင်တောင်းဆိုသည်ကို ဧရာဝတီစာပေအဖွဲ့သို့ ကျွန်မတင်ပြပေးပါသည်။ အဖွဲ့ကလက်ခံပါသည်။ သို့သော် ကောင်းဆက်နိုင်သည် ဖွင့်ပွဲအမီမလာနိုင်ဘဲ၊ တစ်ရက်နောက်ကျလာမည်ဖြစ်ပါသည်။

ထိုအချိန်ထိ ကျွန်မနှင့် ကောင်းဆက်နိုင်သည် တစ်ယောက်နှင့်တစ်ယောက် လူချင်းမမြင်ဖူးကြပါ။ ဖုန်းမှတစ်ဆင့်ပြောဆိုခဲ့ကြပါသည်။ ဧရာဝတီစာပေပွဲတော် ဒုတိယနေ့ကျင်းပနေစဉ် ကောင်းဆက်နိုင်ထံမှ ဖုန်းဝင်လာသည်။ သူတို့ရောက်ပြီ။ ဟိုတယ်တွင် ပစ္စည်းများထားပြီး စာပေပွဲတော်ကျင်းပနေရာ မန္တလေးတောင်ခြေဟိုတယ်သို့ လာနေပြီ။ ကျွန်မတို့ဘယ်မှာလဲတဲ့။ ကျွန်မတို့ ရှိနေသည့်အခန်း ကျွန်မဝတ်ဆင်ထားသည့် အရောင်စသည်တို့ကို ဖုန်းဖြင့်ပြောနေစဉ် ဖုန်းပြောရင်း ဝင်လာသူကို တွေ့လိုက်ရပါသည်။ ဖုန်းပြောသည်ကို ပိတ်ပြီး သူတို့ ကျွန်မနားသို့ ရောက်လာကြပါသည်။ သူတို့ကား စာရေးဆရာ ကောင်းဆက်နိုင်နှင့် သူ့ဇနီး မွှေးမွှေးဖြစ်ကြောင်း ကျွန်မသိလိုက်ပါသည်။ ဤကား ရက်အတန်ကြာ ဖုန်းဖြင့်သာ ဆက်သွယ်စကားပြောခဲ့ကြသည့် ကောင်းဆက်နိုင်တို့ ဇနီးမောင်နှံနှင့် ကျွန်မ လူချင်း စတွေ့ကြရခြင်းဖြစ်ပါသည်။

ဆရာကောင်းဆက်နိုင်တို့ ဇနီးမောင်နှံကို ကျွန်မက ဆရာမမြနှောင်းညို၊ ခင်မြဇင်တို့ မိတ်ဆက်ပေးပါသည်။ မွှေးမွှေးပါလာခြင်း အကျိုးကားကြီးမားလှပါသည်။ နေ့လယ်စာ ( Lunch) စားရမည့်အချိန် တွင် ကျွန်မတို့ရှေ့သို့ ထမင်းဟင်းများ ၃ ယောက်စာ အဆင့်သင့် ရောက်လာပါသည်။ မွှေးမွှေးက စားစရာများကို ချိုင့်ကြီး ချိုင့်ငယ်များဖြင့် ရန်ကုန်မှ သယ်လာသည်။ ထမင်းကိုလည်း ထွက်ဝယ်ပေးထားသည်။ ကျွန်မတို့ ၃ ယောက်ကား ဟိုတယ်က နံနက်စောစာ ( Breakfast) သာကျွေး၍ နေ့လယ်စာ နှင့် ညစာကို အပြင်ထွက်စားရသည့် ဘဝမှ ကျွတ်သွားကြပါသည်။ စာပေပွဲတော် ၃ ရက်အတွင်း ၂ ရက်သည် မွှေးမွှေး စီမံပေးသည့် နေ့လယ်စာ၊ ညစာတို့ဖြင့် အဆင်ပြေသွားကြပါသည်။

ထိုမှ စ၍ အချိန်တိုအတွင်း သူတို့ဇနီးမောင်နှံနှင့် ကျွန်မ ငယ်ပေါင်းကြီးဖော်များ သဖွယ်ခင်မင်သွားကြပါသည်။ သူတို့ ဇနီးမောင်နှံကား လူတဘက်သားကို ဘာပေးရမလဲ၊ ဘာကူရမလဲ စဉ်းစားနေကြ သူများဖြစ်ကြောင်း သိလာရပြန်ပါသည်။ တော်ကြာ စားစရာများ၊ တော်ကြာ အဝတ်၊ တော်ကြာ ကောင်းဆက်နိုင်ရေးသည့် စာအုပ်များ စသဖြင့် တစ်မျိုးပြီး တစ်မျိုး ယူရသည့်အဖြစ်ကို အားနာလာပါသည်။ကောင်းဆက်နိုင်ပေးသည့် အာဇာနည်ဘာသာသွေး စာအုပ်ကိုဖတ်ပြီး သူလောကုတ္တရာဘက် စိတ်ညွတ်နေ ကြောင်း နားလည်ထားပါသည်။ သို့သော် သူနှင့်ကျွန်မ သိကျွမ်းခင်မင်ချိန်တွင် လူအများနာမည်ပေးထားသည့် နိုင်ငံရေးဆောင်းပါးများကို နှစ်ယောက်စလုံးရေးသားနေချိန်ဖြစ်ပါသည်။ သို့သော် ကျွန်မလည်း အချိန်မှန် တရားထိုင်၊ ပရိတ်ရွတ်၊ ပုတီးစိတ်နေသလို၊ ကောင်းဆက်နိုင်ကား တရားထိုင်သည့်ဘက် ဖိဖိစီးစီး လုပ်နေသည်ကို သိရှိလာပါသည်။ မွှေးမွှေးကား အလွန် အလှူအတန်းဝါသနာပါသည်။ သူတို့နေထိုင်ရာ မြောက်ဥက္ကလာပတွင် နေ့တိုင်း တန်းဆွမ်း အရုဏ်ဆွမ်းကို ချက်ပြုတ် လောင်းလှူသည်။

သို့ဖြင့် ၂၀၁၅ ရွေးကောက်ပွဲနီးလာပါသည်။ ဆရာကောင်းဆက်နိုင်က “ ၂၀၁၅ ရွေးကောက်ပွဲပြီး လို့ ဒီမိုကရေစီပါတီ အနိုင်ရ အစိုးရဖြစ်ပြီးရင် ကျွန်တော် စာမရေးတော့ဘူးဆရာမ၊ သံသရာကလွတ်ကြောင်း အပြီးလုပ်တော့မယ်” တဲ့။ ကျွန်မကား ကောင်းဆက်နိုင်ကဲ့သို့ မပြတ်သားပါ။ နိုင်ငံရေးအခြေအနေ တည်ငြိမ်ပြီ။ တိုင်းပြည်အတွက် စိတ်အေးရပြီဆိုပါက စာဖတ်သည့်ဘက် အချိန်ပြန်ပေးပြီး မိမိ၏ မူလလာရာ ရသစာပေဘက်ပြန်လှည့်မည်။ ဝတ္ထုတို လေးများပြန်ရေးမည်ဟု စိတ်ကူးသည်ကို ဖွင့်မပြောတော့ပါ။

၂၀၁၆ တွင် ကောင်းဆက်နိုင်နှင့်မွှေးမွှေးတို့ ကလောရှိ ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်းတွင် ဇရပ်လေးဆောက်ပြီး နေထိုင်ကြပါသည်။ မွှေးမွှေးက ဆွမ်းနေ့စဉ်ချက်လှူသည်။ ကောင်းဆက်နိုင်ကား တရားအချိန်ပြည့်နီးပါးထိုင်ပြီ။ ကျွန်မကိုလည်း မိမိအတွက် မိမိအလုပ်လုပ်ချိန်တန်ပြီဟု မကြာခဏလှမ်း သတိပေးပါသည်။ သူတို့ဇနီးမောင်နှံသည် ရံဖန်ရံခါသာ ရန်ကုန်သို့ လာကြပါသည်။ သူတို့ ရန်ကုန်လာချိန်တွင် ကျွန်မနှင့်တွေ့ဆုံကြပါသည်။ ထုံးစံအတိုင်း မွှေးမွှေးက ရှမ်းဒေသထွက် အစားအစာ၊အဝတ်အစားများကို ကျွန်မအတွက်သယ်လာပါသည်။

တစ်ကြိမ်တွင်မူ ရန်ကုန်နှင့် ကလော အချိန်မရွေးသွားလာရလွယ်စေရန် မွှေးမွှေးဝယ်ချင်လို့ဆိုကာ ကားဆင်းဝယ်ကြပါသည်။ ဂျပန်ကလာသည့် သင်္ဘောချကား မဝယ်ဘဲ၊ ရန်ကုန်တွင် ဖွင့်ထားသည့် ကုမ္ပဏီက ကားကို ရွေးချယ်ဝယ်ယူကြပါသည်၊ သူတို့ဝယ်လိုက်သည့် အဖြူရောင် ဂျပန်ကား အသစ်စက်စက်လေးဖြင့် ကျွန်မကို ပြန်ပို့ပေးပါသည်။ မွှေးမွှေးကိုလည်း ကောင်းဆက်နိုင်က တရားဘက်လှည့်လာစေရန် နေ့စဉ် ဟောပြောနေပြီး၊ မွှေးမွှေးလည်း လှူရေးတန်းရေးသာမက၊ ခန္ဓာအကြောင်း ဉာဏ်ဖြင့်သိရန် လိုကြောင်း စသိလာပြီ ဖြစ်ပါသည်။

၂၀၁၈ ဖေဖော်ဝါရီလတွင် သူတို့ ရန်ကုန်သို့ဆင်းလာကြပြန်ပါသည်။ သည်တစ်ခေါက် သူတို့ဘက်မှာလည်း လုပ်စရာ သွားစရာတွေများပြီး ရက်ကျပ်နေသည်။ သူတို့ မြို့ထဲလာမည့် အချိန် ကျွန်မကလည်း သွားမတွေ့နိုင်။ သို့ဖြင့် သူတို့က မနက်ဖန်ပြန်တော့မည်။ နောက်တစ်ခေါက်မှ တွေ့ကြတာပေါ့ဟု ဖုန်းဖြင့် နှုတ်ဆက် ကြပါသည်။ ထိုနေ့ကား ၂၀.၂.၂၀၁၈။ နောက်နေ့ နေ့လယ်တွင် ဆရာကောင်းဆက်နိုင်ထံမှ ဖုန်းဝင်လာပါသည်။

            “ ဆရာမ ညီမမွှေးမွှေး ဆုံးသွားပြီတဲ့”

            ကျွန်မသိထားသည်မှာ သည်မနက် အစောကြီး ကလောသို့ပြန်ပြီ။ ကျွန်မထံ ဖုန်းလာသည့် အချိန်ခန့် သူတို့ ကလောပြန်ရောက်ပြီဟု ယူဆထားရာ၊ ဆရာ့ အသံကြားပြီး မယုံနိုင်အောင်ဖြစ်သွားပါသည်။

            “ ဆရာ ဘာပြောတာလဲ။ မွှေးမွှေးက ဘာလို့ ဆုံးရမှာလဲ “ စသဖြင့် ပြန်ပြောမိပါသည်။

            ထိုနေ့ညနေတွင် မြောက်ဥက္ကလာပရှိ သူတို့အိမ်သို့ ကျွန်မသွားပါသည်။ ချုံးချုံးကျသွားသည့် ဆရာ ကောင်းဆက်နိုင်က ထွက်ကြိုပါသည်။ ငိုယိုမနေစေကာမူ၊ သူ့ရင်တွင်း တောက်လောင်နေသည့် အပူမီးကို ကျွန်မ အထင်းသားမြင်နေရပါသည်။ တစ်ယောက်နှင့် တစ်ယောက် ဇနီးမောင်နှံအဖြစ်သာမက၊ အပြန်အလှန် သူငယ်ချင်းမိတ်ဆွေသဖွယ် ပါရမီဖြည့်ဖော်ဖြည့်ဖက်အဖြစ် ရပ်တည်နေချိန်တွင် တစ်ဦးက ဗြုန်းစားကြီး လက်တွဲ ဖြုတ်သွားလေပြီ။ ကလောသို့ အပြန်ခရီးတွင် ကားကို ကောင်းဆက်နိုင်က မောင်းသည်။ မွှေးမွှေးက ခင်ပွန်းဘေးမှ ရှေ့ခုံတွင်ထိုင်လိုက်သည်။ နှစ်ဦးစလုံး ခါးပတ်ပတ်ထားကြသည်။ ကားဘီးကို ရန်ကုန်တွင် လေချိန် လေဖြည့် အားလုံး လုပ်ခဲ့ကြသော်လည်း နောက်ဘီးပေါက်ပြီး ကားက ထိန်းမရဖြစ်သွားသည်။ နောက်ခန်းတွင် ပါလာသည့် မြေးငယ် ၂ ဦး ဒဏ်ရာရသည်။ မွှေးမွှေးကား သတိလစ်နေသည်ဟုထင်ရသည်။ မွှေးမွှေးခါးပတ်ကို ဖြုတ်ပြီး အောက် သို့ချစဉ် ဖြတ်သွားဖြတ်လာကားများက ရပ်ပြီး ဘာကူညီရမလဲဟု ဆင်းလာကြသူများထဲတွင် ဆရာဝန်မ တစ်ယောက်ပါသည်။ ဆရာဝန်မက မွှေးမွှေးလက်ကို သွေးကြောစမ်းပြီး နှလုံးခုန်ရပ်သွားပြီ ( bypass မရတော့ ဘူး) ဟု ပြောသည်ကို မယုံကြည်နိုင်။

ဇနီးသည်က အလွန်ကြောက်တတ်သူဖြစ်၍ သတိမေ့နေခြင်းဖြစ်သည်ဟု ယုံကြည်ထားဆဲ။ လူနာတင်ယာဉ် ရောက်လာပြီး အနီးဆုံး ဆေးရုံသို့ပို့ပေးသည်။ ဆေးရုံက မွှေးမွှေး အသက်မရှိတော့ကြောင်း အတည်ပြုသည်။ ရုတ်တရက်ကြုံလိုက်ရသည့် လောကဓံဆိုးကို ကောင်းဆက်နိုင် မခံနိုင်ဘဲ သည်းထန်စွာ ငိုကြွေးမိသည်။ မွှေးမွှေး အစား ငါပဲ သေလိုက်ရောပေါ့ ဆိုသည့် စိတ်ကလည်း ပြင်းပြစွာ လူကို နှိပ်စက်နေသည်။

ကောင်းဆက်နိုင်က ကျွန်မထက် ခြောက်လခန့်ငယ်ပြီး မွှေးမွှေးကား ကျွန်မတို့နှစ်ယောက်စလုံးထက် လေးငါးနှစ်ငယ်သူဖြစ်ပါသည်။ သူက ကျန်းမာသန်စွမ်းလှပြီး ခင်ပွန်း၏ ကျန်းမာရေးကို အစဉ်စိတ်ပူပန်ခဲ့သူ။ ကျွန်မကား ကောင်းဆက်နိုင်ကို ဖြေသိမ့်ပေးစရာ စကားမရှိ။ ရောက်လာသည့် အသိမိတ်ဆွေများကို မျက်နှာ ညှိုးညှိုးဖြင့် ဧည့်ခံနေသည့် ကောင်းဆက်နိုင်ကို ကြည့်လျက် ဝမ်းနည်းကြေကွဲသည်ကိုသာ သိနေသည်။ အငယ် ဆုံးမွှေးမွှေးက မြက်ပင်ကို လက်လျင်ဦးဖြတ်သွားလျက် သံသရာခရီးထွက်ခွာသွားလေပြီ။ မွှေးမွှေး ဈာပနကို ကျွန်မသွားသော်လည်း ရက်လည်ဆွမ်းကျွေးသို့ မသွားတော့ပါ။ ကောင်းဆက်နိုင်လည်း ပြန်လည်တည်ငြိမ်ရန် အချိန်လိုမည်ဖြစ်၍ သူ့ကိုပါ တတ်နိုင်သမျှ မဆက်သွယ်တော့ပါ။

မွှေးမွှေးဆုံးပြီး လေး၊ငါးလခန့်ကြာသော် ကောင်းဆက်နိုင်ထံမှ ဖုန်းဝင်လာပါသည်။ မွှေးမွှေးကျန်ရစ်သည့် လက်ဝတ်လက်စားများ ငွေများကို ဆွေမျိုးစုံရာရှေ့တွင် ရေစက်ချလှူဒါန်းသည်။ ယာဉ်မတော်တဆဖြစ်မှု ရင်ဆိုင်နေရသည်ကို အဆုံးသတ်ပြီးနောက် ဘုန်းကြီး အပြီးဝတ်လိုက်ပြီဆိုသည့် သတင်းကို လှမ်းပေးပါသည်။ ထိုမှစ၍ ဦးပဉ္ဇင်း ဦးကောဝိဒထံမှ တရားအလုပ်ထိထိမိမိလုပ်တော့ ဒကာမကြီး ဆိုသည့် သတိပေးသံ မကြာခဏရောက် လာပါတော့သည်။

တစ်နေ့တွင် အရှင်ကောဝိဒ - အနတ္တ အမည်ဖြင့် ရေးသားထားသည့် “ ပညာဝိမုတ္တိနှင့် အနာဂါမ်ရေးတဲ့ စာ” စာအုပ် ပါဆယ်ဖြင့်ရောက်လာပါသည်။ သမထ ထူထောင်ရန် ခက်ခဲနေသူများကို လမ်းညွန်ထားသည့် စာအုပ် ဖြစ်ပါသည်။ တရားကျင့်ကြံ၍ ခန္ဓာဉာဏ်ရောက် တရားသိလာသူများတွင် တူညီသည့် အချက်တစ်ချက်ရှိပါသည်။ ယင်းကား စာနာသနားစိတ်ဖြင့် လူတိုင်းကို တရားသိစေလိုသည့် စေတနာဖြစ်ပါသည်။ ယခုလည်း ဤစာအုပ်ကို သည်စေတနာဖြင့် အရှင်ကောဝိဒ ရေးသားကြောင်း နားလည်နေပါသည်။ ယခင်ထက်စာလျင် တရားနာချိန်တရား မှတ်ချိန် တိုးလာသည်မှ အပ၊ မည်သည့် ခန္ဓာဉာဏ်ရောက် တရားမှ မရသေးသည့် ကျွန်မကား ကောင်းဆက်နိုင် ကဲ့သို့ ရုန်းမထွက်နိုင်။ ဘဝကို တွယ်တာရစ်မူးဆဲ ဆိုသည်ကိုလည်း မိမိဘာသာသိနေပါသည်။

ကျန်ခဲ့သည့် အပါတ်တွင် အရှင်ကောဝိဒထံမှ တရားစာအုပ် ၂ အုပ်ရောက်လာပြန်ပါသည်။ တရားရှုမှတ် တော့မည်ဆိုရင် ခန္ဓာကို ဒီလိုသဘောထားပါ နှင့် ညှစ်ကျစ်လျှော့အား လှုပ်ရှားဝါယော ဆိုသော စာအုပ်ငယ် ၂ အုပ်။ တရားရှုမှတ်တော့မည်ဆိုရင် ခန္ဓာကို ဒီလိုသဘောထားပါ သည် တရားရှုမှတ်မိသူများအတွက် လိုရင်းတိုရှင်း လမ်းပြထားသည့် စာအုပ်ဖြစ်ပါသည်။ ညှစ်ကျစ်လျှော့အား လှုပ်ရှားဝါယော စာအုပ်ကား၊ ဝါယောဓာတ်ကို အခြခံ၍ ဓာတ်လေးပါးကို ရှုမှတ်နည်း လမ်းညွှန်ပြသပေးထားပါသည်။ ကျွန်မတို့က ငါပဲ၊ သူပဲ ဟု စွဲနေသည့် ခန္ဓာသည် ပရမတ်သဘောအရ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဟူသည့် ဓာတ်လေးပါးအဖွဲ့အစည်းသာဖြစ်ပါသည်။ တနည်းအားဖြင့် မြေ ၊လေ‌ ၊ ရေ၊ မီး ဓာတ်ကြီးလေးပါး၏ အစုအဝေးသာဖြစ်ပါသည်။ ထိုသို့ ပြောလျှင် လက်ခံသူရှိသကဲ့သို့ ကြောင်နေတာ ချောင်နေတာဟု အပြောခံရသည့် အကြိမ်လည်း မနည်းလှပါပေ။

အငယ်ဆုံး မွှေးမွှေးက သေခြင်းသည် ကြီးသူ ငယ်သူမရွေး၊ အချိန်မရွေးရင်ဆိုင်ရတတ်သည့် အရာဟု တရားပြသွားပါသည်။ ကောင်းဆက်နိုင်ကား စာရေးသူချင်းအတူတူ  စာပေကိုရော လောကီဝတ်ကြောင်ဘဝကိုပါ ပြတ်ပြတ်သားသွား စွန့်ခွာရုန်းထွက်သွားနိုင်သူဖြစ်ပါသည်။ စင်စစ် စာရေးဆရာဟူသည် အတွေးစိတ်ကူး များသူ များဖြစ်ကြပါသည်။ ဘဝကို သာမန်လူတို့ထက် တွယ်တာခုံမင်ကြသူကများပါသည်။ ကောင်းဆက်နိုင်ကား သူတစ်ခါက ရေးခဲ့ဖူးသည့် အာဇာနည်ဘာသာသွေးအစစ်ဖြစ်ပါသည်။ ကြုံရသော လောကဓံအဆိုးကို အတိုင်းအတာ တစ်ခုထိသာ တုန်လှုပ် ခံစားသည်။ သံသရာခရီးမှ လွတ်မြောက်သည်ထိ ရုန်းမည်ဟူသော သူ၏ ခိုင်မြဲသော သံဓိဋ္ဌာန်၊ ရဟန်းဘဝဖြင့် ရေးသားသည့် စာအုပ် ၃ အုပ်က ပြောပြနေကြပါသည်။

နိုင်ငံသားအဖြစ် စာကောင်းပေမွန်ရေးသားခြင်းဖြင့် ကောင်းဆက်နိုင်တာဝန်ကျေခဲ့ပါသည်။ တိုတောင်းသေးသည့် ရဟန်းဘဝ ၄ နှစ်အတွင်း ဘာသာရေးစာပေများရေးသားခြင်းဖြင့် စာရေးဆရာဘဝတာဝန်ကိုပါ ဆက် ကျေပွန်နေပါသေးသည်။ အရှင်ကောဝိဒ စေတနာကား သတ္တဝါများကို တရားတွေ့စေလိုခြင်းဟု ထင်ထင်ရှားရှား မြင် နေရပါသည်။ စေတနာရောင်ပြန်ဟပ်လျက် ကြီးမားသော ဇွဲ လုံ့လ ဝီရိယကြောင့် ဤဘဝမှာပင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေဘုရားဟု နေ့စဉ် ဆုတောင်း မေတ္တာပို့သခြင်းဖြင့် အရှင်ကောဝိဒ၏ ကျေးဇူးကိုတုံ့ပြန်အပ်ပါသည်။

ခင်နှင်းဦး