【 ဆောင်းပါး 】ရွှေစည်းခုံစေတီအနီးက ချူအင်လိုင်းတန်ဆောင်း

【 ဆောင်းပါး 】ရွှေစည်းခုံစေတီအနီးက ချူအင်လိုင်းတန်ဆောင်း

ပုဂံဒေသကို လာ‌ရောက်လည်ပတ်ကြတဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေ မဖြစ်မနေသွား‌ရောက်လေ့ရှိတဲ့ နေရာတွေထဲမှာ ရွှေစည်းခုံစေတီတော်လည်း အပါအဝင်ဖြစ်ပါတယ်။ ရွှေစည်းခုံစေတီတော်ကို ပုဂံပြည်အနော် ရထာမင်းလက်ထက်မှာ စတင်တည်ထားခဲ့ပြီး ကျန်စစ်သားမင်းလက်ထက်မှာ အပြီးသတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

စေတီတော်ကြီးရဲ့ ဌာပနာတွေထဲမှ တရုတ်ပြည်မှရသော မြဆင်းတုတစ်ဆူနှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တဘောင် မင်းကြီးတည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော်တစ်ဆူတို့လည်းပါဝင်တယ်လို့သိရပါတယ်။

၁၉၆၀ ခုနှစ်  မတိုင်ခင်က ရွှေစည်းခုံစေတီတော်ကြီးကို လာရောက်လည်ပတ်သူတွေဟာ နေပူထဲမှာပဲ ဘုရားဖူးဖို့ စောင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ၁၉၆၁ခုနှစ်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တရုတ်နိုင်ငံဝန်ကြီး ချုပ် ချူအင်လိုင်းဟာ နေပူထဲမှာ ဘုရားဖူးဖို့စောင့်နေကြတဲ့ လူအုပ်ကြီးကိုတွေ့ရင်းက ဘုရားဖူးတွေ အနားယူဖို့ တန်ဆောင်းတစ်ခုဆောက်လုပ်ရန် အလှူငွေထည့်ဝင်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ ငွေကျပ် ၅၀၀၀ မတည်လှူဒါန်းပြီးတခြား ပြည်သူတွေရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ တန်ဆောင်းကြီးတစ်ခုကိုဆောက်လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ချူအင်လိုင်းတန်ဆောင်းလို့ လူသိများခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ၉ ကြိမ်တိုင်တိုင်လာရောက်ခဲ့ဖူးတဲ့ ဝန်ကြီးချုပ်ချူအင်လိုင်းဟာ ဘုရားဖူးတွေတည်းခိုနိုင်ဖို့ရည်ရွယ်ချက်နဲ့ တန်ဆောင်းကိုလှူဒါန်းခဲ့တာဖြစ်ပြီး နှစ်စဥ်လည်းတရုတ် မြန်မာဆွေမျိုးပေါက်ဖော်ဆက်ဆံရေး နှစ် ပတ်လည်အခမ်းအနားတွေကိုလည်း ဒီတန်ဆောင်းကြီးမှာပဲ လက်ရှိအချိန်ထိ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ချူအင်လိုင်းဟာလည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ထူထောင်ချိန် ၁၉၄၉ ခုနှစ်မှစ၍ ကွယ်လွန်ချိန်အထိ ဝန်ကြီးချုပ်အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး အတွက် ဖျောက်ဖျက်၍မရတဲ့ အကျိုးဆောင်မှုများ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

ချူအင်လိုင်းအနေနဲ့ မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုင်းပြည်က ဝန်ကြီးချုပ်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ကာလမှာ  အကြိမ်ပေါင်းများစွာ  အလည်အပတ်လာရောက်ရှိသောသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ဝန်ကြီးချုပ်ချူအင်လိုင်းမတည်လှူဒါန်းခဲ့တဲ့ တန်ဆောင်းကြီးဟာဆိုရင် ပုဂံဒေသက ရွှေစည်းခုံစေတီတော်ကို လာရောက်ဖူးမြှော်သူတွေအတွက် နားခိုစရာတစ်ခုအဖြစ် နှစ်ပေါင်း ၆၀ကျော်တိုင်တည်ရှိနေတာ ဖြစ်ပါတယ်။

ချူအင်လိုင်းတန်ဆောင်းကြီးဟာ တရုတ်-မြန်မာချစ်ကြည်ရေးရဲ့ ပြယုဂ်အဖြစ် ရာစုနှစ်ထက်ဝက်ကျော်ဖြတ်သန်းခဲ့ပြီးနောက် ခရီးသွားတွေ ပိုမိုအဆင်ပြေချောမွေ့စွာ နားနေနိုင်ရန်အတွက် ပြုပြင်မွမ်းမံမှုတွေကို ပြီးခဲ့တဲ့ ၂၀၂၂ခု နှစ်အတွင်းမှာ ပြုလုပ်ခဲ့ရပါတယ်။

ပုဂံမြို့ရွှေစည်းခုံစေတီတော်တွင် တရုတ်နိုင်ငံဝန်ကြီးချုပ်ချူအင်လိုင်းရဲ့ လှူဒါန်းထည့်ဝင်‌ငွေဖြင့် တည်ဆောက်ထားခဲ့တဲ့ ချူအင်လိုင်းတန်ဆောင်းပြုပြင်မွမ်းမံခြင်းစီမံကိန်းကို  ၂၀၂၂ခုနှစ် ဇန်နဝါရီ ၈ရက်တွင် ကျင်းပခဲ့ပါတယ်။ယင်းနေ့ဟာ ဝန်ကြီးချုပ်ချူအင်လိုင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့တဲ့ ၆၁ နှစ်မြောက် အထိမ်းအမှတ်နေ့ ဖြစ်သလို ဝန်ကြီးချုပ်ချူအင်လိုင်း ကွယ်လွန်တဲ့ ၄၆ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံတရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကိုတော့ ၂၀၂၂ ဇူလိုင် ၃  ရက် က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရွှေစည်းခုံစေတီတော် ပုရဝဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်းမှာ ကျင်းပခဲ့ပါတယ်။

ဒီလိုအဆင့်မြှင့်တင်ပြင်ဆင်မှုအားလုံးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကဦးဆောင်ပြုလုပ်တာဖြစ်ပြီး မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက ရွှေစည်းခုံစေတီတော်ကြီးရဲ့ လျှပ်စစ်မီးလှူဒါန်းမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ ကဗျည်းကျောက်စာတိုင်တစ်ချပ်ကိုလည်း စေတီတော်ရင်ပြင်တော်ပေါ်မှာ တွေ့ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက စီးပွားရေးဆိုင်ရာ အကူအညီနှင့် ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးအတွက် ယခုလက်ရှိ လိုအပ်နေသော နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးနေ တယ်လို့ သိရပါတယ်။

ယခုလို နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတွေဟာ ပုဂံယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရာမှာ အရေးပါပြီး ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် အနာဂတ်မျိုးဆက်များ အတွက် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုလာနိုင်မှာ ဖြစ်ပါတယ်။

ချူအင်လိုင်း တန်ဆောင်းကြီးဟာလည်း မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူလူထုကြားမှ ချစ်ကြည်မှုနဲ့ လေးစားမှုတွေကို သက်သေပြနေသလို မြန်မာ-တရုတ် အစဉ်အလာချစ်ကြည်ရေးရဲ့ သင်္ကေတအဖြစ် နှစ်ပေါင်း ၆၀ ကျော်ကြာတည်ရှိနေပြီ ဖြစ်ပါတယ်။

ခန့်မောင်