【 ဆောင်းပါး 】လန်ချန်း - မဲခေါင်အစီအမံအောက်မှ ရောဂါပိုးမွှား စစ်ဆေးခြင်း

【 ဆောင်းပါး 】လန်ချန်း - မဲခေါင်အစီအမံအောက်မှ ရောဂါပိုးမွှား စစ်ဆေးခြင်း

လန်ချန်း - မဲခေါင် နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုတွင် နယ်စပ်ဖြတ်ကျော်တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တရားဝင်ရောင်းဝယ်ကုန်သွယ်နိုင်ရန် ရောဂါပိုးမွှားစစ်ဆေးရေး ပူးပေါင်းဆောင်ရွက်မှုသည်လည်း အရေးပါသည့် စီမံကိန်းတစ်ခုအဖြစ် ပါဝင်လျှက်ရှိနေပါသည်။ ယင်းအား ဖေါ်ဆောင်ရာတွင် မြန်မာနိုင်ငံသည် အာရှ၏ကြီးမားသော စျေးကွက်ဖေါ်ဆောင်သူဖြစ်သည့် အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ပူးပေါင်းခဲ့ကြောင်း ဖေါ်ပြကြသည်။ အကြောင်းအားဖြင့် ၂၀၁၈ - ၂၀၂၀ ပြည့်နှစ်အထိ  ယင်းအား ၂ နှစ်တာ ကြိုးပမ်းခဲ့မှုအပြီးတွင် တရားဝင်ကုန်သွယ်ရေးအတွက် အပြန်အလှန်အသိအမှတ်ပြုမှုများ၊ ချိတ် ဆက်ဆောင်ရွက်မှုများ၊ သတင်းအချက်အလက်မျှဝေမှုများ စသည်တို့သည် လန်ချန်း - မဲခေါင် နိုင်ငံများ၏ ကုန်သွယ်ရေး ကဏ္ဍအပြင် အသိပညာပိုင်းဆိုင်ရာ တိုးတက်မှုများရှိခဲ့သည်ဟု သုံးသပ်မှုများ ရှိနေသည်။

မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တရားဝင်ရောင်းဝယ်ကုန်သွယ်ရေးတွင်  ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၉) ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၁၇) ကိုထုတ်ပြန်ကာ ကျွဲ၊နွားတင်ပို့မှုများကို ခွင့်ပြုပေးခြင်းများ ရှိခဲ့ပြီး ယင်းတွင် ရောင်းလိုအားနှင့် ဝယ်လိုအား အပေါ်အခြေခံပြီး ကျွဲ၊နွားများ တရားဝင် တင်ပို့ရောင်းချခွင့်ရရှိခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများအား နယ်စပ်ဖြတ်ကျော် တရားဝင်ရောင်းဝယ်ရေး အခြေအနေများကိုကြည့်လျှင် ပြောင်းလဲမှုများကို မြင်တွေ့ရမည် ဖြစ်ပါသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် သိုး၊ ဆိတ် တင်ပို့ရောင်းချခြင်းမှ အမေရိကန် ဒေါ်လာ ၁.၄၁၈ သန်းသာ ရရှိခဲ့ကြောင်း ဖေါ်ပြမှုများရှိခဲ့ရာမှ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်မှ စတင်ကာ ကျွဲ၊ နွား အရှင်များအား တရားဝင် တင်ပို့ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သိုး၊ ဆိတ်၊ ကျွဲ၊ နွား တင်ပို့ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၃၆.၆၆၄ သန်းထိ ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ဖေါ်ပြမှုများရှိခဲ့သည်။

ထိုမှသည် ၂၀၁၈ အောက်တိုဘာလမှ ၂၀၁၉ မတ်လထိ ၆ လအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆၅.၂၃ သန်းအထိ ရရှိခဲ့ပြီး ယင်းတို့အနက် ၂၃၆ သန်းသည် ကျွဲ၊ နွား တင်ပို့ခြင်းမှ ရရှိခဲ့သည်ကို တွေ့ရသည်။ ကျွဲ၊ နွား အရှင်များအား တရားဝင်တင်ပို့ခွင့်ပြုခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်မှ စတင်၍ ၂၀၁၉ စက်တင်ဘာလ အထိကိန်းဂဏန်းအနေဖြင့် သက်ဆိုင်ရာမှ တင်ပို့ရန် စစ်ဆေးခွင့်ပြုခဲ့သည့် ကာလအတွင်း ကျွဲ၊နွား ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၆၂.၈၅၉ သန်းရရှိခဲ့ကြောင်း သိရှိရသည်။မြန်မာနိုင်ငံအနေနဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ် စတဲ့ တိရစ္ဆာန်တွေကို ပြည်ပနိုင်ငံများသို့ တရားဝင် တင်ပို့ခွင့်ပြုခဲ့ပြီးနောက် ပြည်တွင်းဈေးကွက်ပါ မြင့်တက်ခဲ့ပြီး အမြင့်လေးပေကျော်ရှိတဲ့ ကျွဲ/နွား တစ်ကောင်လျှင် ကျပ် ၁၅ သိန်း အထက်မှာသာ ဈေးနှုန်းရှိလာခဲ့သည်။

ယင်းသို့ တစ်နိုင်ငံမှ တစ်နိုင်ငံသို့တိရစ္ဆာန်များကုန်သွယ်မှု ပြုလုပ်ရာတွင် နိုင်ငံတကာစံနှုန်း နှင့် အညီ လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်ရပြီး ထိန်းသိမ်းစောင့်ကြည့်သွားခြင်းဖြင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် ကူးစက်ရောဂါများ (Trans-boundary Animal Diseases)ကို ထိန်းချုပ်ရန် တိရစ္ဆာန်ရောဂါ ထိန်းချုပ် စောင့်ကြည့် စစ်ဆေးရေး စခန်းများသည်လည်း အရေးပါသော အခန်းကဏ္ဍအဖြစ်ရှိလာခဲ့ကြသည်။ ယင်းအခြေအနေမှသည် ကိုဗစ် - ၁၉ ကပ်ရောဂါကာလတွင်တော့ ရောဂါပိုးမွှားစစ်ဆေးရေးဆောင်ရွက်မှုသည် ကုန်သွယ်ရေးတွင် ကပ်ရောဂါကြောင့် ပိုမိုလေးနက်လာခဲ့သည်။

မြန်မာနိုင်ငံသည် ပထမဆုံးသော တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်း (Animal Quarantine Station) ကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက် (တနင်္လာ နေ့) တွင် ဖွင့်လှစ်ခြင်းဖြင့် လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ ထို့အပြင် ကော့ကရိတ်မြို့ ကမ္မရာကျေးရွာ တွင်လည်း ဒုတိယမြောက် စခန်းတစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ယင်းသည် ကာကွယ်ဆေးထိုးပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စစ်ဆေးပြီးကြောင်း ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်းများအား ဆောင်ရွက်နိုင်ခဲ့သည်။

သို့ရာတွင် ၂၀၂၀ နှစ်ဆန်းပိုင်းမှ စတင်ကာ Covid-19 ရောဂါကြောင့် ကျွဲနွားကုန်သွယ်မှု ရပ်တန့်ထားခဲ့မှုများဖြစ်ပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး တရားဝင် ပြန်လည်တင်ပို့မည်ဟု သတင်းဖေါ်ပြမှု များရှိခဲ့သော်လည်း ပြည်ပသို့ တိရစ္ဆာန်တင်ပို့ အနေဖြင့်ကိန်းဂဏန်းသည် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင်ပုံမှန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ  ၃.၇၂၂ သန်း၊ နယ်စပ်တင်ပို့မှုမှ ၁၀၄.၀၂၁ သန်းရှိရာမှ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် ဒီဇင်ဘာလတွင် ပုံမှန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၂.၉၆၀ သန်းနှင့် နယ်စပ်တင်ပို့မှုမှ ဒေါ်လာ ၁၅.၈၂၁ သန်းသို့ လျော့ကျခဲ့ရသည်။  

ယင်းကိန်းဂဏန်းသည် ကပ်ရောဂါကြားမှ မလွှဲသာသည့်အခြေအနေအဖြစ် သုံးသပ်မှုများရှိခဲ့သည်။ မြန်မာ - တရုတ် နှစ်နိုင်ငံတို့သည် ကပ်ရောဂါကြားမှ ကုန်သွယ်ရေးကြိုးပမ်းမှုအနေဖြင့် ယင်းကာလတွင် နိုင်ငံတကာ ကုန်သွယ်မှုတွင် လိုအပ်သည့်ထောက်ခံချက်လက်မှတ်များဖြစ်သည့် နိုင်ငံများအကြား ကုန်သွယ်ရေးအတွက် လယ်ယာ ကဏ္ဍထွက်ကုန်များ၊ သီးနှံ၊ တိရစ္ဆာန်အရှင်၊ အသားနှင့်ငါးတို့ကို ကျန်းမာရေး နှင့် ပိုးမွှားကင်းစင်ကြောင်း အသိအမှတ်ပြုလက်မှတ်များကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သော  တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏  မြန်မာနိုင်ငံခရီးစဉ်မှတစ်ဆင့် မြန်မာအနေဖြင့် အခွင့်အလမ်းရှိခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်/ ဆန်ကွဲ၊ ပိုးအိမ်ခြောက်၊ ကျွဲ၊နွားအရှင်တင်ပို့ရေး အပင်နှင့် တိရစ္ဆာန် ကျန်းမာရေး နှင့် ပိုးမွှားကင်းစင်ရေး (SPS)သဘောတူ စာချုပ်များကို တရုတ်ပြည့်သူ့ သမ္မတ နိုင်ငံ၊အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China- GACC)၊နှင့်  မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ကြား လက်မှတ်ရေးထိုးမှုများ ရှိခဲ့ခြင်းကြောင့် ကုန်သွယ်ရေးသည် လျော့ကျမှုများရှိခဲ့သော်လည်း အခြေအနေကို ထိန်းချုပ်ဆောင်ရွက်ခဲ့ကြောင်း ရှုမြင်ကြသည်။ထိုပူးပေါင်းဆောင်ရွက်မှုသည် လန်ချန်း - မဲခေါင် နိုင်ငံများကြား ကပ်ရောဂါကာလ ကုန်သွယ်ရေးတွင်လည်း သက်ရောက်မှုများရှိခဲ့ပြီး ရောဂါပိုးမွှားစစ်ဆေးခြင်းမှ အပြန်အလှန် ချိတ်ဆက်မှုများ ရှိနေသည်လည်းဖြစ်သည်။ ယင်းမှသည် လက်ရှိတွင် လုပ်ငန်းစဉ်အတွက် စီမံခန့်ခွဲမှုစွမ်းရည်သည်လည်း ပိုမိုအားကောင်းလာခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့သည့် မီနီဘတ်ဂျက် (၆) လတာကာလနှင့်နှိုင်းယှဉ်ကာ သုံးသပ်မှုများရှိနေခဲ့သည်။

မိုးသား

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှ တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်းအား ၂၀၁၉ ခုနှစ်တွင် တွေ့မြင်ရစဉ်

ဓာတ်ပုံ - လယ်/ဆည်