【 ဆောင်းပါး 】လမြတ်ဝါဆို ထိုကုသိုလ်

【 ဆောင်းပါး 】လမြတ်ဝါဆို ထိုကုသိုလ်

ခက်ခဲလှသည့်ကာလတွင် ယခင်နှစ်များကထက် အလှူဒါနလျော့နည်းလာသည်ကိုတွေ့မြင်လာရသည်။ ယခုနှစ်တွင် မနက်ဆို ရဟန်းသံဃာများ၏ မနက်အရုဏ်ဆွမ်းကို ယခင်ကထက် ပိုမြင်လာရသည်။ ရပ်ထဲရွာထဲ သိမ်တစ်ပတ်ဆွမ်းဟုခေါ်သည့် တန်းဆွမ်းကို မနက်ပိုင်း တစ်ကျောင်းပြီး တစ်ကျောင်းတွေ့လာရသည်။ ဒါယကာ ဒါယိ ကာမများ စီးပွားရေးကျပ်တည်းမှုက ရဟန်းသံဃာများကို ထိခိုက်စပြုလာနေသည်ကို တွေ့နေရသည်။ယခင်ကဆို ဝါဝင်သည့်အချိန်နီးလာသည်နှင့်အမျှ လမ်းထဲ ဝါဆိုသင်္ကန်းကပ်သူ၊ အလုပ်နှင့် ကျောင်းများတွင် ဝါဆိုသင်္ကန်း ကပ်သူများနှင့်  ရပ်ထဲရွာထဲ ပျားပန်းခတ်စည်ကားသည့် အချိန်ဖြစ်သည်။ထို့အတူ ရဟန်းသံဃာများလည်း မနားရဘဲ အလှူလက်ခံနေရသည့်ကာလဖြစ်သည်။ ယခုနှစ်တွင် ထိုသို့မဟုတ်။ အတော်လေးကို သိသိသာသာ လျော့နည်းသွားသည်။ နိဗ္ဗာန်ကုန်လုပ်ကိုင်သည့် အသိမိတ်ဆွေပြောစကားအရ ဆိုပါက သင်္ကန်းရောင်းချရမှု ခေါက်ချိုးမက လျော့ကျသွားသည်ဟုဆိုလေသည်။

ထိုသို့သော အကြောင်းအရာကြောင့် သာသနာရေသောက်မြစ်ဖြစ်သည့် ရဟန်းသံဃာများ ဝိနည်းအရ ကျင့်ကြံ နေထိုင်ရာတွင် အရေးပါပြီး ဒါယိကာဒါယိကာမတို့အတွက် ကံ အကျိုးထူးလှသည် ဝါဆိုသင်္ကန်းအကြောင်းကို ခြေခြေမြစ်မြစ် ပြောပြချင်သဖြင့် ယခုဆောင်းပါးကို ရေးရခြင်းဖြစ်သည်။ ဝါဆိုသင်္ကန်းနှင့်ပတ်သက်ပြီး   မကွဲမပြားဖြစ်နေမှုအတော်များနေသည်ကို မကြာခဏတွေ့ရသည်။ထိုအရာမှာ အခြားမဟုတ်။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမည့် ရက်ဖြစ်သည်။ထိုရက်မှာ ဝါမဆိုခင်ဆက်ကပ် လှူဒါန်းရခြင်းဟု ထင်ထားသူများရှိသလို ဝါမထွက်ခင် ဘယ်အချိန်လှူလှူဆိုသည့် အယူအဆမျိုး မကွဲမပြားရှိနေခြင်း ဖြစ်သည်။ တကယ်က ဝါဆိုသင်္ကန်း လှူဒါန်းလိုသည့် အလှူရှင်များအတွက် ဝါမဆိုခင်လှူရခြင်း၊ ဘယ်နေ့ကစပြီး ဘယ်နေ့ အထိပဲ လှူရတာဖြစ်ခြင်းစသည့် သတ်မှတ်ချက်မရှိဘဲ ဝါဆိုသင်္ကန်းဟု  ရည်မှန်းကာ လှူဒါန်းရုံနှင့် ဝါဆိုသင်္ကန်းအလှူပြီးမြောက်ပြီး ဖြစ်သည်။

ဝါဆိုသင်္ကန်းနှင့် ပတ်သက်ပြီး ရဟန်းတော်များအနေဖြင့် ကိုယ်တိုင်ချုပ်လုပ်သုံးဆောင်မည်ဆိုပါက နယုန်လပြည့်ကျော် (၁)ရက်နေ့မှစပြီး မိုးလေးလကုန်တဲ့အထိ ရှားမှီချုပ်လုပ်နိုင်သည်။ ဝါဆိုသင်္ကန်း လှူဒါန်းမည့် အလှူရှင်များအနေဖြင့်မူ ကာလသတ်မှတ်ချက် မရှိဘဲ ဝါဆိုသင်္ကန်းအဖြစ် ရည်မှန်းပြီး ဝါတွင်းဖြစ်ဖြစ်၊ ဝါပဖြစ်ဖြစ် ကြိုက်သည့်အချိန်တွင်  ကြိုက်သလောက် ဆက်ကပ်လှူဒါန်းနိုင်ခြင်းဖြစ်သည်။

ဝါဆိုသင်္ကန်း ကပ်လှူရခြင်း ဖြစ်ပေါ်လာရခြင်းမှာ ဘုရားရှင်လက်ထက်က ဖြစ်သည်။ တစ်ခါက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေထိုင်တော်မူချိန် ကျွန်းကြီးလေးကျွန်း စလုံး တွင်  သဲသဲမဲမဲ မိုးကြီးရွာသွန်းခဲ့သည်။ ဘုရားရှင်က လေးကျွန်းလုံးမိုးကြီးရွာသွန်းခြင်း ဖြစ်သည့်အတွက် ရဟန်းတော်များကို မိုးရေခံဖို့၊ မိုးရေချိုးဖို့ ခွင့်ပြုတော်မူခဲ့သည်။ ထိုအချိန်က ရဟန်းတော်များအား သင်္ကန်းအပို အလှူခံခွင့်မရှိသေးသည့်အတွက် မိုးရေချိုးသည့်အခါ ရဟန်းသံဃာအားလုံး သင်္ကန်းအားလုံးကို ချွတ်ပြီး မိမွေးတိုင်း ဖမွေးတိုင်း မိုးရေချိုးကြရသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့တွင်  ဘုရားအမှုးရှိသည့် သံဃာတော်များကို ဆွမ်းကပ်ဖို့ ပင့်လျှောက်ထားလိုသည့် ဝိသာခါ ဒါယိကာမကြီးက အလုပ်အကျွေး တစ်ယောက်ကို ဘုရားကျောင်းသွားပြီး ဆွမ်းကိစ္စ အကြောင်းကြားရန် စေလွှတ်ခဲ့သည်။ ထိုအလုပ်အကျွေး ဒကာမ ကျောင်းသို့ရောက်သည့်အခါ မိုးရေချိုးနေကြသည့် ရဟန်းတော်များကိုတွေ့ ပြီး ကျောင်းမှာရဟန်းတော်များ မရှိဘဲ အဝတ်မဝတ်တဲ့ ဒိဋ္ဌိတက္ကဒွန်းတွေပဲ တွေ့ခဲ့ရကြောင်း ဝိသာခါကို ပြန်ပြောခဲ့သည်။

ထိုအခါ ဝိသာခါက ဉာဏ်နဲ့ဆင်ခြင်ပြီး ဒါဟာ ရဟန်းတော်များ မိုးရေးချိုးနေကြတာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် သဒ္ဓါ တရား နည်းသူများက တက္ကဒွန်းများနဲ့ အထင်မှားနိုင်ကြောင်း သဘောပေါက်ကာ မြတ်စွာဘုရားရှင် ကြွတော်မူလာသည့်အခါ ရဟန်းတော်များအတွက် ဝဿိကသာဋိက စီဝရခေါ် မိုးရေခံ သင်္ကန်းကို လှူဒါန်း ခွင့်ပြုဖို့ တောင်းပန်လျှောက်ထားခဲ့သည်။ ထိုသို့လျှောက်ထားသည်ကို  မြတ်စွာဘုရားရှင်က ဝိနည်း သိက္ခာပုဒ် ပညတ်ကာ မိုးရေခံသင်္ကန်း အလှူခံမှုကို ခွင့်ပြုတော်မူခဲ့သည်။ ထိုအချိန်မှစပြီး ယနေ့အထိ မိုးရေခံ သင်္ကန်း (ခေါ်) ဝါဆိုသင်္ကန်း ကပ်လှူခြင်း အစဉ်အလာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဝါဆိုသင်္ကန်းကိုကပ်လှူရခြင်းနှင့် ပတ်သက်ပြီးရရှိသည့်အကျိုးကျေးဇူးမှာများပြားလှသည်။ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းကြောင့် အဆင်းကိုလှူဒါန်းရာ ရောက်သည့်အတွက် ရုပ်ရည်အဆင်းလှပခြင်း ၊ အမြင့် မြတ်ဆုံးအနေဖြင့် သင်္ကန်းအလှူကို လှူဒါန်းသဖြင့် ဒကာတွေဆိုပါက ဘုရားတစ်ဆူဆူ ထံတော်တွင် ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပါက အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာမဂ်ဖိုလ်နိဗ္ဗာန်ဝင်စံနိုင်ခြင်း၊ အမျိုးသမီးဆိုပါက အလွန်အဖိုးထိုက်တန်သည့် မဟာလတာ တန်ဆာကို ဝတ်ဆင်မြန်းနိုင်ပြီး နောက်ပိုင်း ဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့အထိ အထောက်အပံ့ကို ဖြစ်စေခြင်းစသည့် အကျိုးကျေးဇူး များကို ရရှိနိုင်ပေသည်။

ထို့အပြင် ကာလအပိုင်းအခြားသတ်မှတ်ပြီး လှူဒါန်းသည့်  အလှူဖြစ်သည့်အတွက် စီဝရ ဒါနခေါ် သင်္ကန်း အလှူမြောက်ရုံတင်သာမက ကာလဒါနလည်း မြောက်သည့်အတွက် ကုသိုလ်အကျိုးပေးသည့်အခါ ကိုယ်လိုအပ်သည့်အချိန်တွင်  လိုအပ်ချိန်နှင့်အညီ လိုအပ်သည့်အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ခြင်းဖြစ်သည်။

ဝါဆိုသင်္ကန်းအလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်သည့်  ကုသိုလ် ဖြစ်သည်။ထို နိဗဒ္ဓအလှူ (၇)မျိုးက

၁။ သရဏဂုံတည်နေခြင်း၊

၂။ ငါးပါးသီလလုံခြုံနေခြင်း၊

၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း၊

၄။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း၊

၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊

၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း၊

၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။ 

 ထိုကုသိုလ်ကို အမြဲ မပြတ် ဆင်ခြင်ပွားများနေမည်ဆိုပါက သေပြီးနောက် ဒုတိယ ဘဝတွင် အပါယ်မလားသည်အထိ ကုသိုလ်ထူးသည့် မြတ်သော အလှူဖြစ်ကြောင်း  ဖော်ပြလိုက်ရပါသည်။

 

 ဖြိုးဝေလှ