【 ဆောင်းပါး 】လိမ္မာဖို့ ဘုရားရှိခိုးတာ

【 ဆောင်းပါး 】လိမ္မာဖို့ ဘုရားရှိခိုးတာ

ကလေးရေ ဦးတော်ရှိခိုးလိုက်ပါအုံးလို့ မိဘတွေကပြောတော့ ကလေးငယ်က ဘုရားကျောင်းဆောင်ရှိရာသို့ကြည့်ကာ သူ့လက်နုနုလေးနှစ်ဖက်ပူးယှက်ဝှေ့ယမ်းလိုက်သည်။ မိဘတွေက ဝမ်းသာ ပီတိအပြည့်နှင့် ကလေးလေးကသိပ်လိမ္မာတာပဲကွာလို့ပြောပြီး ကလေးငယ်ကိုချီးကျူးကြသည်။

ဗုဒ္ဓဘာသာဝင်မိဘအများစုသည် သူတို့၏သားသမီးများကို ငယ်ရွယ်စဉ်ကပင် ဘုရားရှင်နှင့် မိတ်ဆက်အပ်နှံကာ ဦးတော်ရှိခိုးစေခဲ့ကြသည်။

သြကာသအစချီကာ သရဏဂုံသုံးပါး ငါးပါးသီလတို့ကိုငယ်စဉ်ကပင် အလွတ်ရတတ်ကြသည်။

တကယ်လည်းလိမ္မာဖို့ဘုရားရှိခိုးကြတာပါ။ လိမ္မာတယ်ဆိုတာ အကုသိုလ်မလုပ်ဖြစ်အောင် အမြဲသတိထားကြိုးစားတာပါ။ သီလကိုလုံခြုံအောင်သတိထားစောင့်ထိန်းတာပါ။

ပုံမှန်သီလအနေနှင့် ငါးပါးသီလကိုစောင့်ထိန်းတတ်ကြသည်။ ငါးပါးသီလကိုလည်း ကလေးကအစသိပြီးသားဖြစ်သည်။ သတ္တဝါတို့၏အသက်ကိုမသတ်ရန်၊ ပိုင်ရှင်မပေးသောဥစ္စာကိုမခိုးယူရန်၊ ကာမတို့၌မှားသော အကျင့်ကို မကျင့်ရန်၊ မမှန်ကန်သောစကားကိုမပြောရန်၊ သေအရက်တို့ကို မသောက်ရန်ဖြစ်သည်။

သူတစ်ပါးကိုတိုက်ရိုက်စော်ကားခြင်းဖြစ်ပြီး ဗုဒ္ဓ၏တရားတော်အရရော လောကီဥပဒေအရပါ အပြစ်ကြီးသော ကာယဒုစရိုက်သုံးပါးသည် သူများအသက်မသတ်ရန်၊ သူများဥစ္စာမခိုးရန်၊ သူများအိမ်ရာ မကျူးလွန်ရန် တို့ဖြစ်သည်။

သို့သော်လည်း တချို့လူကြီးများသည်သူများအသက်ကိုလွယ်လွယ်သတ်ကြသည်။သူများဥစ္စာကို လွယ်လွယ်ခိုးယူကြသည်။ သူများအိမ်ရာကို လွယ်လွယ်ကျူးလွန်ကြသည်။ ကိုယ့်အပြစ်ကို သူများအပြစ်လုပ်၍ လိမ်လည်ပြောဆိုတတ်ကြသည်။

ငယ်စဉ်ကလိမ္မာဖို့ဘုရားရှိခိုးလာသူများက ကြီးလာမှမိုက်တွင်းနက်ကုန်ကြတာ အတော်ဝမ်းနည်းစရာ ကောင်းပါသည်။ သူများအသက် သူများဥစ္စာ သူများအိမ်ရာကိုလည်းဖျက်ဆီးနေကြသလို တစ်ဖက်ကလည်း ကိုယ့်မိသားစုကို မိုက်သည့်အတတ်တွေသင်ပေးရာရောက်နေတာကို သတိမရကြတော့ဟန်တူသည်။ ငယ်စဉ် ကတည်းက ဘုရားရှိခိုးရန်သင်ပေးခဲ့သည့် မိဘများကိုစော်ကားရာလည်း ရောက်ပါသည်။ အထူးသဖြင့် ကိုယ်နေ့ စဉ် ရှိခိုးနေသော ဘုရားကိုလိမ်ညာရာ ဘုရားသာသနာကိုဖျက်ဆီးရာရောက်နေပါသည်။

ဘုရားရှင်ကိုယ်တိုင်လည်းမကြိုက် ကျူးလွန်ခံရသောကာယကံရှင်တိုင်းလည်းမကြိုက်သော သီလ ကျိုးပေါက်မှုကိုပျော်ပျော်ကြီးကျူးလွန်နေသူများအဖို့ အရှက်အကြောက်တရားနှင့် ဆင်ခြင်အသိလေးတော့ရှိ သင့်ကြပေသည်။

တချို့လူများသည် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ကိုယ်တိုင်ကငါးပါးသီလကို အလွယ်တကူကျူးလွန်နေကြသည့်အပြင် အခြားသူများကိုလည်း ကျူးလွန်ရန်သင်ပြနေသူများရှိသည်။

ဘုရားရှင်ကိုရိုသေသော တရားအသိရှိသောသူများသာမှန်လျှင် ကိုယ့်သီလကို ကိုယ်ဆင်ခြင်ကာစောင့်ထိန်းသင့်ပါသည်။

ငါးရာ့ငါးဆယ် ကုရုဓမ္မဇာတ် ငါးပါးသီလနှင့်ပြည့်စုံသူများအကြောင်းကိုပြောပြချင်ပါသည်။

ဣန္ဒပတ္တနဂိုလ်ပြည်ကို ဓနဉ္စယကောရဗျမင်းကြီး အုပ်ချုပ်သည်။ မင်းကြီးသည် တိုင်းပြည်ကို မင်းကျင့် တရား ဆယ်ပါးနှင့်အညီအုပ်ချုပ်၍ ကုရုဓမ္မသီလ (ငါးပါးသီလ) ကိုမပြတ်စောင့်ထိန်းသူဖြစ်သည်။

မင်းကြီးသည် အလှူဒါနပြုရာတွင်လည်းအလွန်ရက်ရောသူဖြစ်သည်။ မြို့တော်၏ အရပ်လေး မျက်နှာ တံခါးများ မြို့လည်နေရာ နန်းတော်တံခါး ခြောက်ဌာနတို့တွင် မဏ္ဍပ်ကြီးများဆောက်လုပ်၍ နေ့စဉ်နေ့တိုင်း အယုတ်အလတ် အမြတ်မရွေးဘဲ မဏ္ဍပ်တစ်ခုတွင် အသပြာငွေခြောက်သိန်းစီ အလှူပေးသည်။

ထိုအချိန်တွင် ဒန္တပုရပြည်သည်မိုးခေါင်သဖြင့် ကာလိင်္ဂမင်းသည် တိုင်းသူပြည်သားတို့အတွက် များစွာ ပူပန်နေရသည်။ မှူးမတ်များက ဓနဉ္စယကောရဗျမင်းကြီးထံတွင် အဉ္စနဝဏ္ဏမည်သော မင်္ဂလာ ဆင်တော်ရှိပြီး ထိုဆင်ရှိရာအရပ်တွင်မိုးရွာသည်ဟုဆိုသောကြောင့် ပုဏ္ဏားများကိုစေလွှတ်ကာ အလှူခံစေသည်။ ဓနဉ္စယကော ရဗျမင်းကလည်း အလွယ်တကူပင် ပေးလှူလိုက်သည်။ ဆင်တော်ရောက် လာသော်လည်း မိုးခေါင်မြဲခေါင်နေ သောကြောင့် ကာလိင်္ဂမင်းလည်း အခက်တွေ့နေရပြန်သည်။

မှူးမတ်များကမိုးရွာစေရန်ဆက်လက်ကြံစည်စုံစမ်းရင်း ဓနဉ္စယကောရဗျမင်းကြီးသည် ကုရုဓမ္မ သီလကို မပြတ်စောင့်ထိန်းသူဖြစ်၍ သူ၏တိုင်းပြည်တွင်မိုးမှန်မှန်ရွာသွန်းကြောင်းသိလိုက်ရသည်။ ထို့ကြောင့်ဓနဉ္စယ ကော ရဗျမင်းကြီးထံသို့ မှူးမတ်များကိုစေလွှတ်ကာ ရွှေပြားထက်မှာ ကုရုဓမ္မသီလ ကို ကူးယူလာစေသည်။

မှူးမတ်များသည် ဓနဉ္စယကောရဗျမင်းကြီးထံရောက်သောအခါ ကာလိင်္ဂမင်းကြီးကအကူအညီ တောင်းခံလိုက်သည့်အကြောင်းလျှောက်တင်သည်။

မင်းကြီးသည် စိတ္တရာဇနတ်မင်းကိုပူဇော်စဉ်က အရပ်လေးမျက်နှာသို့မြားတစ်စင်းစီပစ်လွှတ်ခဲ့ရာတွင် မြားတစ်စင်းသည် ရေကန်တစ်ကန်ထဲသို့ကျခဲ့သည်။ ထိုမြားသည် ရေကန်ထဲရှိငါးတစ်ကောင် ကိုမှန်၍ သေခဲ့နိုင်သည်ဟုသံသယရှိခဲ့သည်။ ထို့ကြောင့်သူ့ကိုယ်သူသီလမြဲသည်ဟုမပြောရဲကြောင်း ဝန်ခံပြီး သူ့မယ်တော့်ထံသွားပါလို့ပြောသည်။

မင်းကြီး၏မယ်တော့်ထံရောက်သောအခါ မယ်တော်သည် တစ်ခါက သားတော်မင်းကြီးထံမှ တန်ဖိုးကြီးသော လက်ဆောင်နှစ်ခုဖြစ်သည့် စန္ဒကူးနံ့သာနှစ်နှင့်ရွှေပန်းခိုင်တို့ကိုရခဲ့သည်။ စန္ဒကူးနံ့သာ နှစ်ကို အိမ်ရှေ့စံ ၏မိဖုရားကိုပေး၍ ရွှေပန်းခိုင်ကို မင်းကြီး၏မိဖုရားကိုပေးခဲ့သည်။ တကယ်တော့ စန္ဒကူးနံ့သာနှစ်သည် တန်ဖိုးပိုကြီးသဖြင့် ချွေးမအကြီးဖြစ်သော မင်းကြီး၏မိဖုရားကိုပေးသင့်သည်ဟု တွေးမိသဖြင့် ပေးကမ်းချီးမြှင့်မှုမှားသွားသည်ဟုခံစားမိသည်။ ထို့ကြောင့်သူ၏သီလကိုသံသယဖြစ်မိသောကြောင့်ချွေးမဖြစ်သူ မိဖုရားခေါင်ကြီးထံသွားရန်ပြောသည်။

မင်းကြီး၏မိဖုရားခေါင်ကြီးက တစ်ခါတွင်မတ်တော်မောင်ဖြစ်သော အိမ်ရှေ့မင်းသားကိုစူးစူး စိုက်စိုက် ကြည့်ခဲ့မိသည်။ ကိလေသာစိတ်ဖြင့်ကြည့်ခဲ့မိသည်ဟု ထင်မိသည်။ ထို့ကြောင့် သူ၏သီလကို သံသယဖြစ်မိကြောင်း ပြောကာ သူ့ထက်သီလမြဲသော အိမ်ရှေ့မင်းသားထံစေလွှတ်ပြန်သည်။

အိမ်ရှေ့မင်းသားက တစ်ညတွင် အခြွေအရံများသည် မိမိကြောင့် မိုးရေထဲတွင် တစ်ညလုံး ဆင်းရဲပင်ပန်းစွာနေခဲ့ရဖူးသည်။ ထို့ကြောင့်သူ၏သီလကျိုးပေါက်ခဲ့သည်ဟုထင်နေသည်။ ထို့ကြောင့် သူ၏သီလကို သံသယရှိသည်ဆိုကာ ပရောဟိတ်အမတ်ကြီးထံသွားခိုင်းပြန်သည်။

ပရောဟိတ်အမတ်ကြီးသည် နိုင်ငံရပ်ခြားမင်းတစ်ပါးက မင်းကြီးထံ ရထားအသစ်တစ်စီးဆက်သခဲ့ဖူးသည်။ သူသည် ထိုရထားသစ်ကို လိုချင်တပ်မက်သည့်လောဘစိတ်ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် သူ၏သီလသည် စင်ကြယ်မည်မထင်ကြောင်းပြောကာ သူ့ထက်သီလမြဲသော မြေတိုင်းအမတ်ထံစေလွှတ်သည်။

မြေတိုင်းအမတ်သည် တစ်ခါက လယ်မြေတိုင်းတာရာတွင် ကြိုးအစွန်းတစ်ဖက်ချည်နှောင်ထားသော လှံတံကို ပုစွန်တွင်း၌စိုက်ခဲ့ရာ ပုစွန်သည်လှံတံထိုးမိ၍ သေခဲ့ပါသည်။ ထို့ကြောင့် သူ၏သီလ မစင်ကြယ်တော့ ကြောင်းပြောပြီး သူ့ထက်သီလစင်ကြယ်သောရထားထိန်းထံသွားစေပြန်သည်။

ရထားထိန်းသည် တစ်ခါက မင်းကြီးကိုရထားပေါ်မှာတင်၍ ဥယျာဉ်တော်မှပြန်လာစဉ် မိုးသား မိုးတိမ်များ မည်းမှောင်လာသောအခါ မင်းကြီးမိုးမိမှာစိုးသဖြင့် မြင်းများကိုနှင်တံတို့ကာအပြင်းနှင်ခဲ့၏။ နောင်တွင်လည်း မြင်းများသည် ထိုနေရာသို့ရောက်တိုင်း အလျင်အမြန်ပြေးပြေးသွားကာ ပင်ပန်းကြရသည်။ ထို့ကြောင့်မြင်းများကို ပင်ပန်းစေသော သူ၏သီလကို သံသယရှိသောကြောင့် သီလလုံခြုံသော သူဌေးကြီးဆီလွှတ်ပြန်သည်။

သူဌေးကြီးသည် တစ်ခါက မင်းကြီးအတွက်သတ်မှတ်ပေးထားသော သူပိုင်သော သလေးလယ်ကွက်မှ ကောက်နှံပန်းတစ်ဆုပ်ကိုခူးယူ၍ သူ၏ဦးသျှောင်မှာ ပန်ဆင်ခဲ့မိသည်။ မင်းကြီးထက် အရင်သုံးစွဲမိခဲ့သည့်အတွက် သူ၏သီလကို သံသယရှိသောကြောင့် သီလမြဲသော တင်းခြင်အမတ်ထံ သွားစေသည်။

တင်းခြင်အမတ်သည် တစ်ခါက စပါးရှင်တစ်ယောက်၏စပါးများကိုတင်းဖြင့်ခြင်တွယ်ရာထည့်ခဲ့သည်။ အားလုံးခြင်တွယ်ပြီးသောအခါ မခြင်တွယ်ရသေးသောစပါးပုံမှစပါးအချို့ကို စပါးပုံတစ်ခုသို့ အမှတ်တမဲ့ လောင်းထည့်လိုက်မိသည်။ ထိုစပါးပုံသည် ခြင်တွယ်ပြီးသားလား မခြင်တွယ်ရသေးတာလားမသိရှိလိုက်ပါ။ အကယ်၍သာ ခြင်တွယ်ပြီးသားစပါးပုံသာဖြစ်ခဲ့ပါက စပါးရှင်အတွက်နစ်နာစရာ ဖြစ်သွားပါလိမ့်မည်။ ထိုသို့သာဖြစ်ခဲ့ပါက သူ၏သီလသည်လည်း မလုံခြုံဖြစ်ရပါမည်။ ထို့ကြောင့်သူ့ ကိုယ်သူသီလမြဲသည်ဟုပြော၍မဖြစ်သောကြောင့် သူ့ထက်သီလစောင့်ထိန်းနိုင်သော တံခါးမှူးဆီ သွားရန်ပြောသည်။

တံခါးမှူးသည် တစ်ခါက မိမိတာဝန်ကျတံခါးဆီသို့ရောက်လာသော မောင်နှမနှစ်ယောက်ကို လင်မယား ထင်၍ စကားပြောမှားခဲ့ဖူးသည်။ ထို့ကြောင့် သူ့သီလပျက်သွားခဲ့သည်ဟုထင်နေသည်။ ထို့ကြောင့်သူ့ထက်သီလ လုံခြုံသော ပြည့်တန်ဆာမထံသွားခိုင်းပြန်သည်။

ပြည့်တန်ဆာမသည် တစ်ချိန်က အမျိုးသားတစ်ယောက်ထံမှ အခကြေးငွေယူပြီး တာဝန် မကျေမီ အခြား အမျိုးသားတစ်ယောက်ထံမှအခကြေးငွေယူရန်လက်ဖြန့်ခဲ့မိသည်။ တကယ်မယူခဲ့မိ သော်လည်း ယူရန်ကြံ မိခဲ့ သည့်အတွက် သူ၏သီလအပေါ်သံသယရှိနေကြောင်းပြောပြန်သည်။

ထိုအခါ ကာလိင်္ဂမင်း၏မှူးမတ်များက ဓနဉ္စယကောရဗျမင်းကြီးမှစ၍ ပြည့်တန်ဆာမအဆုံး ဆယ့် တစ် ယောက်တို့၏သီလကိုစင်ကြယ်သည်ဟုယုံကြည်ကြောင်းပြောကြသည်။သူတို့အားလုံးစောင့်ထိန်းခဲ့သော ကုရုဓမ္မသီလကိုရွှေပြားပေါ်မှာကူးယူခွင့်ပြုရန်တောင်းဆိုကြသည်။

ထို့နောက် ကာလိင်္ဂမင်း၏မှူးမတ်များသည် ဓနဉ္စယကောရဗျမင်းကြီးတို့အားလုံး စောင့်ထိန်းခဲ့သော ကုရုဓမ္မသီလကို ရွှေပြား၌ကူးယူခဲ့ကြပြီးလျှင် ကာလိင်္ဂ မင်းထံဆက်သခဲ့ကြသည်။ ကာလိင်္ဂမင်းသည် ကုရုဓမ္မ သီလကိုစောင့်ထိန်းပြီးနောက် မကြာမီမှာပင် မိုးရွာသဖြင့် သူ၏ဒန္တပုရပြည်ကြီးလည်း ကပ်သုံးပါးကင်းဝေးပြီး အေးချမ်းသာယာသွားလေသည်။

သီလစောင့်ထိန်းခြင်းကြောင့်မိမိရောအခြားသူတွေပါ အေးချမ်းသာယာမှုကိုခံစားနိုင်သည်ကို တွေ့နိုင်ပါသည်။ တစ်ဖန် ဓနဉ္စယကောရဗျဘုရင်ကြီးအစ ပြည့်တန်ဆာမအဆုံး လူတန်းစား အနိမ့် အမြင့်မရွေး သီလကိုစောင့်ထိန်းကြသည်ကိုတွေ့နိုင်ပါသည်။

အထူးသဖြင့် မိမိတို့၏အကျင့်သီလစင်ကြယ်သည် မစင်ကြယ်သည်ကို မိမိတို့ကိုယ်တိုင်သတိ ား စောင့်ထိန်းနေကြသည်ကိုလည်း တွေ့နိုင်ပါသည်။ မိမိတို့သီလအပေါ်သုံးသပ်မိ၍ တွေ့ရှိသော သံသယအမှား ကိုပင် ဝန်ခံရန်ဝန်မလေးကြပေ။

သူတို့၏သီလစောင့်ထိန်းမှုနှင့်ပတ်သက်၍ ကြီးကျယ်မြင့်မြတ်သောစိတ်သဘောထားကို ဂုဏ်ယူအားကျ အတုယူဖွယ် တွေ့နိုင်ပါသည်။                                                                                                                                                                   

                                           ရိုက်မောင်း