【 ဆောင်းပါး 】လုံးပါးပါးလာသည့် မြန်မာ့သစ်တော

【 ဆောင်းပါး 】လုံးပါးပါးလာသည့် မြန်မာ့သစ်တော

“ ဘယ်လို ပညာပေးပေး ခိုးခုတ်နေကြတော့ သစ်တောတွေ တော်တော်ပျက်စီးနေပြီ။ ရွာသားတွေ စုပေါင်းပြီး သူခိုးဖမ်းတာမျိုးလုပ်ပြီး ပညာပေးပြန်လွှတ်ပေမယ့်လည်း ထပ်ခိုးခုတ်တာတွေ ရှိနေတုန်းပါပဲ။ ဘုတ်တွေ၊ စက်လှေတွေနဲ့ကို ခိုးခုတ်နေကြတာ။ အခုဆို အပင်ကြီးတောင်မကျန်တော့ဘူး။”ဟု ရခိုင်ပြည်နယ်၊ ရမ်းဗြဲဒေသခံ ဦးသာထွန်းအောင်က ပြောသည်။

အာရှတွင်  ဒုတိယအကြီးဆုံးဖြစ်သည့် ရခိုင်ပြည်နယ်ရှိ  ဝန်ဗိုက်ဒီရေတော ကြိုးဝိုင်းအတွင်း သစ်ခိုးခုတ်ခံနေရသည့် အခြေအနေကို ဒေသခံဖြစ်သူက ပြောပြနေခြင်းဖြစ်သည်။ မြေဧကပေါင်း ၅၆၆၃၃ ဧက ကျယ်ဝန်းသည့်  ဝန်ဗိုက်ဒီရေတောအတွင်းရှိ သစ်ပင်ကြီးများကို ထင်းနှင့်မီးသွေးအတွက် ခိုးခုတ်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် ၇၅ ရာခိုင်နှုန်းအထိပင် ပျက်စီးဆုံးရှုံးနေရပြီဟုဆိုသည်။ ထိုရာခိုင်နှုန်းအရဆိုလျှင် ဧက ၃ သောင်းကျော် ပျက်စီးသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ နှစ်ဆန်းပိုင်းကတည်းက နိုင်ငံရေးအခြေအနေကြောင့် သစ်တောဝန်ထမ်းများ ထိုဒီရေတောကို စွန့်ခွာသွားခဲ့ကြသည့်အတွက်လည်း စီးပွားဖြစ်သစ်ခိုးခုတ်မှုများ ပိုဆိုးလာနေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေသူများက ဆိုသည်။

“ သစ်တောဝန်ထမ်းတွေမရှိတော့ တစ်ရက် တစ်ရက်ကို မနည်းဘူး ခိုးခုတ်နေကြတာ။ ညဆိုရင် ချိန်းစက်တွေနဲ့ အပင်ကြီးတွေ ရွေးခုတ်ကြပြီး ဘုတ်ကြီးတွေ၊ စက်လှေတွေနဲ့ သယ်ကြတာပေါ့။ စီးပွားဖြစ်ကို လုပ်နေကြတာ။ ပြီးခဲ့တဲ့ နှစ်တွေကဆိုရင် ရွာ ၁၄ ရွာက ရွာသားတွေ စုပြီးဖမ်းတာ တစ်လအတွင်းကို ဘုတ်လှေကြီးအစီး ၄၀၊ ၅၀ လောက်ထိဖမ်းမိတဲ့အခြေအနေပဲ။ အခုက ထိန်းသိမ်းဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒေသခံတွေချည်းပဲ စုဖွဲ့စောင့်ရှောက်နေကြတယ် ။”ဟု ရခိုင်ပြည်နယ်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ကဲ့သို့ပင်  ပဲခူးနှင့် ဧရာဝတီတိုင်းအပါအဝင် အခြား ပြည်နယ်၊ တိုင်းများတွင်လည်း ထိုသို့ သစ်ခိုးခုတ်မှုများ နေ့စဉ်နှင့်အမျှရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ သစ်ခိုးထုတ်မှုများမှာ ယခင်နှစ်များကတည်းက ရှိခဲ့သည်ဆိုသော်လည်း ယခုနှစ်ပိုင်းများတွင် ပိုများလာသော အနေအထားဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ပြောသည်။

“ မြို့ပြချဲ့တာတို့၊ တောင်ယာချဲ့တာတို့ထက် သစ်တောပြုန်းတီးပျက်စီးရတဲ့အဓိက အကြောင်းရင်းက သစ်ခိုးခုတ်တာပဲ။ အခုဆိုရင် ပိုဆိုးတာပေါ့။ နိုင်ငံရေးအခြေအနေကလည်း မကောင်းဆိုတော့ အချက်အလက် ကောက်ယူဖို့လည်း အခက်အခဲရှိတော့ ဘယ်လောက်တောင်သစ်တောတွေ ပြုန်းတီးပျက်စီးကုန်ပြီလဲ ဆိုတာမသိနိုင်ဘူး။”ဟု အမည်မဖော်လိုသူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေသူတစ်ဦးကလည်း ဆိုသည်။

မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှု ထူထပ်သည့် နိုင်ငံဖြစ်သည့် အလျှောက် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းဝန်းကျင်ကို သစ်တောများဖြင့် ဖုံးလွှမ်းထားခဲ့သည်။ သို့သော် သစ်ထုတ်လုပ်မှု၊ သစ်ခိုးထုတ်မှုများနှင့် တောင်ယာအတွက် မီးရှို့ချဲ့ထွင်ခြင်းများ၊ မြို့ပြချဲ့ထွင်ခြင်းများ၊ သတ္တုတူးဖော်ခြင်းများနှင့် အခြားအကြောင်းများကြောင့် သစ်တောဖုံးလွှမ်းမှု ဧရိယာများမှာ တစ်စတစ်စလျော့ကျလာခဲ့ရသည်။ သစ်တောပြုန်းတီးမှုနှုန်း အခြေအနေကို ပြန်ကြည့်လျှင် ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ၀ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၁ ဒသမ ၇၃ ရာခိုင်နှုန်းအထိ သစ်တောပြုန်းတီးမှု တိုးလာခဲ့ကြောင်း တွေ့ရ သည်။ မြန်မာနိုင်ငံအတွင်း သစ်တောပြုန်းတီးမှုမှာ နှစ်စဉ် ဟက်တာ ၅၄၆၀၀၀ ထိရှိနေကြောင်း အချက်အလက်များအရ သိရသည်။

၂၀၁၅ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ (FRA 2015) အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံစုစုပေါင်းဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့နှစ်စဉ်သစ်တောပြုန်းတီးမှုအများဆုံး နိုင်ငံစာရင်းတွင် အဆင့် ၃ တွင် ရှိခဲ့ကြောင်းဖေါ်ပြထားသည်။ ထိုအခြေအနေကို ဖြေရှင်းရန် ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တစ်နှစ်တာ သစ်ထုတ်လုပ်မှုကို ရပ်နားခဲ့ပြီး၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှုကို ၁၀ နှစ်ထိရပ်နားခဲ့သည်။ သစ်ခိုးထုတ်မှုများကိုလည်း  အင်တိုက်အားတိုက် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ကျွန်း၊ သစ်မာနှင့် အခြားသစ် ဖမ်းဆီးရမိမှုတန်ချိန် ၁၃၁၈၄ ဒသမ ၂၀၉၅ တန်ရှိခဲ့ပြီး တရားခံ ၂၁၄၉ ဦး၊ ယာဉ်၊ ယန္တရား ၁၃၂၉ စီး၊ ချိန်းဆော ၁၂၃ ခု ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရန်အတွက်လည်း မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကို ၂ဝ၁၇-၂ဝ၁၈ မှ ၂ဝ၂၆-၂ဝ၂၇ အထိ ၁၀ နှစ် စီမံကိန်းရေးဆွဲပြီး သစ်တော စိုက်ခင်းပေါင်း ဧရိယာ ဧက ၃၅၀,ဝဝဝ ကျော်တည်ထောင်ရန် လုပ်ဆောင်မှုများလည်းရှိသည်။ ကျွန်းသစ်ဖြင့် နာမည်ကျော်သော မြန်မာနိုင်ငံဖြစ်သည့်အလျောက် ကျွန်းသစ်အများဆုံး ပေါက်ရောက်ရာ ပဲခူးတိုင်းအတွင်း စီးပွားဖြစ်ကျွန်းသစ် စိုက်ခင်းဟောင်းများ ပြန်လည်ဆယ်တင်ခြင်းများလည်း  ပြုလုပ်ခဲ့ကြသည်။ အလားတူ ဒီရေတောများ၊ သစ်တောကြိုးဝိုင်းများ ထိန်းသိမ်းမှုများလည်း ပြန်လည်လုပ်ဆောင်ခဲ့သည်။

ထိုမျှသာမက ဥပဒေပြင်ဆင်ပြဋ္ဌာန်းခြင်းများလည်း လုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။ ၁၉၉၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် သစ်တောဥပဒေကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။ ပြင်ဆင်ဥပဒေအရ သစ်တောဝန်ထမ်းအားလုံး မိမိ၏ လုပ်ပိုင်ခွင့် အကြောင်းပြု၍ တစ်ဦးတစ်ယောက်ထံမှ ပစ္စည်းသို့မဟုတ် ငွေကြေးကိုရယူ၍ မသမာသောနည်းဖြင့် သစ်တောထွက်ပစ္စည်း တစ်စုံတစ်ရာကို ထုတ်ယူခြင်း၊ သယ်ယူ ပြောင်းရွှေ့ခြင်း သို့မဟုတ် တရားမဝင်လက်ဝယ်ထားရှိခြင်းကိစ္စတွင် ပါဝင်ပူးပေါင်းကြံစည်လျှင် အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ အများဆုံး ထောင်ဒဏ် ၁၂ နှစ်အထိ ကျခံရမည်ဟု သစ်တောဥပဒေ ပုဒ်မ ၄၆ တွင်ပါရှိသည်။

ခွင့်ပြုမိန့်မရှိဘဲ ကျွန်းနှင့် တားမြစ်သစ်ပင်များကို ခုတ်လှဲခြင်း၊ ပိုင်းဖြတ်ခြင်း၊ ထုတ်ယူခြင်း၊ သယ်ယူပြောင်းရွှေ့ ခြင်း၊ တရားမဝင်လက်ဝယ်ထားရှိပါက ထောင်ဒဏ် ၇နှစ် ချမှတ်နိုင်ကြောင်း သစ်တောဥပဒေ  ပုဒ်မ ၄၂ တွင် ပြဋ္ဌာန်းထားပြီး မည်သူမဆို ခွင့်ပြုမိန့်မရှိဘဲ တစ်တန်ထက်ပိုသော ကျွန်းသစ်ကိုထုတ်ယူခြင်း၊ သယ်ယူရွှေ့ ပြောင်းခြင်းနှင့် လက်ဝယ်ထားရှိခြင်းပြုလျှင် အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်မည်ဖြစ်ကြောင်း ပုဒ်မ ၄၃ တွင် ပြဋ္ဌာန်းထားသည်။

ထိုသို့ နည်းလမ်းမျိုးစုံဖြင့် သစ်တောထိန်းသိမ်းကာကွယ်ရေး လုပ်ဆောင်ခြင်းများရှိနေသော်လည်း ရလဒ် ကောင်းများမရသေးပေ။  ကမ္ဘာ့သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်းအစီရင်ခံစာ (GFRA 2020) အရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ နိုင်ငံစုစုပေါင်းဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း (နိုင်ငံကုန်းမြေဧရိယာ၏ ၄၃ ဒသမ ၇၁ ရာခိုင်နှုန်း) ဖြစ်ပြီး မြန်မာနိုင်ငံသည်နှစ်စဉ်အများဆုံး ကမ္ဘာ့သစ်တောပြုန်းတီးမှုဧရိယာဖော်ပြသည့် နိုင်ငံစာရင်းတွင် အဆင့်၇ တွင်ရှိကြောင်းဖော်ပြထားခြင်းက သက်သေခံနေသည်။

“ သစ်တောဆိုတာမျိုးက နှစ်ဆယ်ချီ ထိန်းသိမ်းမှု လုပ်ရမယ့်အရာဆိုတော့ ချက်ချင်းကြီးတော့ ရလဒ်ကောင်းဦးမှာ မဟုတ်ဘူး။ ဒီအတိုင်း တစိုက်မတ်မတ်လုပ်သွားမယ်ဆိုရင်တော့ ဆယ်စုနှစ် နှစ်ခုလောက်ဆိုရင် ရလဒ်ကောင်း မြင်တွေ့နိုင်မယ်လို့ ထင်တယ်။ ဒါပေမယ့် သစ်ခိုးခုတ်တာတွေကလည်း ပိုများလာတယ်ဆိုတော့ သမင်မွေးရင်း ကျားစားရင်းထက်ကို ပိုဆိုးနိုင်တယ်။ အခုဆိုရင် တချို့သစ်တောတွေဆိုရင် ပင်ကြီး၊ ပင်ကောင်း သိပ်မတွေ့ ရတော့ဘူး။”ဟု ပဲခူးတိုင်းအခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် သစ်တောပြုန်းတီးခြင်း၏ နောက်ဆက်တွဲ အပူချိန်မြင့်တက်လာခြင်းကဲ့သို့ ဆိုးကျိုးများစွာ ကြုံတွေ့ လာရသည့်အတွက် ကမ္ဘာ့အဆင့် သစ်တောထိန်းသိမ်း ကာကွယ်မှုများကို နိုင်ငံအလိုက် အင်တိုက် အားတိုက် လုပ်ဆောင်နေကြပြီဖြစ်သည်။ အနီးစပ်ဆုံးတရုတ်နိုင်ငံကို ကြည့်လျှင် သိနိုင်သည်။ တရုတ်နိုင်ငံအတွင်း ရေကြီးမှုများ၊ နေ့အပူချိန် မြင့်တက်မှုများ ကြုံတွေ့လာရပြီးနောက် တစ်နှစ် ထက်တစ်နှစ် သစ်တောထိန်းသိမ်း ကာကွယ်ခြင်းများ အင်တိုက်အားတိုက် လုပ်လာနေပြီဖြစ်သည်။ ၁၉၅၀ ပြည့် နှစ်မှစ၍ လူလုပ်သစ်တောများ တည်ဆောက်စိုက်ပျိုးခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံအတွင်း လူလုပ်သစ်တောထိန်းသိမ်းထားမှု ဧရိယာဟက်တာ ၆၂ သန်းထိရှိပြီး ကမ္ဘာ့အဆင့် ၁ နေရာတွင် ရှိနေသည်။ ထို့ပြင် လယ်မြေမှ သစ်တောအဖြစ်သို့ ပြောင်းလဲရေး စီမံကိန်းများကိုလည်း ၂၀၀၃ ခုနှစ်မှ စကာ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရုတ်နိုင်ငံတွင် လယ်မြေမှ သစ်တောအဖြစ် ပြောင်းလဲထားမှု ၃၂ သန်း ဟတ်တာဝန်းကျင်ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ထိုသို့ မစိုက်ပျိုး၊ မထိန်းသိမ်းသည်မဟုတ်။ စိုက်ပျိုး၊ ထိန်းသိမ်းမှုများကို လွန်ခဲ့သည့်နှစ်များစွာကတည်းက လုပ်ဆောင်ခဲ့ကြသည်။ နှစ်စဉ်မိုးရာသီရောက်တိုင်း သက်ဆိုင်ရာနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများက သစ်ပင်မျိုးစုံ သန်းနှင့်ချီ စိုက်ပျိုးခဲ့ကြသည်။ စိုက်ပျိုးနေဆဲလည်း ဖြစ်သည်။ ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း ၂၈၇၁၅ ဧကတွင် အပင်ပေါင်း ၂၄ သန်းခန့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။ သို့သော် ယိုပေါက်အကြီးစားဖြစ်သော သစ်ခိုးထုတ်မှုများကို အင်တိုက်အားတိုက် တားဆီးမကာကွယ်သ၍ သစ်တောများကို မည်မျှပင်ထိန်းသိမ်းစိုက်ပျိုးနေသည်ဖြစ်စေ “ပလိုင်းပေါက်နှင့် ဖားကောက်”သည်ထက်ပင် အခြေအနေက ဆိုးသထက် ဆိုးနေဦးမည်ဖြစ်သည်။

“သစ်တစ်ပင်ဖြစ်ဖို့က နှစ်ဆယ်နဲ့ချီစောင့်ရတယ်။ သစ်တစ်ပင်ခုတ်ဖို့က မိနစ်ပိုင်းအတွင်း ခုတ်လို့ရတယ်။ ဒါကြောင့် သစ်ပင်တွေဘယ်လောက်ပဲ စိုက်စိုက် ထိန်းသိမ်းကာကွယ်မှုမရှိရင် အဓိက ဒီသစ်သူခိုးတွေကို မဖမ်းသ ၍၊ မတားဆီးနိုင်သ၍တော့ သစ်တောပြုန်းတီးမှုက တစ်နှစ်ထက်တစ်နှစ်များနေဦးမှာပဲ။ ဥပမာပြောရရင် ဝင်ငွေက တစ်ကျပ်ဆိုရင် ကုန်ငွေက ၁၀၀ လိုဖြစ်နေတယ်။ ဝန်ဗိုက်ဒီရေတောလိုပေါ့။ ဒါတောင် အနီးအနားက ဒေသခံ ပြည်သူတွေ စောင့်ရှောက်ပေးနေတဲ့ကြားက ခိုးခုတ်တဲ့သူက ရှိနေတုန်းပဲ။”ဟု ရမ်းဗြဲဒေသခံ ဦးသာထွန်းအောင်က ဝေဖန်ထောက်ပြသည်။

ဘုန်းမြတ်(အုန်းတောမြေ)

ဓာတ်ပုံ- Thor Zurn Twan