【 ဆောင်းပါး 】ဝန်ကြီးရာထူးကို ငြင်းပယ်ခဲ့တဲ့ ပြောက်ကျားစာရေးဆရာ

【 ဆောင်းပါး 】ဝန်ကြီးရာထူးကို ငြင်းပယ်ခဲ့တဲ့ ပြောက်ကျားစာရေးဆရာ

စာရေးဆရာ၊ ကဗျာဆရာ၊ သီချင်းရေးဆရာ စသူများ၏ အလုပ်ကို အလုပ်ဟု မမြင်သူများ၊ တနည်းအားဖြင့် အလဟဿ အချိန်ဖြုန်းနေသူများဟု ယူဆသူများရှိကြပါသည်။ တချို့ကလည်း ကျွန်တော် ကျွန်မတို့ ဘာဝတ္ထုမှ မဖတ်ဘူး၊ ဘာကဗျာမှ မဖတ်ဘူးဟု ဂုဏ်ယူသယောင်ပင် ပြောတတ်ကြပါသည်။ အမှန်တကယ်လည်း လောကတွင် မိမိအသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များနှင့် ဗဟုသုတစာပေများမှလွဲ၍ ဘာတတ္ထု ဘာကဗျာမှ မဖတ်သည့် ပညာရှင်ကြီးများ၊ သာမန်ဘွဲ့ရများ၊ ရာထူးရာခံကြီးသူများကိုလည်း တွေ့ခဲ့ရဖူးပါသည်။

ဤသို့ ရသစာပေနှင့် ကင်းကင်းနေသူ ပညာတတ်များကိုတွေ့တိုင်း၊ ဆရာမကြီးကြည်အေး၏ တချိန်က အလွန်ကျော်ကြားခဲ့သည့် “ မောင်၊ကိုကို နှင့် မြနန္ဒာ” ဝတ္ထုထဲမှ “ လူ တစ်ထောင် တစ်သောင်းကို ဆရာကောင်းကောင်းနဲ့ သင်ပေးရင်၊ စာကုန်းကျက်ရင် အကုန်လုံး ဆရာဝန်ဖြစ်အောင်လုပ်လို့ရတယ်။ အင်ဂျင်နီယာဖြစ်အောင်လုပ်လို့ရတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့တော့ ဒီလိုလုပ်လို့ မရဘူး” ဆိုသည့် အရေးအသားကို ပြန်သတိရမိပါသည်။

ထိုနည်းတူပင် လူတစ်ထောင် တစ်သောင်းကို ဝန်ကြီးရာထူး ပေးမည်ဟု ကမ်းလှမ်းလာပါက၊ ထိုလူတစ်ထောင် တစ်သောင်းလုံးနီးပါး ဝန်ကြီးရာထူးကို ဝမ်းသာအားရ လက်ခံရယူကြမည်ဟု ထင်ပါသည်။ အနုပညာဓာတ်ခံရှိပြီး၊ စာရေးဆရာဘဝ၊ ကဗျာဆရာဘဝထက်၊ ရာထူးအာဏာ ခြံရံနေထိုင်ရသော ဘဝကို မနှစ်မြို့သည့် စာရေးဆရာ၊ ဝန်ကြီးရာထူးကို ငြင်းပယ်ခဲ့သည့် စာရေးဆရာ ရှိခဲ့ပါသည်။ သူကား အပျိုးသားစာဆိုကြီး ဇော်ဂျီ။

၂၆.၉.၂၀၁၂ ရက်နေ့တွင် စာရေးဆရာကြီး၊ ကဗျာဆရာကြီး ဇော်ဂျီ ကွယ်လွန်ခဲ့သည်မှာ ( ၂၂) နှစ်တင်းတင်းပြည့်ခဲ့လေပြီ။ ဆရာဇော်ဂျီသည် တစ်ဘက်တွင် မြို့မအထက်တန်းကျောင်းဆရာ၊ မန္တလေး ဥပစာကောလိပ် မြန်မာစာနည်းပြ၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး စသည့် တာဝန်များထမ်းဆောင်ရင်း၊ စာပေများကို ရေးသားခဲ့ သူဖြစ်ပါသည်။

ထို့ကြောင့် ဆရာဇော်ဂျီက သူ့ကိုယ်သူ စာရေးဆရာစစ်စစ်အဖြစ် မခံယူဘဲ၊ ပြောက်ကျားစာရေးဆရာဟု ပြောဆိုလေ့ရှိပါသည်။

ဆရာဇော်ဂျီဟူသော ကလောင်တစ်ချောင်းဖြစ်လာရန်၊ ရင်းနှီးခဲ့ရသည့် အရင်းအနှီးများက ကြီးမားလှပါသည်။ ငယ်စဉ်ဘဝ နေထိုင်ကြီးပြင်းခဲ့ရသည့် မိဘဘိုးဘွားထံမှ ရခဲ့သည့် မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာစာပေ၊ ဆရာကြီးပြင်းခဲ့ရသည့် ဗုဒ္ဓဘာသာ ပတ်ဝန်းကျင်များမှ စ၍ ဆရာ့ဘဝတစ်လျှောက်လုံး ဖတ်ရှုလေ့လာခဲ့ရသည့် ရင်းနှီးမြှပ်နှံမှုများ၊ ဆရာ၏ ပင်ကို အေးဆေးသိမ်မွေ့သည့် စရိုက်၊ ပင်ကို စိတ်ရင်းစေတနာကောင်းများနှင့် စာပေရေးသားနိုင်စွမ်း စသော အကြောင်းတရားများစွာကို အရင်းခံပြီးမှ “ဇော်ဂျီ” ဆိုသော ကလောင်တစ်ချောင်း မွေးဖွားလာနိုင်ခြင်းဖြစ်ပါသည်။

ဆရာက နာမည်ကြီးလိုသောကြောင့်၊ ငွေရလိုသောကြောင့် စာရေးခြင်းမဟုတ်ပါ။ စာမရေးရလျင် မနေနိုင်၍ စာရေးခြင်းဖြစ်ပါသည်ဟု ပြောခဲ့ဖူးပါသည်။ ဆရာက သူ့ကိုယ်သူ ပြောက်ကျားစာရေးဆရာဟု ဆိုသော်လည်း၊ စင်စစ် ဘယာကင်းသော စာရေးဆရာတစ်ယောက်ဖြစ်ပါသည်။

ဆရာဇော်ဂျီသည် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို မြန်မာစာ၊ အင်္ဂလိပ်စာ နှစ်ဘာသာစလုံးဖြင့် ရရှိခဲ့သူ ဖြစ်ပါသည်။ ထို့ပြင် ပါဠိစာပေ၊ ဗုဒ္ဓစာပေများကိုလည်း ကျွမ်းကျင်နှံ့စပ်သဖြင့်၊ စာရေးရန် ဝမ်းစာများကား၊ ပြည့်နေရုံသာမက၊ လျှံထွက်နေသူဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ဆရာရေးခဲ့သမျှ စာ၊ ကဗျာအားလုံးတွင် စာပေတန်ဖိုးမြင့်မားစွာရှိနေခြင်း ဖြစ်ပါသည်။

ဆရာ၏ အရည်အချင်းများကို ပိုမိုတောက်ပြောင် လင်းလက်စေသည့် စေ့ဆော်မှုကား ဆရာ၏ မျိုးချစ်စိတ်ဖြစ်ပါသည်။ ဆရာ့ပါးစပ်က တစ်ခါမျှ နိုင်ငံကို ချစ်လှချည်ရဲ့၊ လူမျိုးကိုချစ်လှချည်ရဲ့ ဟု မပြောသော်လည်း၊ ဆရာရေးသည့် စာများ၊ ကဗျာများတွင် ဆရာ၏ ကြီးမားလေးနက်သည့် မျိုးချစ်စိတ်က ထင်ဟပ်နေပါသည်။

                                    သင်သေသွားသော်

                        ‌‌သြော် လူ့ပြည်လောက လူ့ဘဝကား

                        အိုရ နာရ သေရဦးမည်

                        မှန်ပေသည်တည့်။

                        သို့တပြီကား၊ သင်သေသွားသော်

                        သင်ဖွားသောမြေ၊ သင်တို့မြေသည်

                        အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

                        သင်၏မျိုးသား၊ စာ စကားလည်း

                        ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

                        သင်ဦးချ၍၊ အမျှဝေရာ

                        စေတီသာနှင့်၊ သစ္စာအရောင်

                        ဉာဏ်တန်ဆောင်လည်း၊ ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။

“ သင်သေသွားသော်” ကဗျာကို ဆရာက အိုးဝေမဂ္ဂဇင်း ( ဒီဇင်ဘာ၊ ၁၉၃၅) တွင်၊ ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က ဆရာ့အသက် ၂၈ နှစ်သာရှိပါသေးသည်။ ၂၈ နှစ်သားအရွယ်ကပင် ဆရာ့ရင်ထဲ၌ တိုင်းချစ် ပြည်ချစ်စိတ်သည် ကိန်းအောင်းခိုင်မြဲနေပြီဖြစ်ကြောင်း၊ ပြသခဲ့သည့် ကဗျာဖြစ်ပါသည်။

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်၊ ပထမဆုံးဝန်ကြီးချုပ်အဖြစ် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည့်၊ ဦးနုက ဆရာဇော်ဂျီကို အထူးလေးစား တန်ဖိုးးထားသူဖြစ်ပါသည်။ ထိုစဉ်က ဝန်ကြီးချုပ်ဦးနု မိန့်ကြားခဲ့သည့် မိန့်ခွန်းအများစုကို ဆရာဇော်ဂျီ ရေးသားပေးခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ဆရာဇော်ဂျီက ဦးနုအတွက် မိန့်ခွန်းများရေးသားပေးခဲ့ကြောင်း၊ တစ်ခါမျှ ထုတ်ဖော်မပြောခဲ့ပါ။

ဦးနု ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ်ကာလအတွင်း၊ ဦးနုက ဆရာဇော်ဂျီကို ပညာရေးဝန်ကြီးရာထူး လက်ခံရန် ကမ်းလှမ်းခဲ့ဖူးပါသည်။ ဆရာက ငြင်းပယ်ခဲ့သည်။ တဖန် ယဉ်ကျေးမှုဝန်ကြီးရာထူး ထပ်မံကမ်းလှမ်းခဲ့ဖူးပါသည်။ ထိုရာထူးကိုလည်း ဆရာက ငြင်းပယ်ခဲ့သည်။

ထို့ပြင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူးဘဝမှ အငြိမ်းစားယူပြီးနောက်၊ ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တချို့က ဆရာဇော်ဂျီကို ဧည့်ပါမောက္ခအဖြစ်၊ လာရောက်ပို့ချပေးရန် ကမ်းလှမ်းကြပါသည်။ ဆရာက ငြင်းပယ်ပြီး၊ ပြည်တွင်းမှာပင် စာပေရေးသားမှုတစ်ခုသာပြုပြီး၊ အေးချမ်းစွာ နေထိုင်ခဲ့ပါသည်။ ဆရာ အငြိမ်းစားယူပြီးစက၊ ပညာရေးအကြံပေး အထူးအရာရှိအဖြစ် ဦးနေဝင်းအစိုးရက ခန့်အပ်ခဲ့ပါသည်။ ထိုရာထူးတွင် တစ်နှစ်ခန့် တာဝန်ထမ်းဆောင်ပြီး၊ နောက်ပိုင်း ဆက်လက်တာဝန်မထမ်းဆောင်တော့ပါ။

ကျွန်မသည် ဆရာဇော်ဂျီ အကြောင်းတွေးတိုင်း၊ လူတကာ မရ ရသည့်နည်းနှင့် ရယူလိုကြသည့် ဝန်ကြီးရာထူးကို ဆရာငြင်းပယ်နိုင်ခဲ့သည့် အကြောင်းရင်း အဖြေရှာမှုပါဝင်ပါသည်။ ဆရာ့စာများကို ပြန်ဖတ်ရင်း၊ ဆရာ့ အကြောင်းတွေးရင်း၊ ဗေဒါလမ်းကဗျာများကို ဆရာ မည်သို့ရေးးသားခဲ့ကြောင်း၊ ပြောကြားသည့် စာပေအင်တာဗျူးမှ တစ်ဆင့် ကျွန်မရှာဖွေနေသည့် အဖြေကို ရရှိခဲ့ပါသည်။ ပေဖူးလွှာမဂ္ဂဇင်းမှ ကိုဝင်းငြိမ်းက ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ် နှစ်ဦးစလုံးကို တပြိုင်နက် တွေ့ဆုံမေးမြန်းခဲ့သည့် “ ကုတို့ရှင် နှစ်ဦး” မေးမြန်းခန်းဖြစ်ပါသည်။

ဆရာက ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ပုဂံလမ်း ခြံအမှတ် ( ၅) နေအိမ်မှ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သို့ ရုံးတက် ရုံးဆင်းရန် လမ်းလျှောက်သွားပါသည်။ ထိုသို့ သွားချည် ပြန်ချည် လုပ်ရသည်ကို ဆရာက သံသရာတွင် အစုန် အဆန်ကျင်လည်ရသည့်၊ ဘဝသံသရာနှင့် ဆက်စပ်စဉ်းစားရာမှ ဗေဒါလမ်းကဗျာများကို ရေးသားခဲ့ကြောင်း၊ တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့ပါသည်။

ဆရာ အုပ်ချုပ်ရသည့် စာကြည့်တိုက်ရှိ ဝန်ထမ်းများ၏ အမူအကျင့်မျိုးစုံ၊ ၊ စရိုက်မျိုးစုံ တို့ကြောင့်၊ ခံစားရမှု အမျိုးမျိုး ဖြစ်ပေါ်သည်ကိုလည်း၊ ဆရာ ဆင်ခြင်မိပါသည်။ ဆရာ ငယ်စဉ်က ကျွမ်းဝင်ခဲ့သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်၏ သဘာဝအလှများကလည်း ဆရာ့ စိတ်အာရုံတွင် ပြန်လည်ထင်ဟပ်လာသည်။

သို့ဖြင့် ယနေ့ထိတိုင် စာသမား၊ ကဗျာသမားများအပေါ် ဩဇာကြီးမားလှသည့် ဗေဒါလမ်းကဗျာများကို မွေးဖွားလာခြင်းဖြစ်ပါသည်။ ထို့ပြင် ယင်းကာလ အရှေ့အုပ်စု၊ အနောက်အုပ်စု ရန်စောင်နေမှုများကလည်း၊ ဆရာ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ ဤတွင် လူတစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ၊ မိမိတို့၏ မာန၊ အတ္တများကြောင့် ဘဝတွင် ပင်ပန်းကြရကြောင်း ဒဿနကို ဖော်ပြသည့် ဗေဒါလမ်းကဗျာ “ ပန်းခဲ့သည်ပဲ” ကို ရေးခြင်းဖြစ်ပါသည်။

                                                ပန်းခဲ့သည်ပဲ

                                    နေလုံးရယ်နီ

                                    တိမ်ပန်းချီ နေသွေးနဲ့ နတ်ရေးသည်သို့

                                    ဒီအကျပေမို့

                                    အလှ လတာပြင်က၊ ကျူရိုးရှင်

                                    လှေကလေးနဲ့၊ မျှော်ငေးလိုလို့။

                                    သူ့ကိုယ်သူလျှင်၊ ဘာထင်လေသည် မသိ

                                    ဘယ်ပြောင်း ညာပြန်နဲ့

                                    ဟို ငါးပျံ လတာစွန်းမှာ၊ သူ့ဂျွမ်းဟန်ချည့်

                                    သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ

                                    ဘုတ်မ ခုနှစ်သံနဲ့

                                    တညံညံ လတာစွန်းမှာ၊ သူ့လွမ်းသံချည့်။

                                    အို အချင်း၊ ကျူရိုးရှင်

                                    သူ့မူယာ၊ သူ့အတင်း၊ မင်းဆိုခဲ့စဉ်

                                    မင်းကိုယ်လဲ မင်းပင်လျှင်၊ ဘာထင်လို့လေလဲ

                                    မဗေဒါ စုန် ဆန်လမ်းမှာ၊ ပန်းခဲ့သည်ပဲ။

                                                                        ( ‌ငွေတာရီ၊ ဇွန် ၁၉၆၂)

ဆရာသည် ပန်းခဲ့သည်ပဲ ကဗျာကို စိတ်ကူးဝင်လာသည်မှ စ၍ ရေးလိုက်ပြင်လိုက် ရပ်ထားလိုက် လုပ်နေစဉ်၊ ကဗျာကို စိတ်တိုင်းမကျသေးသဖြင့်၊ စားလည်း ထိုစိတ်၊ သွားလည်း ထိုစိတ်ဖြစ်နေရင်း၊ နောက်ဆုံးကဗျာပိုဒ်ကို ရေးချနိုင်ပြီးမှ လက်လွှတ်ခဲ့သည်ဟု ဆိုပါသည်။

ဤတွင် စာပိုးရှိသူ၊ ကဗျာပိုးရှိသူများ အချင်းချင်း ဆရာ့စိတ်ခံစားရမှုကို နားလည်နိုင်ကြပါမည်။ ကဗျာ၊ ဝတ္ထုဟူသည် အချိန်ဖြုန်းနေတာ ဆိုသည့် လူများကား၊ စာကြောင်းလေး သုံးလေးကြောင်း အတွက်၊ ရက် လချည်၍ အလုပ်လုပ်ရကြောင်း နားလည်နိုင်ကြမည် မဟုတ်ပါ။

“ ပန်းခဲ့သည်ပဲ” ကဗျာကို မွေးဖွားရပုံအကြောင်း ဖတ်ရပြီး‌နောက်၊ ဝန်ကြီးရာထူးကို ငြင်းပယ်သည့် ဆရာ့စိတ်ကို နားလည်သွားပါသည်။ အနောက်အုပ်စု၊ အရှေ့အုပ်စု ရန်စောင်သည်ကို မနှစ်မြို့နိုင်။ ရုံးမှ ဝန်ထမ်းတချို့ကို မနှစ်မြို့နိုင်၍ ငါးပျံ၊ ဘုတ်မတို့နှင့် နှိုင်းယှဉ်ရေးဖွဲ့ခဲ့သည်။ သူတပါးကို ဝေဖန်ပြီးပြီ။ ကိုယ်ကိုယ့်ကိုယ် ဝေဖန်သည့် နောက်ဆုံးစာပိုဒ်ရေးပြီးမှ ဆရာ ဟင်းချနိုင်သည်ဟု ဆို၏။

အရှေ့အုပ်စု၊ အနောက်အုပ်စုကို အဝေးမှသာ မြင်ကြားရခြင်းဖြစ်သည်။ ဆရာ ကိုင်တွယ်နေရသော ဝန်ထမ်းကလည်း လက်တစ်ဆုပ်စာမျှသာ။ ဤမျှနှင့်ပင် ဆရာ စိတ်ပင်ပန်းခဲ့လျှင်၊ ဝန်ကြီးရာထူးက ပေးမည့် စိတ်ပင်ပန်းမှုကို ဆရာ အဘယ်မျှ စက်ဆုပ်ရွံရှာလေမည်နည်း။

ခင်နှင်းဦး

( ဆရာဇော်ဂျီ ကွယ်လွန်ခြင်း ၂၂ နှစ် ပြည့်အတွက် ဂါရဝပြုဆောင်းပါး - The Nation Journal – ၉.၁၀.၂၀၁၂ ဖော်ပြမှုကို စာရေးသူခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်)