【 ဆောင်းပါး 】သဘာဝအလှတွေ ပြည့်နှက်နေတဲ့ ရှီးရှီးရေတိမ်ဒေသ

【 ဆောင်းပါး 】သဘာဝအလှတွေ ပြည့်နှက်နေတဲ့ ရှီးရှီးရေတိမ်ဒေသ

ရှီးရှီး ရေတိမ်ဒေသအမျိုးသားဥယျာဉ်ဟာ တရုတ်နိုင်ငံရဲ့ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ အနောက်ဘက်မှာတည်ရှိပြီး အဆိုပါ အမျိုးသားဥယျာဉ်သည် ဧရိယာအကျယ် စုစုပေါင်း ၂၈၄၁ ဧက ကျယ်ဝန်းပါတယ်။

ဒီဒေသဟာ တရုတ်နိုင်ငံရဲ့ ပထမဦးဆုံးသောမြို့ပြရေတိမ်ဒေသ၊ စိုက်ပျိုးရေးရေတိမ်ဒေသ၊ ယဉ်ကျေးမှု ရေတိမ်ဒေသတို့ကို တစ်စုတစ်စည်းတည်းတွေ့ရှိနိုင်တဲ့ တစ်ခုတည်းသောရေတိမ်ဒေသ အမျိုးသားဥယျာဉ်ဖြစ်ပါတယ်။

ရှီးရှီးရေတိမ်ဒေသ အမျိုးသားဥယျာဉ်မှာ ယဉ်ကျေးမှုအမွေအနှစ်တွေ အငွေ့အသက်တွေ ထိတွေ့နိုင်လောက်အောင်များပြားပြီး ရှီးဟူကန်၊ ရှီးလင်ကန်တို့နှင့် အတူဟန်ကျိုးရဲ့ ‘ရှီး ၃ ခု’အဖြစ် တရုတ်နိုင်ငံအတွင်း နာမည်ကျော်ပါတယ်။ ရှီးရှီးရေတိမ်ဒေသအမျိုးသားဥယျာဉ်သည် သဘာဝအလှနှင့် တမူထူးခြားသော ယဉ်ကျေးမှုအမွေအနှစ်များကို ခံစားရန် လာရောက်လည်ပတ်ကြသော ခရီးသွားများနှင့် ဒေသခံများအတွက် ရေပန်းစားသောနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ရှီးရှီး ရေတိမ်ဒေသအမျိုးသားဥယျာဉ်အတွင်း စီးဆင်းနေသည့် မြစ်ရဲ့အရှည်သည် ကီလိုမီတာ ၁၀၀ ကျော်ရှည်ပြီး အဆိုပါရေတိမ်ဒေသရဲ့ စုစုပေါင်း ၇၀ ရာခိုင်နှုန်းသည် မြစ်ဆိပ်ကမ်း၊ ရေကန်၊ အင်းအိုင်၊ နုန်းမြေ များဖြစ်ပြီး မြေပိုင်းစိမ်းလန်းစိုပြေမှု ရာခိုင်နှုန်းကတော့ ၈၅ ရာခိုင်နှုန်းထိရှိပါတယ်။

ရှီးရှီး ရေတိမ်ဒေသအမျိုးသားဥယျာဉ်သည် နှစ်ပေါင်း လေးထောင်ကျော် သက်တမ်းရှိပြီး ယဉ်ကျေးမှုအမွေအနှစ်များစွာလည်းရှိကာ ငှက်မျိုးစိတ်ပေါင်းလည်း နှစ်ရာနီးပါး မှီခိုပေါက်ဖွားရာဒေသတစ်ခုဖြစ်ပါတယ်။

အဲဒီအမျိုးသားဥယျာဉ်အတွင်း မိုးပျံပူဖောင်းနဲ့ လှည့်လည်ကြည့်ရှုချင်းဟာလည်း စွန့်စားသူတွေရဲ့ အကြိုက်ကိုတွေ့စေပြီး မီတာ ၁၅၀ အမြင့်ကနေ ရေတိမ်ဒေသတစ်ခုလုံးရဲ့ အလှကိုခံစားစေနိုင်ပါတယ်။ ရှုခင်း ကြည့် မိုးပျံပူဖောင်းများဟာ ပူပြင်းသည့်နေရောင်ကို ကာထားပေးနိုင်ပြီး လေတဖြူးဖြူးနဲ့ အလွန်စိတ်ကြည်နူးဖို့ကောင်းကာ ဥယျာဉ်နားရှုခင်းတွေနှင့် ဟန်ကျိုးမြို့တစ်ခုလုံးရဲ့ အလှကို အတားအဆီးမရှိ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ Wetland Gardens များသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို စစ်ထုတ်ပေးခြင်း၊ရေလွှမ်းမိုးမှု ထိန်းချုပ်ခြင်းတို့ကို ပံ့ပိုးပေးခြင်း၊ ဂေဟစနစ် ကျန်းမာရေးနှင့် ဟန်ချက်ညီမှုတို့ ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။

ဒီဒေသမှာ နှစ်စဉ် တရုတ်ရိုးရာပြက္ခဒိန်ရဲ့ ၅လပိုင်း လဆန်း ၅ရက်နေ့တွင်ပြုလုပ်တဲ့ ကောက်ညှင်းထုပ်ပွဲတော်၊ တရုတ်နဂါးလှေပြိုင်ပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။ 

ဒီနေရာဟာ အရမ်းကိုကျယ်ဝန်းလှပြီး လည်ပတ်မှုနည်းအမျိုးမျိုးနဲ့လည်လို့ရပါတယ်။ တစ်လှမ်းချင်း လျှောက်ပြီးကြည့်လို့ ရသလို အမြင့်ကနေ ရေထဲကိုထောင့်ပေါင်းစုံကနေ ဒေသအလှကိုခံစားလို့ရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ပထမဦးဆုံးသော ရေတိမ်ဒေသအမျိုးသားဥယျာဉ်အနေနဲ့ နိုင်ငံတကာရန်ဆာကွန်ဗင်းရှင်းအသိအမှတ်ပြု “နိုင်ငံတကာရေတိမ်ဒေသ” စာရင်းထဲ ပါဝင်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် ဇူလိုင်လ ၇ ရက်မှာ ကျဲ့ကျန်းဟန်ကျိုး ရှီးရှီးရေ တိမ်ဒေသ အမျိုးသားဥယျာဉ်ကို နိုင်ငံတကာ ရန်ဆာရေတိမ်ဒေသ စာရင်းထဲပါဝင်လာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာတော့ ဟန်ကျိုးရှီးရှီးရေတိမ်ဒေသခရီးသွားဒေသကို “တရုတ်ပြည်ရဲ့ 5A အဆင့်ရှိတဲ့ အမျိုးသားခရီးသွားဒေသအဖြစ်သတ်မှတ်ခြင်းခဲ့ရကာ တရုတ်ပြည်ရဲ့ပထမဦးဆုံးသော 5A အဆင့်ရှိသည့် အမျိုးသားရေတိမ်ဒေသဥယျာဉ်ဖြစ်လာခဲ့ပါတယ်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းကလည်း CCTV ရုပ်သံမှာ တရုတ်နိုင်ငံရဲ့ ‘ဆွဲဆောင်မှုအရှိဆုံး ရေတိမ်ဒေသဥယျာဉ် ၁ဝ ခုထဲက တစ်ခုအဖြစ် ရှီးရှီးရေတိမ်ဒေသ အမျိုးသားဥယျာဉ်ကို မိတ်ဆက်ထုတ်လွှင့်ခဲ့ပါ သေးတယ်။

ဒါကြောင့် ရှီးရှီး‌အမျိုးသားဥယျာဉ်သည် တရုတ်နိုင်ငံတွင် သွားရောက်လည်ပတ်သင့်သည့် ရေပန်းစားသော နေရာတစ်ခုဖြစ်ပြီး နှစ်စဉ်လာရောက်လည်ပတ်သူများကို ဆွဲဆောင်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဇွန်မိုး