【 ဆောင်းပါး 】သဘာ၀အလှတရားတွေပြည့်နက်နေတဲ့ ဟိုင်နန်ကျွန်း

【 ဆောင်းပါး 】သဘာ၀အလှတရားတွေပြည့်နက်နေတဲ့ ဟိုင်နန်ကျွန်း

တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ဟိုင်နန်းကျွန်းဟာ  တရုတ်နိုင်ငံရဲ့ အလှပဆုံးကျွန်းဖြစ်ပါတယ်။ ဟိုင်နန်ကျွန်းမှာ ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ လှပသောကမ်းရိုးတန်းရှုခင်းတွေ၊ စိမ်းလန်းစိုပြေနေတဲ့ အပူပိုင်းမိုးသစ် တော တွေ၊ အဆုံးမဲ့စီးဆင်းနေတဲ့ မြစ်ချောင်းအင်းအိုင်တွေ၊ စိမ်းစိုနေတဲ့တောတောင်စတဲ့ သဘာ၀အလှတရားတွေကို ပိုင်ဆိုင်ထားတာကြောင့် ခရီးသွားတွေလာရောက်လည်ပတ်မှုများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဟိုင်နန်ကျွန်းမှာ အလှဆုံးနေရာတွေထဲက တစ်ခုကတော့ ရာလုံပင်လယ်အော်ဖြစ်ပါတယ်။အဲ့ဒီပင်လယ်အော်ဟာ တရုတ်နိုင်ငံရဲ့ အလှဆုံးကမ်းခြေလို့ပြောလို့ရယုံသာမက ကမ္ဘာနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင် အလှဆုံးကမ်းခြေတစ်ခုအဖြစ်ပါဝင်မှာဖြစ်ပါတယ်။ ရာလုံပင်လယ်အော်မှာ စိမ်းစိုနေတဲ့တောတောင်၊ ကြည်လင်တဲ့ရေ၊ ဖြူသန့်တဲ့သဲ၊ အသွင်သဏ္ဍာန်ထူးခြားတဲ့ကျောက်ဆောင်နဲ့ လိုဏ်ဂူတွေ ရှိပါတယ်။

ခရီးသွားတွေရဲ့  အကြိုက်လက္ခဏာ ၅ရပ်ဖြစ်တဲ့ ပင်လယ်၊ ကမ်းခြေ၊ သန့်ရှင်းတဲ့လေ၊ နေရောင်ခြည်နဲ့ စိမ်းစိုနေတဲ့ ပတ်ဝန်းကျင်တို့တစ်စုတစ်စည်းတည်း တည်ရှိနေပါတယ်။ဟိုင်နန်ကျွန်းရဲ့ မျက်နှာစာသုံးဘက်ကို တောင် တွေနဲ့ ကာရံထားပြီး ကျန်ရှိတဲ့မျက်နှာစာတစ်ဘက်ကတော့ လခြမ်းသဏ္ဍာန်နဲ့ ပင်လယ်ကြီးကိုမျက်နှာမူထားပါတယ်။

၈ ကီလိုမီတာရှည်လျားပြီး ၁၀ဝ မီတာ ကျယ်ပြန့်တဲ့ ကမ်းခြေမှာသဲတွေဟာဖြူပြီးနူးညံ့ပါတယ်။ ပင်လယ်ရေဟာလည်း ကြည်လင်လွန်းလှပြီး ဆောင်းအအေးဒဏ်နဲ့ နွေအပူဒဏ်ကိုရှောင်ရှားနိုင်တဲ့ နေရာဖြစ်တယ်လို့ဆိုပါတယ်။ ရာလုံပင်လယ်အော်မှာ ခရီးသွားအများအပြားကို ပင်လယ်ရေချိုးဖို့၊ နေပူစာလှုံဖို့ဆွဲဆောင်နေရုံသာမက ကျယ်ပြောလှတဲ့ ပင်လယ်ပြင်နဲ့ ပြေပြစ်လှတဲ့ပင်လယ်ကြမ်းပြင်ထိမြင်ရအောင် ရေကြည်တာကြောင့် ရေငုပ်သမားတွေနဲ့ ရေပေါ်အားကစားသမားတို့ အနှစ်သက်ဆုံးအပန်းဖြေနေရာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ဟိုင်နန်ကျွန်းရဲ့ အကြီးဆုံးရေတံခွန်ကတော့  ဖုန်းကောတောင်ရေတံခွန်စုပဲဖြစ်ပါတယ်။ ဖုန်းကော တောင်ရေတံခွန်စုဟာ ထူထပ်ပြီးသဘာဝအတိုင်းဖြစ်နေတဲ့ သစ်တောထဲမှာ စမ်းချောင်းအသွယ်သွယ်ဆုံစည်းပြီး ချိုင့်ဝှမ်းထဲကို ဖြောင့်တန်းစွာဖြတ်သန်းစီးဆင်းနေပါတယ်။ ဒီလိုနဲ့လှပပြီး ခမ်းနားတဲ့ရေတံခွန်ဟာ  အစိမ်းရောင်သန်းနေတဲ့ တောင်တန်းနဲ့ချိုင့်ဝှမ်းကြားမှာစီးဆင်းနေတဲ့အတွက် သဘာ၀အလှတရားကို  ထင်ဟပ်စွာမြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဖုန်းကောတောင် ရေတံခွန်စုကို ရှန်းလေ့ရေတံခွန်၊ ပင်းရှင်းရေတံခွန်၊ စေးကွေ ရေတံခွန်၊ ချိုင်ဟုန်ရေ တံခွန်တို့ နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ဟိုင်နန်ရဲ့အကြီးဆုံးရေတံခွန်စုဖြစ်ပါတယ်။ ဖုန်းကောတောင်ရေတံခွန်စုဟာ ပေထောင်ပေါင်းများစွာမြင့်တဲ့ လျှိုမြောင်ကိုကျော်ပြီး မီတာရာကျော်ရှည်တဲ့တောင်ကြားစမ်းချောင်းတွေကိုဖြတ်ကာ ဟိုင်နန်ရဲ့အပူပိုင်းမိုးသစ်တောထိန်းသိမ်းရေး သဘာဝကြိုးဝိုင်း ၃ခုထဲက တစ်ခုဖြစ်တဲ့ လောဆန်း အမျိုးသား သစ်တောဥယျာဉ်ထဲမှာတည်ရှိပါတယ်။

ဟိုင်နန်ကျွန်းကိုရောက်ရင် လှပတဲ့ ရေတံခွန်ကိုကြည့်လို့ရသလို အင်းအိုင်နဲ့ တောင်တန်းအသွယ်သွယ်ရဲ့အလှ၊ သက်တမ်းရင့်သစ်ပင်ကြီးတွေအလှ၊ ထူးခြားတဲ့ပန်းမန်တွေနဲ့ ရှားပါးတဲ့တိရစ္ဆာန်မျိုးစိတ်တွေအပြင် လိုဏ်ဂူနဲ့ အသွင်ထူးခြားတဲ့ကျောက်ဆောင်တွေစတဲ့ အပူပိုင်းမိုးသစ်တောရဲ့အလှကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

ဟိုင်နန်ကျွန်းမှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဝူကျီတောင်လည်းရှိနေပါတယ်။ဝူကျီတောင်ရဲ့ပုံသဏ္ဍာန်က လက်ငါးချောင်းနဲ့တူလို့ ဝူကျီတောင်လို့ အမည်ရတာဖြစ်ပါတယ်။ ဟိုင်နန်ကျွန်းရဲ့ပြယုဂ်လို့ တင်စားခေါ်ဝေါ်ကြပါ တယ်။ ဝူကျီတောင်ရှိ အပူပိုင်းမိုးသစ်တောက ကမ္ဘာပေါ်မှာထိန်းသိမ်းထားနိုင်မှု အကောင်းဆုံးအပူပိုင်းမိုးသစ်တော ၃ ခုထဲမှတစ်ခုပါဝင်ပါတယ်။ ဒီနေရာမှာ အပူပိုင်းတောင်ပေါ် ဒေသသဘာဝမိုးသစ်တောနဲ့ အပူပိုင်းချိုင့်ဝှမ်း မိုးသစ်တောတို့ရဲ့လက္ခဏာနဲ့ပြည့်စုံတဲ့ ရှုခင်းတွေရှိပါတယ်။ 

ရာသီဥတုမျှတပြီး ဆောင်းမှာနွေးပြီး နွေမှာအေးပါတယ်။ သဘာဝတရားကြီးရဲ့ အံ့ဖွယ်အလှတွေကို ခံစားနိုင်ရုံသာမက သည်းထိတ်ရင်ဖိုဖြစ်စေပြီး  မိုးသစ်တောမှာလှေနဲ့စီးမျှောခြင်းကိုလည်း ရောက်ဖူးသူတိုင်းမဖြစ်မနေ စမ်းသပ်ကစားကြပါတယ်။

နောက်တစ်ခုအနေနဲ့ ဟိုင်နန်ကျွန်းရဲ့ အကြီးဆုံးဒီရေတောကတော့ တရုတ်ဒီရေတောမျိုးစိတ်ဘဏ်လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့  တုံးကျိုက်ကန်အမျိုးသားအဆင့် သဘာဝထိန်းသိမ်းကာကွယ်ရေး ဧရိယာပဲဖြစ် ပါတယ်။ဟိုင်နန်တုံးကျိုက်ကန် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းကာကွယ်ရေးဧရိယာမှာ တိရစ္ဆာန်၊ အပင်၊ သယံဇာတကြွယ်ဝစွာရှိနေပါတယ်။

ယနေ့အထိ တရုတ်ဒီရေတောသဘာဝထိန်းသိမ်းကာကွယ်ရေးဧရိယာထဲမှာ ဧရိယာအကျယ်ဆုံး၊ သစ်ပင်မျိုးစိတ်အများဆုံး၊ သစ်တောဖွဲ့စည်းပုံ ထိန်းသိမ်းထားမှု အကောင်းဆုံး၊ ဇီဝမျိုးကွဲအများဆုံးဖြစ်တဲ့ သဘာဝ ထိန်းသိမ်းကာကွယ်ရေးဧရိယာလည်း ဖြစ်ပါတယ်။

ဒါအပြင်  တရုတ်နိုင်ငံမှာတည်ထောင်ထားတဲ့ ပထမဦးဆုံးဒီရေတောကို အဓိကထားတဲ့ စိမ့်မြေအမျိုးအစား သဘာဝထိန်းသိမ်းကာကွယ်ရေး ဧရိယာလည်းဖြစ်ပါတယ်။ မြို့ပြရဲ့ဆူညံမှုတွေကို ခေတ္တခွဲခွာပြီး အေးချမ်း တည်ငြိမ်တဲ့ပတ်ဝန်းကျင်အရသာကို ခံစားချင်တယ်ဆိုရင်တော့ တုံးကျိုက်ကန် ဒီရေတောသဘာဝထိန်းသိမ်းကာကွယ်ရေးဧရိယာကို သွားရောက်လည်ပတ်အပန်းဖြေသင့်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

ဟိုင်နန်ကျွန်းမှာ အကြီးဆုံး ကျန်းဖုန်းတောင်ကြော သဘာဝသစ်တောဧရိယာလည်းတည်ရှိနေပါတယ်။ ကျန်းဖုန်းတောင်ကြောဟာ လက်ရှိတရုတ်နိုင်ငံရဲ့ သစ်တောထိန်းသိမ်းမှု အကောင်းဆုံးနဲ့ ဧရိယာအကျယ်ဆုံး သဘာဝအပူပိုင်းသစ်တောဧရိယာဖြစ်ပါတယ်။ ဒါအပြင် ကျန်းဖုန်းတောင်ကြောဟာ ကောင်းကင်ကို ထိုးထွက်နေတဲ့ချွန်ထက်နေတဲ့ တောင်ထိပ်ကြောင့်သူဟာ တမူထူးခြားနေပါတယ်။ တောင်ထိပ်ထိရောက်အောင်တက်ပြီး အဝေး ကိုမျှော်မှန်းကာ တိမ်ပင်လယ်ကိုကြည့်ရတာလည်း ပြောမပြနိုင်အောင်လှတဲ့ အတွေ့အကြုံ တစ်ခုဖြစ်ပါတယ်။

ကွေ့ကောက်နေတဲ့တောင်ကြောတစ်လျှောက် အပူပိုင်းမိုးသစ်တောရဲ့ ရှုခင်း၊ စိမ်းစိမ်းစိုနေတဲ့ အပူပိုင်းသစ်ပင်အမျိုးမျိုးရဲ့ အလှကိုခံစားနိုင်တာကြောင့် ဟိုင်နန်ကျွန်းကိုသွားရောက်လည်ပတ်မယ်ဆိုရင် သဘာ၀အလှတရားတွေကို တစ်နေရာတည်းမှာပဲ ပြည့်၀စွာ ခံစားအပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။

ကရင်လေး(အိမ်မဲ)