【 ဆောင်းပါး 】သာယာလှပတဲ့ သုခဘုံ

【 ဆောင်းပါး 】သာယာလှပတဲ့ သုခဘုံ  

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအရ တိုက်ရိုက်အုပ်ချုပ်သည့်မြို့တော် (၄)မြို့၊ ပြည်နယ် ၂၃ခုရယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅)ခုနဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသ (၂)ခုတို့မှာ ဟောင်ကောင်နှင့် မကာအို ဖြစ်ပါတယ်။ မကာအိုကျွန်းဆွယ်ဟာဆိုရင် မြောက်ဘက်တွင် တရုတ်ပြည်မကြီးနဲ့ ဆက်စပ်တည်ရှိနေပြီး အရှေ့ ဘက် ကီလိုမီတာ ၃၀ အကွာတွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ တည်ရှိပါတယ်။

မကာအိုသည်ရှေးတရုတ်ချင်မင်းဆက်ခေတ်မှစမ၍ တရုတ်ပိုင် နယ်နမိတ်ထဲတွင်ပါဝင်ပါတယ်။ မင်မင်းဆက်ခေတ် ၁၅၅၇ ခုနှစ်တွင် ပေါ်တူဂီအား ငှားရမ်းပေးခဲ့ပါတယ်။ ၁၈၈၇ ခုနှစ်တွင်ပေါ်တူဂီအစိုးရနှင့် မန်ချူးအစိုးရတို့ သက်တမ်းနှစ် ၄၀ ကြာရှည်သည့် တရုတ်ပေါ်တူဂီ ကုန်သွယ်ရေးစာချုပ်ကို ချုပ်ဆိုခဲ့သည့်ချိန်မှစ၍ မကာအိုသည်ပေါ်တူဂီမှ ရေရှည်အုပ်ချုပ်သည့် နယ်မြေအဖြစ်သို့ရောက်ရှိခဲ့ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် တရုတ်-ပေါ်တူဂီတို့သည် မကာအိုရဲ့ ရှေ့ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ၁၉၈၇ ခုနှစ်တွင် တရုတ်-ပေါ်တူဂီ ပူးတွဲကြေညာချက်ကို တရားဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၎င်းကြေညာချက်အရ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပေါ်တူဂီအုပ်ချုပ်ရေးကို အဆုံးသတ်ပြီး မကာအိုအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထံ ပြန်လည်အပ်နှင်းခဲ့ရပါတယ်။ တရုတ်အစိုးရသည် မကာအိုကို တစ်ပြည်ထောင်စနစ်၂ခု ကိုကျင့်သုံး၍ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာခဲ့ပါတယ်။

၁၅၁၃  ခုနှစ်မှာ မကာအိုကို လှေတွေနဲ့ရောက်လာကြတဲ့ ပေါ်တူဂီကုန်သည်တွေက သူတို့လှေ သင်္ဘောတွေ ဆိုက်ကပ်ရာကမ်းခြေနေရာမှာ မြင်တွေ့ရတဲ့ တရုတ်လူမျိုးတွေကို ဒီနေရာကိုဘာနေရာလို့ခေါ်လဲလို့ မေးတဲ့အခါ တရုတ်တွေက အနီးအနားမှာရှိတဲ့ မားကော်ဘုရားကျောင်း (A-Ma Temple) ကိုမေးတယ်ထင်မှတ်ပြီး “မားကော်” လို့ပဲ ပြန်ဖြေခဲ့ကြရာကနေစပြီး ပေါ်တူဂီကုန်သည်တွေက ဒီဒေသရဲ့အမည်ကို မားကော်လို့ မှတ်သားထားကြတယ်။ သူတို့ကမားကော်ကို ပေါ်တူဂီလိုဘာသာပြန်ပြီး မကာအို Macau လို့ ယနေ့အချိန်အထိ ခေါ်‌ဆိုလာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

၎င်းနေရာတွင် ပေါ်တူဂီကိုလိုနီခေတ်သမိုင်းနှင့် အရှေ့နှင့် အနောက်တို့၏ ထူးခြားသောယဉ်ကျေးမှု ရောယှက်မှုတို့ကြောင့် လူသိများပါတယ်။ မကာအိုအပေါ် ထင်မြင်ယူဆချက်များမှာ ကိုယ်တွေ့နှင့်အမြင်များပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

အချို့က မကာအိုသည် ခမ်းနားထွန်းလင်းနေသောမီးရောင်တွေကြားက ကာစီနိုလောင်းကစားများ၊ သမိုင်းဝင်နေရာများနှင့် အရသာရှိသောဟင်းလျာများတို့ဖြင့် စွဲမက်ဖွယ်ကောင်းသော ခရီးသွားနေရာလေးတစ်ခုအဖြစ် ရှုမြင်နိုင်သော်လည်း အချို့က၎င်းကို အလောင်းကစားလုပ်ငန်းကြောင့် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများနှင့် ဒေသခံလူထုအပေါ်သက်ရောက်မှုများရှိသည်ဟူသော အမြင်လဲရှိနိုင်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကာစီနိုတွေအများကြီးရှိတဲ့ မကာအိုဟာ ကမ္ဘာ့ဝင်ငွေအရဆုံး လောင်းကစားမြို့တော်ဆိုလည်းမမှားပါဘူး၊ အမေရိကန် Las Vegas မြို့ အလောင်းကစားမှရရှိသော ဝင်ငွေထက် ၇ဆရှိတယ်လို့ မှတ်သားဖူးပါတယ်။ သိပ်မကြာခင်နှစ်များက လောင်းကစားလိုင်စင်၊ ဖဲဝိုင်းလိုင်စင်တွေထုတ်ပေးခဲ့တာကြောင့် မကာအိုရဲ့ စီးပွားရေးမှာ ဆထက်တမ်းပိုး ပိုမိုတိုးပွားပြီး အလျင်အ မြန် တိုးတက်လာခဲ့ပါတယ်။

အဓိကမှာတော့ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်မှ ဧည့်သည်တွေ လာရောက်ကြတာများပြီးတော့ အခြားနိုင်ငံသားတွေလည်း အများကြီးလာရောက်ကြပါတယ်။ ထို့ကြောင့်ခရီးသွားလုပ်ငန်းနှင့် ကာစီနိုလောင်းကစားများကြောင့် မကြာသေးမီနှစ်များအတွင်း အထင်ကြီးလောက်သောတိုးတက်မှုကို ကြုံတွေ့ခဲ့ရပါတယ်။

ကိုဗစ် မဖြစ်ခင် ၂၀၁၉ မှာ ဧည့်သည်စုစုပေါင်း ၃၉သန်းကျော်လာရောက်လည်ပတ်ကြတယ်လို့သိရပြီး၊ ပျမ်းမျှတစ်ရက်ကို ဧည့်သည် ၁သိန်းကျော် ၂သိန်းလောက် လာရောက်လည်ပတ်ကြတာဖြစ်တယ်။ ထိုရလဒ်ကတော့ မကာအိုမှာ လူနေမှုအဆင့်အတန်း ၊ နေထိုင်မှုအဆင့်အတန်းတွေလည်း သိသိသာသာမြင့်တက်လာပြီး အခုအခါ ဥရောပနိုင်ငံအချို့နဲ့ တန်းတူဖြစ်နေပြီလို့ ဆိုလိုပါတယ်။

ကာစီနိုတွေအပြင် မကာအိုရဲ့ သမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးမှု၊ များပြားလှတဲ့ နေရာဒေသစုံက စားသောက်ဖွယ်ရာတွေ၊ ပျော်စရာ Entertainment ကလပ်၊ ဘား၊ ကာရာအိုကေ၊ အနှိပ်ခန်းအစရှိတာတွေကို အဆင့်အတန်းမြှင့်တင်ပြီး ခရီးသွားလုပ်ငန်းကို တိုးတက်စေရန်ဖြစ်ပါတယ်။ UNESCO ကတော့ မကာအိုမြို့ကို “Creative City of Gastronomy” အစားအသောက် အချက်အပြုတ် အမြဲသစ်ဆန်းဖန်တီးနေတဲ့မြို့လို့ အမည်ပေးထားပါတယ်။

အဲဒီထက်ပိုတာက နှစ်စဥ် နိုင်ငံတကာ ကားပြိုင်ပွဲတွေပြပွဲတွေ၊ နိုင်ငံတကာမီးရှူးမီးပန်းပြပွဲပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲ၊ နိုင်ငံတကာအစားအသောက်စျေးပွဲတော်တွေ အစရှိတဲ့ပြိုင်ပွဲ၊ ပြပွဲတွေကိုလည်း လက်ခံကျင်းပပေးပါသေးတယ်။

အဲဒီထဲမှာ မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ဟာလည်း ဧပြီလမှာ ကျင်းပလေ့ရှိတဲ့ ခရီးသွားများစိတ်၀င်စားဖွယ်ပွဲတော်တစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

ခန့်ဇင်သူ