【 ဆောင်းပါး 】သုံးခွမှာ စိတ်နဲ့ထိခဲ့တာတွေ

【 ဆောင်းပါး 】သုံးခွမှာ စိတ်နဲ့ထိခဲ့တာတွေ

သန်လျင်မြို့ရဲ့ ဟိုးအပြင်ဘက်မှာ ကျိုက်ခေါက်ဘုရားဆိုတာရှိတယ်။ကျိုက်ခေါက်ဘုရားကို ကျော် လိုက်တယ်ဆိုရင်ပဲ လမ်းနှစ်ခွဆုံမှတ်။တည့်တည့်သွားရင် ကျောက်တန်းမြို့ကိုတန်းခနဲ။ဘယ်ဘက်ချိုးလိုက် ရင်တော့ သုံးခွ-ခရမ်း-သက္ကလကနေ ပဲခူးမြို့အထိ ။လမ်းနှစ်ခွဆုံကနေ သုံးခွဘက် ကား၄-၅မိနစ်လောက် မောင်းလိုက်ရင်တော့ တာဝတက္ကသိုလ်ကို ရောက်ရှိ။တာဝတက္ကသိုလ်ကနေ ကိုယ်ပိုင်ကားနဲ့သွားရင် အလွန် ဆုံးနာရီဝက်ဆို သုံးခွမြို့ရောက်ပြီ။ကျောက်တန်းမြို့ကတော့ လမ်းနှစ်ခွဆုံကနေသွားရင် သုံးခွလောက်မ ဝေး။ခရမ်းတို့သုံးခွတို့ သန်လျင်တို့ဆိုတာ ရှေးသရောအခါက ဟံသာဝတီခရိုင်ထဲကမြို့တွေ။

ချောင်းသုံးခွဆုံ လို့ သုံးခွလို့ခေါ်သတဲ့။သုံးခွမြို့သားတွေကိုမေးကြည့်တော့ မှော်ဝန်းချောင်း၊ ဥက္ကံချောင်းနဲ့ နံယောချောင်းတို့ဆုံဆည်းရာ နေရာလို့ဆိုတယ်။ဒုတိယကမ္ဘာစစ်မတိုင်ခင်တုန်းက သုံးခွမြို့နဲ့ အဓိကကူးလူးဆက်ဆံရာမြို့ဟာ ခရမ်းနဲ့ပဲခူးတို့ဖြစ်လိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ပဲခူး-ခရမ်း-သုံးခွမီးရထားလမ်းကို ၁၉၃၁ခုနှစ်ဝန်းကျင်ကာလမှာ ဖောက်လုပ်ပြီးစီးခဲ့တာကြောင့်ဖြစ်တယ်။အဲဒီမီးရထားလမ်းက ဂျပန်ခေတ်မှာ ပျက်စီးသွားခဲ့တာတဲ့။စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတာက ဂျပန်တွေ သံဖြူဇရပ်ကနေ ထိုင်းအထိ သေမင်းတမန်ရထားလမ်းဖောက်စဉ် ပဲခူး-သုံးခွ ရထားသံလမ်းတွေကို ဖြုတ်ယူအသုံးပြုခဲ့တာကြောင့်  အဲဒီကတည်းက ရထားလမ်းနိတ္ထိတန်သွားခဲ့တာတဲ့။

အဲဒီနောက် ပဲခူးနဲ့သုံးခွ ကူးလူးမှုဟာ သေချာပေါက်လျော့ကျ၊သန်လျင်နဲ့သုံးခွ ကူးသန်းသွားလာမှု ပိုများလာမယ်လို့ ထင်ရတယ်။ခရမ်းနဲ့သုံးခွကတော့ ၁၀မိုင်ကျော်သာဝေးပြီး မြို့နယ်ချင်းဆက်နေတာမို့ နဂိုကတည်းက အနေနီးပြီးသား၊အသွားအလာစိပ်ပြီးသား။

လွန်လေပြီးသော ဂျစ်ကားခေတ်တုန်းက သုံးခွမြို့ဈေးအကျော် အောင်ဇေယျလမ်းမကြီးဘေးမှာ သုံးခွ-ခရမ်းနဲ့ သုံးခွ-သန်လျင်ဂျစ်ကားဂိတ်ရှိတာကြောင့် ဒီနှစ်မြို့နဲ့သာအဓိက ကူးသန်းရာလို့ ဆိုနိုင်တယ်။သန် လျင်ကို သွားကြတာကတော့ သန်လျင်ကနေသင်္ဘောစီးပြီး ရန်ကုန်ကို ဆက်ချီကြဖို့ကများတယ်။အဲဒီအချိန် သုံးခွ-သန်လျင်လမ်းက ကတ္တရာလမ်းဆိုပေမဲ့ လကမ္ဘာနဲ့အပြိုင် ချိုင့်ခွက်တွေပေါတာကြောင့် မကြာဘူးဆိုရင် အနည်းလေး ၂နာရီလောက်တော့ ကြာမယ်ထင်ရတယ်။ပြီးရင် သန်လျင်၊သီတာဆိပ်ကနေ သင်္ဘောစီး၊ရန်ကုန် ရောက်ဖို့ရာနာရီဝက်။စောင့်ဆိုင်းချိန်တွေပါ ထည့်ပေါင်းလိုက်ရင် သုံးခွကနေရန်ကုန်ရောက်ဖို့က ၃နာရီ။ အသွားအပြန်ဆို ၆နာရီဆိုတော့ တစ်နေ့တာအချိန်ပေးနိုင်မှ ရန်ကုန်ရောက်ပြီးပြန်နိုင်မယ့်သဘော။

သန်လျင်ကားဂိတ်က သီတာဆိပ်မှာရှိတယ်တဲ့။သုံးခွဂျစ်ကားဂိတ်ရောခရမ်းဂိတ်ပါ သီတာဆိပ်မှာ ချည်း။သီတာဆိပ်ဆိုတာက ရန်ကုန်သွားဖို့ တစ်ခုတည်းသောရေလမ်းခရီးနေရာမို့ ကျောက်တန်းဂိတ်ဟာလည်း သီတာဆိပ်မှာပဲ။

၁၉၉၃ခုနှစ်ဒီဘက် သန်လျင်တံတားဖွင့်ပြီး တော်တော်ကြာတဲ့ထိတိုင် ခရမ်း၊သုံးခွကနေ သန်လျင်အထိ ဂျစ်ကားတွေက ရှိမြဲ။ဂျစ်ကားဂိတ်ကတော့ သီတာဆိပ်ကနေ သန်လျင်ဈေးနားကို ပြောင်းရွှေ့သွားပြီလို့သိရတယ်။ရန်ကုန်အထိ လိုင်းကားတွေမရှိသေးတဲ့အချိန်မို့ သန်လျင်ဈေးကနေ ရန်ကုန်ကို နောက်တစ်ဆင့်လိုင်းကားပြောင်းစီးကြတဲ့ပုံ။

ကျနော်က ဟိုး..ငယ်ငယ် ၈တန်းနှစ် ဂျစ်ကားခေတ်တုန်းက အဲဒီဂျစ်ကားတွေ စစီးခဲ့ဖူးတယ်။သန်လျင်တံတားမထိုးရသေးတဲ့ရေလမ်းခရီးခေတ်။ရောက်တာမှ တစ်ခါမှ မရောက်ဖူးသေးတဲ့ သန်လျင်တင်မက၊ သုံးခွ၊ခရမ်းအထိ။သေးသေးကွေးကွေး ဂျစ်ကားလေးကို ပြွတ်သိပ်နေအောင် ခရီးသည်တွေတင်တာမှတ်မိတယ်။ပြီးတော့ သုံးခွမြို့ထဲဝင်တော့ ခနော်ခနဲချောင်းကူး သစ်သားတံတားနှစ်စင်း။မြို့တစ်မြို့ထဲ ဘာမှမဝေး ဘဲ တံတားနှစ် စင်းရှိနေတာ ကျနော့်အတွက် စိတ်ဝင်စားစရာမို့ မှတ်မှတ်ရရ။

ဘဝခရီးက ဟိုချိုးဒီကွေ့နဲ့ သုံးခွကို  သန်လျင်ဘယ်နားက ချိုးကွေ့သွားရမလဲဆိုတာ လုံးဝမေ့သွား ခဲ့ပြီးခါမှ သုံးခွနဲ့ ရေစက်ဆုံရပြန်တယ်။၂၀၀၆ခုနှစ်။သုံးခွကိုရောက်ဖို့ ရန်ကုန်မြို့၊ပုစွန်တောင်က အေဘီစီမှတ်တိုင်နား ကားဂိတ်ကနေ လိုင်းကားစီးရင်ရောက်မှန်း မေ့နေတဲ့သုံးခွကို ပြန်သိရပြန်တယ်။အဲဒီအေဘီစီကနေ သုံးခွလိုင်းကားစီးမလား၊ခရမ်းလိုင်းကားစီးမလား။ဒါမှမဟုတ် အမြန်လိုနေရင် စုပေါင်းတက္ကစီစီးမလား။အဲဒီ ကားဂိတ်မှာ ငုံးဥရောင်းတာကစလို့ ဈေးသည်တွေကပုံလို့။ဈေးသည်တွေက ခရီးသည်စောင့်နေတဲ့လိုင်းကား ပေါ် တကြော်ကြော် ဝမ်းရေးအတွက်အော်လို့။လိုင်းကားတွေက မထသ ထုံးစံအတိုင်း ရပ်ချင်သလိုရပ်လေ့ရှိ ပြီး ကားချင်းဖိုက်လာရင် ပြိုင်ကားလိုမောင်းတာမို့ ဘုရားတစီးရတာတော့ သည်းခံပေါ့။

သာကေတ၊ကျောက်တိုင်မှာ ခဏတဖြုတ်ရပ်လေ့ရှိတယ်။သာကေတ၊တစ်ရာ့ရှစ်တောင်မှတ်တိုင်မှာ ခရီးသည်နည်းနေရင်နည်းနေသလို အေးဆေးစောင့်မယ်။သန်လျင်၊ကျိုက်ခေါက်ဘုရားအလွန်က ဘုရားကုန်း မှာလည်း တရေးတမောစောင့်မယ်။ဘာပဲဖြစ်ဖြစ် နောက်ကားလာရင် ထွက်တာကိုတော့ ကျေးဇူးတော်တင်ရမယ့်ကိန်း။

မထသလက်ထက်တုန်းကတော့ သုံးခွကား၊ခရမ်းကားရယ်လို့သာ နာမည်တပ်ထားရာကနေ YBSခေတ်ကိုရောက်တော့ ၃၄(သုံးခွ)နဲ့၃၄(ခရမ်း)ရယ်လို့ နံပါတ်ရလာတယ်။ပြီးတော့ အေဘီစီနားကဂိတ်ကနေ ရန်ကုန်မြို့တွင်း၊သိမ်ဖြူလမ်း(အောက်ဘလောက်)ကို ဂိတ်ပြောင်းရွှေ့ရတယ်။သုံးခွနဲ့ခရမ်း စုပေါင်းတက္ကစီ ဂိတ်ကတော့ နေမြဲအတိုင်း အေဘီစီ။

            မြို့ထဲကို ကားဂိတ်ပြောင်းတော့ သုံးခွကားသမားတွေ ဝင်ငွေတိုးလာလို့ သိပ်ပျော်ကြတယ်။အရင် အေဘီစီမှာတုန်းက သုံးခွနဲ့ခရမ်းကားကို ရန်ကုန်မြို့တွင်းခရီးသည်တွေလုံးဝမစီးခဲ့ပေမဲ့ ရန်ကုန်မြို့တွင်း ရောက်တော့ သာကေတနဲ့ဒေါပုံကို ကွေ့ဝိုက်ပြီးမှ မြို့ထဲဆိုက်တာမို့ ရန်ကုန်မြို့ထဲကနေ သာကေတ၊သန်လျင် သွားမယ့်ခရီးသည်များစွာ စီးလာတာကြောင့် ဝင်ငွေတိုးလာခြင်းဖြစ်တယ်။ရုံးတက်ရုံးဆင်းချိန်ဆို သုံးခွနဲ့ခရမ်း ၃၄ယာဉ်ပေါ် ခရီးသည်တွေ တိုးတိုးဝှေ့ဝှေ့။

ဒါပေမဲ့ ရန်ကုန် YBS ယာဉ်လိုင်းအားလုံးနီးပါး ယာဉ်နောက်လိုက်မထားတော့ခြင်းနဲ့ ကားခ ပုံးထဲ ထည့်ခြင်းစနစ် အသားကျသွားခဲ့ပေမဲ့ သုံးခွနဲ့ခရမ်းယာဉ်တွေကတော့ ယာဉ်နောက်လိုက်လည်းထား၊ခရီးသည်တွေဆီကနေ ပိုက်ဆံလည်းလိုက်ကောက်နဲ့ ပြောမရဆိုမရ စည်းကမ်းကိုပျက်ချင်တိုင်းပျက်ခဲ့တာ တောက်လျှောက်မို့ စိတ်ပျက်စရာ။ဒါပေမဲ့ YBSခေတ်မှာ တရေးတမော ခရီးသည်စောင့်နေတာမျိုး နည်း သွား တာက ဝမ်းမြောက်ဖွယ်ရာပါ။

သုံးခွမြို့ကားဂိတ်နေရာကတော့ သုံးခွမြို့မဈေးနောက်ကျောကားလမ်းပေါ်မို့ ဈေးဝယ်သူတွေ ကားစီး မယ့်သူတွေနဲ့ တိုးတိုးဝှေ့ဝှေ့။ဒါပေမဲ့ ကားဂိတ်ရောက်လို့ ကားပေါ်ကဆင်းလိုက်တာနဲ့ သုံးခွမြို့ကျက်သရေ ဆောင် ရှစ်မျက်နှာဘုရားကို တန်းဖူးနိုင်တာမို့ ဧည့်သည်တွေအတွက် စိတ်ချမ်းသာစရာ။

မထသနေဝင်ချိန်လား၊YBS လက်ထက်လားတော့မသိ။သုံးခွကားဂိတ်ကို သုံးခွမြို့၊၉ရပ်ကွက်၊ခရမ်း ဘက်အထွက်ကို ရွှေ့လိုက်တာမို့ ကျယ်ကျယ်ဝန်းဝန်း ကားဂိတ်အဖြစ် အထိုင်ကျနေခဲ့။အဲဒီကားပေါ်မှာ ကျ နော့်ရဲ့အချိန်များစွာ ကုန်ခဲ့ဖူးတယ်။သုံးခွမြို့နယ်ထဲက ရွာတွေကို ကားပေါ်ကနေ ငေးမဆုံး။ပဲတီစိမ်းရာသီ တမျှော်တခေါ် လယ်ကွင်းတပြင်လုံး အစိမ်းရောင် တောက်တောက်ကို ငေးမဆုံး။အခု၊သုံးခွမရောက်တာ အတန် ငယ်ကြာနေပြီမို့ သုံးခွကို လွမ်းမဆုံး။အဲဒီသုံးခွမြို့ကနေ ဆိုင်ကယ်တစ်စီးနဲ့ ပြဲပြဲစင်ခဲ့တာကိုလည်း လွမ်းလို့ ကောင်းတုန်း။

 

ငြိမ်းဆက်