【 ဆောင်းပါး 】အစိမ်းရောင်မြို့တော် (သို့မဟုတ်) ကူမင်းမြို့

【 ဆောင်းပါး 】အစိမ်းရောင်မြို့တော် (သို့မဟုတ်) ကူမင်းမြို့ 

ကူမင်းမြို့ဟာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့  မြို့တော်ဖြစ်ပါတယ်။ တရုတ်ဘာသာ အသံထွက် အရ “ခွန်းမင်” ဖြစ်တယ်လို့ သိရပါတယ်။

ကူမင်းမြို့ဟာ တစ်နှစ်ပတ်လုံး နွေဦးရာသီလိုဖြစ်နေတာကြောင့်  နွေဦးမြို့ "Spring City" သို့မဟုတ် ထာ၀ရ နွေဦးမြို့ "City of Eternal Spring" ဟုတင်စားခေါ်ဆိုကြပါတယ်။ ကူမင်းမြို့ဟာ  ယူနန်ပြည်နယ်ရဲ့  နိုင်ငံရေး၊ စီးပွားရေး၊ ဆက်သွယ်ရေးနဲ့  ယဉ်ကျေးမှုတို့ရဲ့ ဗဟိုအချက်အချာကျတဲ့ မြို့ဖြစ်ပြီး ယူနန်အစိုးရရုံး အခြေစိုက်တဲ့မြို့ဖြစ်တဲ့အပြင်  စီးပွားရေးလုပ်ငန်းများအားလုံးရဲ့ ရုံးချုပ်များအခြေစိုက် တည်ရှိရာမြို့လည်း ဖြစ်ပါတယ်။

ကူမင်းမြို့ဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက တရုတ်စစ်တပ်ရဲ့ အဓိကကျတဲ့ ဗဟိုချက်ဖြစ်ပြီး  အမေရိကန်လေတပ်အခြေစိုက်စခန်း တည်ရှိခဲ့တယ်လို့လည်း သမိုင်းအထောက်အထားတွေအရ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောင်းဗဟိုလည်း  ဖြစ်တယ်လို့သိရပါတယ်။ ကူမင်းမြို့ဟာ  ယူနန်-ကွမ်ကျိုး ကုန်းပြင်မြင့်ဒေသမှာ  တည်ရှိပြီး အမြင့် ၁၉၀၀ မီတာမှာ တည်ရှိပါတယ်။ ဧရိယာအကျယ်အဝန်း မှာ ၂၁,၅၀၁ စတုရန်းကီလိုမီတာရှိပြီး မြို့ဧရိယာမှာ ၆၂၀၀ စတုရန်း ကီလိုမီတာ ရှိပါတယ်။

၂၀၂၁ ခုနှစ်စာရင်းအရ ကူမင်းမြို့မှာ ပျမ်းမျှလူဦးရေ ၅,၇၄၀,၀၀၀ ခန့်ရှိပြီး မြို့ပြလူဦးရေမှာ ၃,၀၅၅,၀၀၀ ခန့် ရှိတယ်လို့သိရပါတယ်။ကူမင်းမြို့က ရှေးမြို့တော်ဟောင်းဖြစ်တဲ့အတွက် အုတ်မြို့ရိုးရှိပြီး ၁၉၂၀ခုနှစ် မတိုင်မီ အထိ ယွန်းနန်ဖူလို့ ခေါ်ဆိုတယ်လို့ သိရတယ်။

ကူမင်းမြို့ဟာ တရုတ်ပြည်အနောက်တောင်ပိုင်းရဲ့  ကုန်းလမ်း၊ရေလမ်း၊လေကြောင်းဗဟိုလည်း ဖြစ်သလို  ဗီယက်နမ်၊ မြန်မာ၊ လာအိုတို့နဲ့လည်း  မီးရထားလမ်းဆက်သွယ်ထားပါတယ်။ တရုတ်ပြည်ရဲ့  စတုတ္ထအကြီးဆုံး လေဆိပ်ကြီးကိုလည်း တည်ဆောက်ထားပါတယ်။

အရှေ့မြောက်ဘက် ကီလိုမီတာ ၆၄၀ခန့်အကွာတွင် ချုံချင့်မြို့ရှိပြီး တရုတ်ပြည်၏အကြီးမားဆုံးသော ကြေးသတ္တုမိုင်းဟာ ကူမင်းမှာ တည်ရှိပါတယ်။ ကျောက်မီးသွေးထွက်ရှိပြီး  သံသတ္တုအနည်းငယ် ထွက်ပါတယ်။ ဓာတုပစ္စည်းများ၊ စက်ကိရိယာများ၊ ချည်မျှင်နဲ့ အထည်များ၊ စက္ကူနဲ့ ဘိလပ်မြေတို့ကို အဓိကထုတ်လုပ်တယ်လို့ သိရပါတယ်။

ကူမင်းမြို့ဟာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့  မြို့တစ်မြို့ဖြစ်ပြီး ခေတ်မီအဆင့်မြင့် ဟော်တယ်ကြီးတွေ အမြောက်အမြားရှိပါတယ်။ အရှေ့တောင်အာရှဒေသရဲ့  စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနဲ့  ယဉ်ကျေးမှုဗဟိုချက်ဖြစ်လာဖို့ ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ ကူမင်းမြို့ကို သွားရောက်လည်ပတ်မယ်ဆိုရင် လေကြောင်းနဲ့သာမက  ကုန်းလမ်းနဲ့လည်းသွားလို့ရပါတယ်။ ကုန်းလမ်းခရီးနဲ့ သွားမယ်ဆိုရင်တော့ ရန်ကုန်နဲ့ မန္တလေးမြို့ကနေ မူဆယ်ကိုအရင် သွားရပါမယ်။ မူဆယ်ကတစ်ဆင့် ကျယ်ခေါင်၊ရွှေလီ၊ မန်စီမြို့ကိုသွားပြီး မန်စီမြို့ကတစ်ဆင့်  အာရှအမြန်လမ်းမကြီးအတိုင်း ကူမင်းမြို့ကို သွားလို့ရပါတယ်။

မန်စီကနေ ကူမင်းမြို့ကိုသွားတဲ့ ခရီးအကွာအဝေးက ရန်ကုန်ကနေ-မန္တလေးကိုသွားတဲ့ ခရီးအကွာအဝေးလောက်ပဲရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဘာလို့လဲဆိုတော့ မန်စီမြို့ကနေ ကူမင်းမြို့အထိ ကားနဲ့သွားတဲ့ခရီးကြာချိန်က ၁၀နာရီကျော် လောက်ပဲရှိပါတယ်။ လေကြောင်းခရီးနဲ့သွားမယ်ဆိုရင်တော့ ရန်ကုန်လေဆိပ်ကနေ  တစ်နာရီကျော် နှစ်နာရီဝန်းကျင်လောက် လေယာဉ်စီးပြီးရင်တော့ ကူမင်းမြို့ကို ရောက်ပါတယ်။

ကူမင်းမြို့ကို လေယာဉ်စီးပြီးသွားတာနဲ့စာရင် ကုန်းလမ်းခရီးဖြစ်တဲ့ ကားနဲ့သွားတာက ဒေသန္တရ ဗဟုသုတ များစွာရရှိစေမှာဖြစ်ပါတယ်။ အရင်ကဆို ကျယ်ခေါင်၊ရွှေလီ၊မန်စီမြို့ကနေ ကူမင်းမြို့ကိုသွားမယ်ဆိုရင် အချိန်(၇) ရက်လောက်ပေးရတယ်လို့ ဒေသခံတွေပြောဆိုမှု အရသိရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ယူနန်ပြည်နယ်ဟာ တောတောင်တွေထူထပ်ပေါများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အခုတော့ နေ့တစ်ပိုင်းလောက်အချိန်ပေးတာနဲ့ ကျယ်ခေါင်၊ရွှေလီ၊မန်စီမြို့ကနေ ကူမင်းမြို့ကို သွားလို့ရနေပြီ ဖြစ်ပါတယ်။ဘာလို့ သွားရောက်ချိန်က အဲ့လောက်လျော့နည်းသွားလဲဆိုတော့ လမ်းတစ်လျှောက်မှာ ရာနဲ့ချီရှိတဲ့ တောင်တွေကို ဥမင်းလိုဏ်ခေါင်းတွေဖောက်ပြီး အဝေးပြေးကားလမ်းတွေ ဖောက်လုပ်ထားလို့ ဖြစ်ပါတယ်။

ကူမင်းမြို့ကိုရောက်ပြီဆိုတာနဲ့ ယူနန်ပြည်နယ်ရဲ့မြို့တော်ဖြစ်တာနဲ့အညီ  အစိုးရရုံးအဆောက်အဦတွေ၊  လူနေအိမ်အဆောက်အဦတွေ ၊ အဆင့်မြင့်ဟိုတယ်ကြီးတွေနဲ့  ၊ အဆင့်မြင့် စျေးဝယ်စင်တာတွေကို  နိုင်ငံတာအဆင့်မီ ခမ်းနားစွာဆောက်လုပ်ထားတာကို မြင်တွေ့ရပါတယ်။

မြို့အတွင်း လျှောက်လည်ကြည့်လိုက်ရင် ခင်းထားတဲ့ကတ္တရာကားလမ်းတွေကလည်း အလွန်ကောင်းမွန်ပြီး အဆင့်မြင့် နှစ်ထပ်၊သုံးထပ် ခုံးကျော်ကားလမ်းတွေကို သပ်ရပ်စွာပြုလုပ်ထားတာကို မြင်တွေ့ရမှာဖြစ်ပြီး ကားမှတ်တိုင်တွေကိုလည်း စနစ်တကျ ပြုလုပ်ထားတာတွေ့ရပါတယ်။

ကားလမ်းနဲ့ လူသွားလမ်းတစ်လျှောက်မှာလည်း အမှိုက်တွေကင်းစင်သန့်ရှင်းနေပြီး ကားလမ်း၊လူသွားလမ်းနဲ့ဆိုင်ကယ်၊စက်ဘီးစီးတဲ့လမ်းတွေကို သီးခြားစီစနစ်တကျခွဲခြားသတ်မှတ်ပေးထားတာကိုလည်းမြင်တွေ့ ရပါတယ်။ ဒါ့အပြင် အဆင်မြင့် နှစ်ထပ်ဘတ်စ်ကားတွေ ပြေးဆွဲနေတာကိုလည်းတွေ့ရပါတယ်။ မြို့အတွင်းမှာ ရှိတဲ့  မီးပွိုင့်တွေမှာသာမက တစ်မြို့လုံးကို လုံခြုံရေးကင်မရာတွေ နေရာစုံမှာ တပ်ထားတာကိုတွေ့ရပါတယ်။

အဓိက ထူးထူးခြားခြားမြင်တွေ့ရတာတော့  ကားလမ်းရဲ့ ဘေးဘယ်ညာနေရာတွေ ၊လူသွားလမ်းတွေမှာစိမ်းလန်းစိုပြေနေတဲ့  သစ်ပင်ကြီးတွေကို  နေရာတိုင်းလိုလိုမှာ စိုက်ထားတာမြင်တွေ့ရပါတယ်။ သစ်ပင်တွေက အရိပ်အာဝါသ ကောင်းမွန်တဲ့အတွက် တကယ်ကိုအေးချမ်းလှပါတယ်။ သစ်ပင်တွေနဲ့အတူယှဉ်တွဲ မြင်တွေ့ရတာကတော့ အပန်းဖြေ ပန်းခြံတွေနဲ့အတူ ရေကန်ကြီးတွေပဲဖြစ်ပါတယ်။

ကူမင်းမြို့ရဲ့ မြေအနေအထား၊ ဂေဟစနစ်ထူးခြားမှု၊ ပတ်ဝန်းကျင်အနေအထားအစရှိတဲ့  အချက်အလက်တွေအရ အခြေအနေကိုလိုက်ဖန်တီးထားတဲ့ “အိတ်ကပ်ပန်းခြံ”ကို တည်ဆောက်ထားပြီး  မြို့ရဲ့ အစိမ်းရောင်နယ်မြေဧရိယာကို  အဆက်မပြတ်ချဲ့ထွင်လျက်ရှိတယ်လို့ သိရပါတယ်။

ပန်းခြံအမျိုးအစားတိုင်းကို  မြို့ရဲ့ဆွဲဆောင်မှုနှုန်းအား မြှင့်တင်ပေးနိုင်တဲ့ အနေအထားဖြစ်အောင်ပြုလုပ်ထားပြီး  မြို့နေလူထုတွေအတွက်  သဘာဝနဲ့ နီးစပ်စေကာ  စိမ်းလန်းစိုပြေစေတဲ့ နေရာကောင်းတွေဖြစ်အောင် အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

အဆောက်အဦ အမြင့်ဆုံးနေရာကနေ ကူမင်းမြို့ရဲ့အလှကိုကြည့်မယ်ဆိုရင် ခမ်းနားစွာတည်ဆောက်ထားတဲ့ အဆောက်အဦတွေနဲ့အပြိုင် စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်၊ပန်းပင်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကူမင်းမြို့ရဲ့အလှကို အမွန်းတင်ဂုဏ်ပြုတဲ့အနေနဲ့ အစိမ်းရောင်မြို့တော်လို့ ခေါ်ဆိုမှုတွေရှိနေတယ်လို့ သိရပါတယ်။

ကရင်လေး (အိမ်မဲ)