【 ဆောင်းပါး 】အတုယူဖွယ်ကောင်းသော ဆင်းရဲမှုပပျောက်ရေး အောင်မြင်သောနည်းလမ်းများ

【 ဆောင်းပါး 】အတုယူဖွယ်ကောင်းသော ဆင်းရဲမှုပပျောက်ရေး အောင်မြင်သောနည်းလမ်းများ

နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုသည် ဒေသတွင်းပြည်သူများ၏ ဆင်းရဲမှုလျှော့ချသည့် အခြေအနေအပေါ် ထင်ဟပ် ပြသလျက်ရှိသည်။ လူတစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်း၊ ဒေသ၊ နိုင်ငံတစ်နိုင်အဖြစ် ဥစ္စာ ပစ္စည်း အနည်းငယ် သို့မဟုတ် ဝင်ငွေ အနည်းငယ်သာ ရှိသော အခြေအနေကို ဆင်းရဲမွဲတေသော အခြေအနေဟု အဓိပ္ပာယ်ဖွင့်ဆိုကြပြီး အမျိုးမျိုးကွဲပြားသော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအကြောင်းတရားနှင့်လည်း သက်ရောက်မှုများရှိကြသည်။

အဆိုပါ ဆင်းရဲနွမ်းပါးမှုကို စာရင်းအင်းပညာ သို့မဟုတ် ဘောဂဗေဒအရ အကဲဖြတ်ရာတွင် စားနပ်ရိက္ခာ၊ အဝတ်အစားနှင့် နေထိုင်စရာ စသည်တို့ကဲ့သို့သော အခြေခံတစ်ကိုယ်ရေလိုအပ်ချက်များပြည့်မီရန် လိုအပ်သောဝင်ငွေနှင့် နှိုင်းယှဉ်သော နည်းလမ်းမျိုးဖြင့်တိုင်းတာကြသလို လူတစ်ဦးသည် တူညီသောနေရာနှင့် အချိန်ကာလအပိုင်းအခြားတွင်ရှိနေသည့် အခြားသူ များနှင့်နှိုင်းယှဉ်ပါက အနိမ့်ဆုံးသော လူနေမှုအဆင့်အတန်းပြည့်မီမှု ရှိ၊မရှိတို့ကို နှိုင်းယှဉ်သောနည်းလမ်း အပါအဝင် အဓိက တိုင်းတာမှုနှစ်ခုရှိသည်။ ထိုသို့တိုင်းတာခြင်းဖြင့် နိုင်ငံတစ်ခုနှင့်တစ်ခု သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုနှင့် အခြားအဖွဲ့အစည်း တစ်ခုတို့ကို ကွဲပြားစွာနှိုင်းယှဉ် သတ်မှတ်လေ့ရှိတတ်ကြသည်။

မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့၏ လန်ချန်း-မဲခေါင်ပူပေါင်း ဆောင်ရွက်မှုတွင် မြစ်တစ်စင်း၏ မိသားစုဝင်နိုင်ငံများကြား နိုင်ငံအချင်းချင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက် အခြေအနေများကို လျှော့ချကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများဖြစ်လာစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် စီစဉ်ကာ စီမံကိန်းများကို ချမှတ်ဖော်ဆောင်ခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် လျှော့ချနိုင်ရေးအတွက်မှာ ဆင်းရဲမှုပပျောက်ရေး ကိစ္စက အရေးကြီးသည့်ကဏ္ဍတစ်ရပ်ဖြစ်သည်။

“တစ်‌မြစ်တည်းရေ တူစုံသောက်သုံး၍ ကံကြမ္မာချင်း နီးကပ်စွာ ယှက်နွယ်နေ” ဟူသည့် စိတ်ဓာတ်ဖြင့် ၂၀၁၆ ခုနှစ်၊ မတ်လ အတွင်းက စတင်ခဲ့ကြသော လန်ချန်း-မဲခေါင်ပူပေါင်းဆောင်ရွက်မှုမှာ ယခုဆိုလျှင် ခုနစ်နှစ်နီးပါးရှိလာခဲ့ပြီဖြစ်သည်။ ယင်းပူးပေါင်းဆောင်ရွက်မှုအတွင်း သီးသန့်ရန်ပုံငွေအစီအစဉ်အောက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံက ၂၀၁၉ ခုနှစ်မှစကာ လန်ချန်း-မဲခေါင် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတိုးမြှင့်မှု မဟာမိတ်စီမံကိန်းကို ဖော်ဆောင် လာခဲ့သည်။ ထိုဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို လုပ်ဆောင်ကာ အောင်မြင်မှုရလာခဲ့သော တရုတ်နိုင်ငံ၏ အခြေအနေမှာ စိတ်ဝင်စားစရာကောင်းလှသည်။

တရုတ်နိုင်ငံရှိ ကွေ့ကျိုးပြည်နယ်အနက်တွင် ဆင်းရဲသည့် ခရိုင် ကိုးခုအနက် တစ်ခုအဖြစ် ပါဝင်သော ဆုံကျန်းခရိုင်မှာ ဒေသခံများအတွက် ကြွက်နားရွက်မှိုနှင့် အခြားသောမှိုလုပ်ငန်းများကို ဖော်ဆောင်ပေးခဲ့ပြီး ယင်းလုပ်ငန်းများမှ ဝင်ငွေ အကျိုးအမြတ် သုံးလတစ်ကြိမ် ယွမ် ၇၀၀ ကိုရရှိခဲ့သလို လုပ်ငန်းအတွင်း ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် လုပ်အားခ အဖြစ်လည်း မြန်မာငွေ ကျပ်ခြောက်သိန်းနီးပါး (ယွမ် ၃၀၀၀ နီးပါး)ကို ရရှိကာ ဆင်းရဲမှုကို တွန်းလှန်နိုင်ခဲ့ကြသည်မှာ မျက်ဝါးထင်ထင်မြင်ရမည်ဖြစ်သည်။ အလားတူ ယူနန်ပြည်နယ်၊ လွီချွင်းခရိုင်၊ ဖိန်ဟိုမြို့နယ်က လားဟူ့ရွာလေးတွင်လည်း ၂၀၁၇ ခုနှစ်တွင် လွီချွင်းခရိုင်မှ အစိုးရဝန်ထမ်းများ ကျေးရွာသို့ရောက်လာပြီး ဒေသခံများအနေဖြင့် မိမိတို့ဒေသမှာပင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ရန် ဒေသဖွံ့ဖြိုးရေးစီမံကိန်းသစ်ကို ချပြပေးနိုင်ခဲ့ကြသည်။

ကျေးရွာအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ရန် သောက်သုံးရေမြောင်းများ ပြုပြင်တည်ဆောက်ခြင်း၊ စိုက်ပျိုးရန် မြေယာပြုပြင်မြေညှိခြင်း၊ ကျေးရွာအတွင်း အပန်းဖြေစခန်းများ၊ အပန်းဖြေအနားယူစရာနေရာများ၊ အများသုံး အိမ်သာများကို တည်ဆောက်ခဲ့သည်။ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးလုပ်ငန်းအဖြစ် ကြွက်နားရွက်မှို စတုရန်းမီတာ ၆၆၀၀ ကျော်လောက်ကို ကုမ္ပဏီတစ်ခုနှင့် ဒေသခံများပူးပေါင်းစိုက်ပျိုးလုပ်ဆောင်ကာ အောင်မြင်မှုရခဲ့သည်။ ထိုစိုက်ပျိုးရေးလုပ်ငန်းမှ ၂၀၁၉ ခုနှစ်လောက်တွင် ဒေသခံမိသားစုတစ်စု၏ ဝင်ငွေမှာ ယွမ်ငွေ ၃၀၀၀ လောက်အထိ တိုးလာခဲ့ပြီး ကြွက်နားရွက်မှိုစိုက်ပျိုးမှုသာမကတော့ဘဲ စပါး၊ ပြောင်းဖူး၊ လက်ဖက်ခြောက် စသည့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်လာကာ ကြက်၊ ငါး စသည့် မွေးမြူရေးလုပ်ငန်းများကိုပါ တိုးချဲ့လုပ်ကိုင်လာခဲ့ကြသည်။

ထို့အတူ တရုတ်ပြည်တွင် တောင်တန်းများပေါရာဒေသဖြစ်သည့် ကျန်းရှီးပြည်နယ်၊ ရှူးရွှေခရိုင်တွင်လည်း ဆင်းရဲမှု ပပျောက်ရေးဖော်ဆောင်ရန် တောင်တန်းများကြောင့် ခက်ခဲသောအခြေအနေကြောင့် အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့ပေးခြင်း၊ အလုပ်အကိုင်နေရာပေးခြင်း၊ လုပ်ငန်းများထူထောင်နိုင်ရန် ထောက်ပံ့ပေးခြင်းများကို အစိုးရပိုင်းက ပြုလုပ်ပေးခဲ့ကြသည်။ ထိုသို့ရွှေ့ပြောင်းလာသူ ဒေသခံများအတွက် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေးထောက်ပံ့ကြေး ယွမ် ၄၄၆ သန်း ထုတ်ပေးခဲ့ပြီး ဒေသခံများက ကိုယ့်ရပ်ရွာ၌ပင် ကိုယ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရင် အကျိုးအမြတ်ရရှိကာ ဆင်းရဲတွင်းမှ လွတ်ကင်းခဲ့ကြရသည်။

ဆင်းရဲမှုပပျောက်ရေးကို လုပ်ဆောင်ရာတွင် ငါးပေးခြင်းထက် ငါးဖမ်းနည်းကိုသင်ပေးခြင်းက ပိုမိုထိရောက်စေသကဲ့သို့ ငွေကြေးပေးခြင်းထက် ငွေရှာဖွေနိုင်မည့်နည်းလမ်းများကို ဖန်တီးလုပ်ဆောင်ပေးခဲ့ကြသည်မှာ အထင်အရှား မြင်တွေ့ရ ပေမည်။ တိုးတက်သော ခေတ်မီဆက်သွယ်ရေးနည်းပညာများကိုအသုံးပြုကာ ရာသီဥတုဆိုးရွားသည့် အခြေအနေမျိုး၌ပင် လည်းကောင်း၊ ကိုဗစ်ကာလကဲ့သို့သော ကာလမျိုး၌ပင် ပြင်ပတွင် ရောင်းဝယ်သွားလာလုပ်ကိုင်ရန် မလွယ်ကူသည့် အခြေအနေမျိုး၌ပင် မိမိ၏ထုတ်ကုန်များကို အွန်လိုင်းမှ ရောင်းချခြင်းဖြင့် ဝင်ငွေရစေမည့် နည်းလမ်းများဖြင့် လုပ်ဆောင်နိုင်ခဲ့ကြသည်။

စိုက်ပျိုးထုတ်လုပ်မှုမှ ရရှိလာသည့် ထွက်ကုန်များကို စျေးကွက်အတွင်းရောင်းချရင်း အကျိုးအမြတ်ရရန် ကြိုးပမ်းကာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် လုပ်ဆောင်ရာတွင် အရင်းအနှီး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်လျော့နည်းရေးနှင့် စျေးကွက် အလားအလာကောင်းများကလည်း အရေးကြီးသလို အစိုးရပိုင်း၏ ပံ့ပိုးမှာလည်း အဓိကျလှသည်။ အစိုးရ၏ ပံ့ပိုးမှု အောက်တွင် ဒေသခံတောင်သူများနှင့် Supply Change စျေးကွက်တစ်လျှောက် ဆက်နွယ်ပတ်သက်သူအားလုံးက ဟန်ချက် ညီအောင် ဖော်ဆောင်နိုင်မှုမှာ အရေးပါ‌ပြီး ဟန်ချက်ညီညီဖော်ဆောင်ရင်းဖြင့် ဆင်းရဲမှုလျှော့ချရေးရည်မှန်းချက်များ အောင်မြင်နိုင်မည်မှာ အသေချာပင်ဖြစ်သည်။

မြန်မာပါဝင်သည့် လန်ချန်း-မဲခေါင် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတိုးမြှင့်မှု မဟာမိတ် စီမံကိန်းတွင် နည်းပညာဆိုင်ရာကူးလူးဖလှယ်မှု အပြန်အလှန်ခရီးစဉ်များ၊ လေ့လာသင်ယူမှုဆိုင်ရာ ဖိုရမ်များကိုလည်း လုပ်ဆောင်ခဲ့ပြီး လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများကို ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ထိရောက်စွာ မြှင့်တင် ပေးလာခဲ့ကြသည်။

ထိုလန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ငါးနှစ်တာ လုပ်ငန်းအစီအစဉ်ကို ချမှတ်ပြီး ‌ရေသယံဇာတ၊ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစသည့် ကဏ္ဍများ၏လုပ်ငန်းအစီအဥ်များကို ထက်သန်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြသည်။ နိုင်ငံဖြတ်ကျော်စီးပွားရေး၊‌ ကုန်ထုတ်စွမ်းအား၊ အပြန်အလှန် ဆက်သွယ်‌ရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ဖိဖိစီးစီးချမှတ်ဆောင်ရွက်နိုင်ခဲ့သလို အောင်မြင်မှုများလည်းရနေသည့် စီမံကိန်းများ ရှိကြ‌ပြီး ဆက်လက်လုပ်ဆောင်နေသည့် စီမံကိန်းကြီးများစွာလည်း ရှိနေကြသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံလည်းဖြစ်သလို လူဦးရေအများအပြားကို ဆင်းရဲနွမ်းပါးမှု အခက်အခဲများကြားမှ ကယ်တင်နိုင်သော တရုတ်နိုင်ငံ၏ လက်တွေ့ကျသည့် နည်းလမ်းများကို အသေးစိတ်လေ့လာမှတ်သားကာ အတုယူ လုပ်ဆောင်ရင်း တစ်ဦးချင်းဝင်ငွေတိုးပွားရေး လုပ်ငန်းရပ်များ စွမ်းဆောင်ခြင်းဖြင့် ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးမှုကွာဟချက် နည်းနိုင်သမျှနည်းလာစေမည်ဖြစ်သည်။ ယင်းကဲ့သို့သော ကျင့်သုံးဆောင်ရွက်နေသည့် နည်းနာနိသယများကို နမူနာယူကြိုးပမ်းရင်း လူသိများသည့် မြန်မာ့တေးသီချင်း တစ်ပုဒ်ဖြစ်သော “နဂါးနီသီချင်း”ကဲ့သို့ပင် ချမ်းချမ်းသာသာဖြင့် ဆင်းရဲတွင်းမှ လွတ်ကင်းနိုင်ရန် စွမ်းဆောင်ကြမည်သာဖြစ်သည်။

ဧပရယ်လ်