【 ဆောင်းပါး 】အတုယူသင့်သော တရုတ်ရဲ့ ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းမှု

【 ဆောင်းပါး 】အတုယူသင့်သော တရုတ်ရဲ့ ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းမှု

နိုင်ငံတကာတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ အများဆုံးတည်ရှိရာ အီတလီနိုင်ငံပြီးလျှင် တရုတ်နိုင်ငံမှာ ဒုတိယနေရာမှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာစုစုပေါင်း ၅၂နေရာအထိရှိနေသော နိုင်ငံဖြစ်သည်။ အဆောက်အဦများ၊ သဘာဝ ရှုခင်းများ၊ ရှေးဟောင်းနယ်မြေဒေသတို့ကို အမွေအနှစ်စာရင်းဝင်များအဖြစ် သတ်မှတ်ခံထားရသည်။

ထိုအမွေအနှစ်များထဲမှ The Forbidden City အပါအဝင် လူသိများ ထင်ရှားသည့် အထင်ကရ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်နေရာ ၅ခုကို ဖော်ပြရလျှင် Grate Wall ခေါ်  မဟာတံတိုင်း၊ ကမ္ဘာ့အကြီးဆုံး လီရှန်ဗုဒ္ဓရုပ်ပွားတော်ကြီး၊ ပေကျင်းရှိ နွေရာသီနန်းတော်နှင့် ချင်ဘုရင်၏ စစ်သည်ရုပ်တုပေါင်းများစွာရှိရာနေရာတို့မှာ ထင်ရှားသည့် နေရာများမှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်လည်း သတ်မှတ်ခံထားရသည်။

တားမြစ်ထားသောမြို့တော်(The Forbidden City)

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကြောင့် ခေတ်မီတိုက်တာအဆောက်အဦများစွာက ပေကျင်းမြို့အတွင်း တင်းကြမ်းပြည့်လျက် ရှိသော်လည်း တရုတ်နိုင်ငံ၏ သမိုင်းဝင် တားမြစ်ထားသောမြို့တော်(The Forbidden City)ကိုမူ ယနေ့အထိ ရှေးမူမပျက် ထိန်းသိမ်းထားနိုင်သည်။ ပေကျင်းမြို့အလယ်တွင်တည်ရှိပြီး ၁၄၀၆ခုနှစ်မှ ၁၄၂၀ခုနှစ်အတွင်း တည်ဆောက်ခဲ့ကာ အမြင့် ၁၀မီတာရှိသော နံရံများနှင့် ၅၂မီတာကျယ်သည့် ကျုံးများဖြင့် ဝန်းရံထားကာ အရှေ့မှ အနောက်သို့ ၇၅၃မီတာနှင့် မြောက်မှတောင်သို့ ၉၆၁မီတာရှိကာ ဧရိယာ ၁,၁၂၀,၀၀၀ စတုရန်း မီတာကျယ်ဝန်းသည်။

တရုတ်ဧကရာဇ် မင်မင်းဆက်မှ ချင်မင်းဆက်(မန်ချူးခေတ်)အထိ နှစ်ပေါင်း ၅၀၀နီးပါး မင်းဆက်ပေါင်း ၂၄ဆက် ထိုနန်းတော်အတွင်းစံမြန်းနေထိုင်ခဲ့ပြီး အခန်းပေါင်း ၁၀၀၀၀နီးပါးရှိကာ အရေးပါသည့် ပွဲလမ်းသဘင်များ ကျင်းပရာနေရာ၊ နိုင်ငံရေးဆိုင်ရာအချက်အချာဌာနအဖြစ် တည်ရှိခဲ့သည်။ ၁၉၈၇ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီး လက်ရှိတွင် နန်းတော်ပြတိုက်အဖြစ် နန်းတွင်းရတနာများ၊ အသုံးအဆောင် ပစ္စည်းများ၊ မှတ်တမ်းဓာတ်ပုံများ၊ ရှေးဟောင်းစာအုပ်များ၊ ပန်းချီများကို ပြသထားပြီး နှစ်စဉ်ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်ပေါင်း ၁၇သန်းနီးပါး လာရောက်လည်ပတ်လေ့ရှိသည်။

Grate Wall(သို့)ကမ္ဘာ့အကြီးဆုံး မဟာတံတိုင်း

မဟာတံတိုင်းကို တရုတ်နိုင်ငံ၏ ပထမဆုံးဧကရာဇ် ဘုရင်ချင်ရှီဟွမ်လက်ထက်တွင် တည်ဆောက်ခဲ့ပြီး ဘီစီ ၇ရာစုက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် မင်မင်းဆက်က ဆက်လက်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၂၀၀၀ကျော်ကာလအတွင်း မင်းဆက် ၂၀ကျော်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မဟာတံတိုင်း၏ အမြင့် ကို ၁၅ပေမှ ၂၆ပေအထိ မြင့်ကြောင်းနှင့် ၇ဒသမ၈မီတာမြင့်ပြီး ၅ဒသမ၈မီတာ ထူကြောင်း ပြောဆိုကြပြီး အချို့မှာ ၂၅ဒသမ၆မီတာအမြင့်ရှိကာ ၇ဒသမ ၁ကိုက် ကျယ်ဝန်းကြောင်း ရေးသားမှုများလည်း ရှိသည်။

ချင်မင်းဆက်ခေတ်က ဆောက်လုပ်ခဲ့သည့် မဟာတံတိုင်းမှာ မိုင်ပေါင်း ၃၁၀၀ရှိပြီး မင်မင်းဆက်တွင် မိုင် ပေါင်း ၆၂၀၀ကို ဆောက်လုပ်ခဲ့ကြောင်း မှတ်တမ်းအချို့တွင် ဖော်ပြထားပြီး ယနေ့ခေတ်တွင် ၁၃၁၇၀ ဒသမ ၆၉၅၆ မိုင်ရှိကြောင်းလည်း ဆိုကြသည်။ တံတိုင်းကို ကျောက်တုံးနှင့် ရွှံ့များကိုသာ အသုံးပြုတည်ဆောက် ထားခြင်းလည်း ဖြစ်သည်။ စိမ်းစိုနေသည့် သစ်ပင်များနှင့် တောင်ကုန်း တောင်စောင်းများအကြား တံတိုင်းကြီးမှာ ရှုမျှော်၍ မဆုံးပင် ဖြစ်သည်။ ၁၉၈၇ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာ့အံ့ဖွယ် ၇ပါးထဲတွင်လည်း ပါဝင်သည်။

နွေရာသီနန်းတော်

ပေကျင်းမြို့၏ အကြီးမားဆုံးနှင့် ပြုပြင်ထိန်းသိမ်းမှုကောင်းစွာပြုလုပ်ထားသည့် တော်ဝင်ပန်းခြံတစ်ခု ဖြစ်သည်။ နွေရာသီနန်းတော်ကို ချင်ခေတ် ချန်လုံဘုရင်က မယ်တော်၏ သက်တော်၆၀ပြည့်နှစ်ကို ဂုဏ်ပြုရန် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပန်းခြံ၏ အကျယ်မှာ ၂၉၀ ဟက်တာရှိပြီး ပန်းခြံ၏ လေးပုံသုံးပုံကို နေရာယူထား သည့် ကန်ရေပြင်ကျယ်တစ်ခုရှိသည်။ နွေရာသီနန်းတော်မှာ ရေကန်များ၊ ပန်းခြံများ၊ နန်းတော်များ စုပေါင်းတည်ရှိရာနေရာ ပြတိုက်ကြီးသဖွယ်ဖြစ်ပြီး ချင်မင်း ဆက် တော်ဝင်ပန်းခြံကြီးအဖြစ် တည်ရှိနေသည်။ ၁၉၉၈ခုနှစ် ဒီဇင်ဘာလတွင် ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ကျောက်သားရုပ်ပွားတော်မြတ်ကြီး

တရုတ်နိုင်ငံ အနောက်ဖက် စီချွမ်ပြည်နယ်၊ လီရှန်မြို့၏ အရှေ့ဘက် အီမဲတောင်၏ မြစ်ကမ်းပါးပေါ်တွင် တောင်နံရံမှ ကျောက်သားကို ဗုဒ္ဓရုပ်ပွားတော်အဖြစ် ထွင်းထုထားခြင်းဖြစ်ပြီး ရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ ကျောင်းနာမည်မှာ ဟန်ထန်ကျောင်းတော်ဖြစ်သည်။တရုတ်ဘုန်းတော်ကြီး ဆရာတော် Hai Tong ကတည် ထားခဲ့ပြီးနောက် ပျံလွန်တော်မူချိန်တွင် တပည့်သာဝက နှစ်ဦးကဆက်လက် တည်ထားခဲ့သည်။ အေဒီ ၇၁၃ခုနှစ်မှ ၈၀၃ ခုနှစ်အတွင်း တန်မင်းဆက်လက်ထက်တွင် ထုလုပ်ခဲ့ကာ ထုလုပ်ခဲ့သည့်ကြာချိန် နှစ်ပေါင်း ၉၀အထိရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း၁၃၀၀ ခန့်ရှိနေပြီဖြစ်သည်။

ရုပ်ပွားတော်မြတ်ကြီး၏ ဉာဏ်တော်မှာ ၇၁မီတာမြင့်ပြီး၊ ဦးခေါင်းတော်အမြင့်မှာ ၁၄ဒသမ၇မီတာ၊ အကျယ်မှာ ၁၀မီတာ၊ ဆံတော်မှာ ၁၀၂၁ခု၊ နားရွက်တော်အရှည်မှာ ၇မီတာ၊ နှာခေါင်းတော်အရှည်မှာ ၅ဒသမ၆ မီတာရှိသည်။ မျက်ခုံးတော်မှာ ၅ဒသမ ၆မီတာ၊ နှုတ်ခမ်းတော်နှင့် မျက်လုံးတော်အရှည်မှာ ၃ဒသမ၃မီတာ၊ ပုခုံးတော်အကျယ်မှာ ၂၄မီတာ၊ လက်ချောင်းတော်အရှည်မှာ ၈ဒသမ၃မီတာ၊ ဒူးခေါင်းတော်မှ ခြေဖမိုးတော်က ၂၈မီတာ၊ ခြေဖမိုးတော်အကျယ်မှာ ၈ဒသမ၅မီတာရှိပြီး ခြေတော်မှာ ဘုန်းတော်ကြီးအယောက်၁၀၀ခန့် ထိုင်၍ရသည်။

ရုပ်ပွားတော်ကြီးတစ်ခုလုံးတွင် သစ်သားနှင့် လုပ်ထားသည့် နားရွက်တော်မှလွဲ၍ ကျန်သည်မှာ ကျောက်သားကို ထွင်းထုထားခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်၍ ၁၉၉၆ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ခဲ့သည်။

ချင်အင်ပါယာ၏ တာရာကိုတာစစ်သည်တော်များ

လူ၏ အရပ်အမောင်း ခန္ဓာကိုယ်အချိုးအစားအတိုင်း ထုလုပ်ထားသည့် စစ်သည်တော်ရုပ်များကို ၁၉၇၄ ခုနှစ်တွင် ရှီအန်းမြို့အရှေ့ဘက် လင်ထုံခရိုင်အတွင်းရှိ လီရှန်တောင်ပေါ်တွင် လယ်သမားများက ရေတွင်းတူးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဘီစီ ၂၁၀ကပင် ထုလုပ်ခဲ့သော ထိုစစ်သည်တော်ရုပ်များမှာ တရုတ်နိုင်ငံ၏ ပထမဆုံးဧကရာဇ် ဘုရင် ချင်ရှီဟွမ်၏ အုတ်ဂူနှင့် အတူတည်ရှိပြီး ဘုရင်ကသူ၏ တမလွန်ဘဝတွင် ဘုန်းတန်ခိုးအခြံအရံအဖြစ် ပြည့်စုံလို၍ သူ၏ ဂူသချိုင်းအနီးတွင် စစ်သည်ရုပ်တုများကို မြှုပ်နှံရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၈၇ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာ့အံ့ဖွယ်များထဲမှ ၈ခုမြောက်နေရာဖြစ်ကာ တရုတ်နိုင်ငံ၏ တန်ဖိုးအထားရဆုံး အမွေအနှစ်တစ်ခုလည်းဖြစ်သည်။

ခေတ်မီတိုးတက်သည့် နိုင်ငံများစွာထဲ တစ်ခုအပါအဝင်ဖြစ်သော တရုတ်နိုင်ငံ ရှေးဟောင်းအမွေအနှစ်များစွာကို တန်ဖိုးထားထိန်းသိမ်းသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်များဖြစ်သော ပျူမြို့ဟောင်းများနှင့် ပုဂံယဉ်ကျေးမှုဒေသတို့ရှိ အမွေအနှစ်များ မပျောက်ပျက်ရန် ဝိုင်းဝန်းထိန်းသိမ်းခြင်းနှင့် ကျန်ရှိနေသေးသော ရှေးဟောင်းအမွေအနှစ်နေရာများကိုလည်း ဆက်လက်ဖော်ထုတ်ထိန်းသိမ်း၍ ကမ္ဘာမှအသိအမှတ်ပြုရန် လုပ်ဆောင်ရမည်ဖြစ်သည်။

 မေ