【 ဆောင်းပါး 】အပြောင်းအလဲကို စီမံခန့်ခွဲခြင်း

【 ဆောင်းပါး 】အပြောင်းအလဲကို စီမံခန့်ခွဲခြင်း

“လက်ရှိအခြေအနေမှာပဲ ရောင့်ရဲတင်းတိမ်နေလို့ကတော့ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဘယ်လိုမှဖြစ်လာမှာ မဟုတ်ဘူး။”

“ We cannot become what we need to be by remaining what we are.”

                                                                                               ( Max De Pree )

အမေရိကန် စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ Max De Pree ပြောခဲ့တဲ့စကား ပါ။ ပြောင်းလဲမှုဆိုတာ ဘဝတစ်ခုရဲ့ ရိုးစင်းတဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ချင်းအတွက် ခက်ခဲတဲ့ကိစ္စ၊ပြင်းထန်တဲ့ကိစ္စဖြစ်သလို လုပ်ငန်းအဖွဲ့အစည်းတွေအတွက်လည်း ရှောင်လွှဲလို့ မရတဲ့ ကိစ္စ ဖြစ်ပါတယ်။ လှုပ်ရှားပြောင်းလဲနေတဲ့ ကနေ့ခေတ်မှာ အချိန်မီပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်။အစီအစဉ်မကျပြောင်းလဲနေတဲ့ခေတ်မှာ အချိန်မီမပြောင်းလဲနိုင်တဲ့ ဘယ်မန်နေဂျာဖြစ်ဖြစ်၊ဘယ်လုပ်ငန်း အဖွဲ့ အစည်းဖြစ်ဖြစ် ရပ်တည်ရှင်သန်ဖို့ ခက်ခဲမှာအမှန်ပါ။ မန်နေဂျာတွေအနေနဲ့ အပြောင်းအလဲကို တင်ကူး သိမြင်ဖို့၊ အပြောင်းအလဲနဲ့အညီလိုက်လျောညီထွေရှိဖို့၊ အပြောင်းအလဲကို ကောင်းစွာစီမံခန့်ခွဲနိုင်ဖို့လိုအပ်ပါတယ်။ အပြောင်းအလဲကို ကောင်းစွာစီမံနိုင်မှသာ ထိုက်တန် တဲ့ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

အပြောင်းအလဲဆိုတာ အတွင်းပြင်ပအကြောင်းတရားတွေကို တုံ့ပြန်ဖို့အတွက် လက်ရှိအခြေအနေ တစ်ရပ်ကနေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ရောက်ရှိအောင်သွားတဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ ဆိုနိုင်ပါတယ်။ အပြောင်းအလဲကို အောင်မြင်အောင် တည်ဆောက်အကောင်အထည်ဖော်နိုင်ဖို့အတွက် မန်နေဂျာမှာ အရည်အချင်းကောင်းတွေရှိဖို့လိုအပ်ပါတယ်။ ပထမဦးစွာ အပြောင်းအလဲလုပ်ဖို့ လိုအပ်ပြီ၊ပြောင်းလဲချိန်တန်ပြီဆိုတာကို မိမိဝန်ထမ်း တွေသိဖို့၊နားလည်လက်ခံလာဖို့ စည်းရုံးဆောင်ရွက်ရမှာဖြစ်ပါတယ်။ စည်းရုံးရေးစွမ်းရည်ကောင်းဖို့နဲ့ လွှမ်းမိုးနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။

အပြောင်းအလဲကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်ရမယ့် ဒုတိယအချက်က “ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ဖြစ်လိုတဲ့ အခြေအနေကြားက ကွာဟမှုကို ဖော်ထုတ်သတ်မှတ်ဖို့နဲ့ ရလိုတဲ့ ရလဒ်တွေ ရရှိဖို့ အနာဂတ်အမြင်ကို ဖန်တီးရမှာ” ဖြစ်ပါတယ်။

လူတော်တော်များများက ပြောင်းလဲမှုကိုမကြိုက်ကြပါ။ ဘာကြောင့်ပြောင်းလဲမှု လုပ်ရသည်ကို နားမလည်ကြပါ။

“ ပြောင်းလဲမှုသည် စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်မှုထက် ပိုမိုလျင်မြန်စွာ ဖြစ်ပေါ်တတ်သည်။”လို့ ရာစုနှစ်ရဲ့ မန်နေဂျာ (Manager of the century)ဘွဲ့ကို ရခဲ့တဲ့ ဂျင်နရယ် အီလက်ထရစ်ရဲ့ စီအီးအို Jack Welch ကဆိုခဲ့ ဖူးပါတယ်။

 “ ပြောင်းလဲမှုသည် ဘဝ၏ဖွဲ့စည်းတည်ဆောက်မှုတွင် မပါမဖြစ်လိုအပ်သည့်အပြင် ကောင်းသော အရာ များကို များစွာဆောင်ကြည်းပေးနိုင်သည်။ ပြောင်းလဲမှုသည် မည်သည့်အခါတွင်မှ ဆိုးရွားသော အရာများ ကို မဖန်တီးပါ။ စီးပွားရေးလုပ်ငန်းတွင်မူ ပြောင်းလဲမှုသည် ကောင်းမွန်သော အတွေးအခေါ် အကြံအစည် (သို့မဟုတ်) လုပ်ငန်းသစ်၊ကုန်ပစ္စည်းသစ်ဖြစ်ပေါ်လာအောင် နှိုးဆွပေးသော မီးပွားလေးတစ်ပွားပင်ဖြစ်သည်” ဟုဆိုခဲ့ပါတယ်။

“ ပြောင်းလဲမှုကို အန္တရာယ်တစ်ခုသဖွယ် မမြင်ဘဲ၊ အခွင့်အလမ်းတစ်ခုသဖွယ် ကြည့်တတ်မြင်တတ်ရန်”လည်း တိုက်တွန်းခဲ့ပါတယ်။

“ပြောင်းလဲဖို့ နှောင့်နှေးတယ်ဆိုတာ အသစ်ကို ကြောက်တာ၊ ရင်မဆိုင်ရဲတာ” ဟုပညာရှင် Philip Crosby က ဆိုခဲ့ပါတယ်။ “ အပြောင်းအလဲကို မိတ်ဆွေသူငယ်ချင်းလို သဘောထားရမယ်”လို့ ထပ်ဆင့်ဆိုခဲ့ ပါသေးတယ်။

“ လှိုင်းတံပိုးထန်တဲ့အချိန်မှာ ကြောက်စရာအကောင်းဆုံး အန္တရာယ်က လှိုင်းတပိုး အန္တရာယ် မဟုတ်ဘူး။ မနေ့က အတွေးအခေါ်တွေနဲ့ အခက်အခဲကို ဖြေရှင်းဖို့ ကြိုးပမ်းတာကမှ တကယ့်အန္တရာယ်”လို့စီမံခန့်ခွဲမှု ဂုရုကြီး ပီတာ ဒရက်တာက ဆိုခဲ့ဖူးပါတယ်။

“ လုပ်နေကျ အရာတွေကို လုပ်နေကျနည်းလမ်းဟောင်းတွေနဲ့ လုပ်နေခြင်းဟာ လုပ်ငန်းအဖွဲ့အစည်း တစ်ရပ် ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ သိပ်သေချာတဲ့ လက္ခဏာဖြစ်တယ်။” “ သင်အရင်က တစ်ခါမှ တိုး တက်မှုမရှိခဲ့တဲ့ တစ်စုံတစ်ရာကို တိုးတက်စေချင်ရင် သင်တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ဖြစ်လာအောင် မဖြစ်မနေ လုပ်ရပါမယ်”လို့ ဘရိုင်ယန်ထရေစီက ဆိုခဲ့ဖူးပါတယ်။

အပြောင်းအလဲဆိုတာ ထင်သလောက်မလွယ်ပါ။ အတွေ့အကြုံရှိတဲ့ မန်နေဂျာကြီးများက ဒါကိုအသေအချာသိပါတယ်။ထိပ်တန်းမန်နေဂျာအများစုကြုံတွေ့ရတဲ့ ပြဿနာကတော့ အပြောင်းအလဲ စီမံခန့်ခွဲမှုဆိုတာ သည် အခြားအမြဲကြုံတွေ့နေရတဲ့ နိစ္စဓူဝစီမံနေရတဲ့ အလုပ်များနဲ့ မတူတာတွေဖြစ်ပါတယ်။ အရှုပ်ထွေးဆုံး လုပ်ငန်းခွင် ပြဿနာတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်ဖြေရှင်းနိုင်တဲ့၊ တကယ်တော် တကယ်အရည်အချင်း ပြည့်ဝတဲ့ ထိပ်တန်း လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် Chief Operation Officer တစ်ဦးက အခုလို ဆိုခဲ့ဖူး ပါတယ်။

 “ အပြောင်းအလဲ စီမံမှုနဲ့ကြုံတော့ အတော်ချွေးပြန်ခဲ့ရဖူးတယ်။လုပ်ငန်းခွင် ပြဿနာတွေကို နိုင်နိုင်နင်းနင်းဖြေရှင်းနိုင်ခဲ့တဲ့ ကျွန်ုပ်ရဲ့ မိုဒယ်လ်တွေ နည်းလမ်းတွေဟာ အလုပ်မဖြစ်တော့ဘူး။ ”

အပြောင်းအလဲလုပ်ဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါ။ လုပ်ငန်းခွင်မှာ အပြောင်းအလဲ စီမံခန့်ခွဲမှုလုပ်တော့မယ်ဆိုရင် ခုခံတွန်းလှန်မှု (Resistance to change)ကိုတွေ့ရနိုင်တယ်ဆိုတာကို သတိမူဖို့လိုပါတယ်။ နှစ်ဆယ့်ရှစ်ယောက်မြောက် အမေရိကန်သမ္မတ သောမက်စ်ဝုဒရိုး ဝီလ်ဆင်က “ ရန်သူများချင်လား။ အပြောင်းအလဲတစ်ခုခု လုပ်လိုက်ပါ။”တဲ့။ Fifth Discipline နဲ့ နာမည်ကြီးတဲ့ ပီတာဆန်းဂျ် Peter Senge ကတော့ အခုလိုပြောပါတယ်။ “ လူတွေကအပြောင်းအလဲကို မဆန့်ကျင်ကြပါဘူး။ ကိုယ်တိုင်လိုက်ပါပြောင်းလဲရမှာကို ဆန့်ကျင်ကြတာပါ။” 

ဆရာမင်းသုဝဏ်ရဲ့

“ လမ်းဖောက်တော့ သူမပါ

လမ်းပြင်လည်း သူမရောက်

ဖြူးဖြောင့်စွာလမ်းပြေချောတော့

ကျော့ကျော့လေးလျှောက်။

ကန်တူးရာ သူမပါ

ကန်ဆည်ရာ သူမရောက်

မြကန်သာရေကြည်သန့်မှ

ခန့်ခန့်လေးသောက်။

ပန်းစိုင်ရာ သူမပါ

ပေါင်းသင်ရာ သူမရှိ

ပန်းပေါင်းစုံ သင်းကြူမွှေးတော့

ရွေးပန်ချင်၏ ……” ဆိုတဲ့ ကဗျာလေးကိုတောင် သတိရမိပါရဲ့။

လူအများစု အပြောင်းအလဲကို စိုးရွံ့ရတဲ့အကြောင်းတွေ၊ အပြောင်းအလဲကို ဆန့်ကျင်ရတဲ့ အကြောင်းအချက်တွေရှိပါတယ်။ နားမလည်လို့၊ ကြောက်လို့၊ အကျိုးစီးပွားကို ထိခိုက်မှာစိုးလို့၊ ရေသာခိုချင်လို့၊ ယုံကြည်မှုမရှိလို့၊ မတူတဲ့အမြင်၊ မတူတဲ့အတွေးရှိလို့၊ အရင်းအမြစ်တွေ အကန့်အသတ်ရှိလို့ စတဲ့အကြောင်းမျိုးစုံ ဖြစ်နိုင်ပါတယ်။ မန်နေဂျာအနေနဲ့ ဒီအကြောင်းပြချက်မျိုးစုံ ဆင်ခြေမျိုးစုံကို ရင်ဆိုင်ကျော် လွှားရမှာ ဖြစ်ပါတယ်။ ပညာပေးစည်းရုံးတာ၊ ပူးပေါင်းဆောင်ရွက်တာ၊ ညှိနှိုင်းဆောင်ရွက်ပေးတာ စတဲ့နည်းမျိုးစုံသုံးရမှာဖြစ်ပါတယ်။

“ အပြောင်းအလဲအတွက် အရေးကြီးဆုံးသော့ချက်ကတော့ အကြောက်တရားကို စွန့်လွှတ်ဖို့ ဖြစ်ပါတယ်။ The key to change is to let go of fear.” လို့ Rosanne Cash ကပြောခဲ့ ဖူးပါတယ်။ အမေရိကန် စာရေးဆရာတွေးခေါ်ပညာရှင် John Lilly က “ ကျွန်တော်တို့အတွက် တစ်ခုတည်းသော လုံခြုံစိတ်ချရာသည် ကျွန်တော်တို့ရဲ့ ပြောင်းလဲနိုင်စွမ်းပဲဖြစ်ပါတယ်။ ”( Our only security is our doility to change.)

ထိရောက်တဲ့ မန်နေဂျာများမှာ အပြောင်းအလဲဆိုတာ အရေးတကြီးလိုအပ်ကြောင်း အာရုံထားကြပါ တယ်။ သဘောထားရှိကြပါတယ်။ ကိုယ့်စီးပွားရေးလုပ်ငန်းတွေကိုထိခိုက်လာနိုင်တဲ့ ခြိမ်းခြောက်လာနိုင်တဲ့ ပြဿနာတွေ အခက်အခဲတွေကို ကြုံလာပြီဆိုရင် လူအများရဲ့ အာရုံစိုက်မှုခံရပါတယ်။ ဥပမာ-အမြတ်တွေသိသိသာသာ ကျဆင်း လာတာ၊ စတော့ဈေးတွေ ထိုးကျလာတာမျိုးဖြစ်ပါတယ်။ နောက်တစ်မျိုးက မန်နေဂျာတွေအနေနဲ့ ပြင်ပ ပတ်ဝန်းကျင်အခြေအနေများကို လေ့လာသုံးသပ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေ ကို ကြိုတင်မြင် နိုင်စွမ်း ရှိရပါမယ်။ သတင်းအချက်အလက်တွေကို ရှာဖွေစုဆောင်းဖြန့်ဝေပြီး ပြောင်းလဲဖို့လိုအပ်လာပြီ ပြောင်းလဲချိန် တန်ပြီဆိုတာကို အများသိရှိသတိပြုလက်ခံလာအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မန်နေဂျာတွေ အနေနဲ့ အပြောင်းအလဲကို လမ်းညွှန်ထောက်ကူပေးနိုင်မယ့် လူအများလိုလားတောင့်တတဲ့ မျှော်မှန်းချက်နဲ့ ဗျူဟာကို တိတိကျကျ ရေးဆွဲဖို့လိုအပ်ပါတယ်။

မန်နေဂျာရေးဆွဲမယ့် မျှော်မှန်းချက် (Vision)နှင့် မဟာဗျူဟာသည် နောက်လိုက်များကို ဆွဲဆောင်နိုင်မယ့် အပြောင်းအလဲအောင်မြင်ပြီးရင်ဖြစ်ပေါ်လာမယ့် လုပ်ငန်းအဖွဲ့အစည်းရဲ့ အခြေခံမူများနဲ့ တန်ဖိုးများကို ထင်ရှားတောက်ပစေဖို့ လိုအပ်ပါတယ်။ ပြောင်းလဲခြင်းရဲ့ ကောင်းမွန်မှုများကို ထင်ရှားပေါ်လွင်စေရမှာ ဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများ၏အသွေးအသားထဲက ပြောင်းလဲလိုတောဆန္ဒများ ခံယူချက်များ ဖြစ်ပေါ်လာအောင် ထိရောက်သော မန်နေဂျာများက စွမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ နောက်ဆုံး မှာတော့ အဖွဲ့ အစည်းဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုများဟာ အပြောင်းအလဲကို ပြန်လည်အေးခဲစေ (Refreeze)မှာ ဖြစ်ပါတယ်။တန်ဖိုးထားမှုနှင့် ယုံကြည်မှုအသစ်တွေဟာ လုပ်ငန်းအဖွဲ့အစည်းရဲ့ ပုံမှန်အနေအထားကို  ရောက်ရှိလာမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ အမြင်မှာ တဖြည်းဖြည်းနဲ့အသားကျလာမှာဖြစ်ပါတယ်။

အပြောင်းအလဲမှာ အဆင့်သုံးဆင့်ပါဝင်ပါတယ်။

(၁)အရည်ပျော်စေခြင်း (Unfreezing)၊

(၂)ပြောင်းလဲခြင်း(Changing)နဲ့

(၃) ပြန်လည်အေးခဲခြင်း (Refreezing)တို့ဖြစ်ပါတယ်။

အရည်ပျော်စေခြင်းဆိုတဲ့ အဆင့်မှာ-“ လက်ရှိအခြေအနေဟာ ကျေနပ်စရာမရှိဘူး။ဒီတော့ ပြောင်းလဲဖို့ လိုအပ်ဆိုတာကို အများသိလာအောင် ကြိုးစားရတာတွေ” ပါဝင်ပါတယ်။ လက်ရှိပြုမူနေတဲ့ အပြုအမူတွေ၊ ဆောင်ရွက်ချက်တွေ၊စိတ်သဘောထားတွေကို ပြုပြင်ပေးရတာတွေ ပါဝင်ပါတယ်။ အပြောင်းအလဲကနေ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရှင်းပြရပါတယ်။ အပြောင်းအလဲ အောင်မြင်ဖို့အတွက် တစ်နည်းအောင်မြင်စွာ ပြောင်းလဲနိုင်ဖို့အတွက် ဝန်ထမ်းတွေ လိုလိုချင်ချင်ပါဝင်လာအောင် ကြိုးပမ်းရပါတယ်။

ပြောင်းလဲခြင်း (Changing)ဆိုတဲ့ ဒီအဆင့်မှာတော့ အမှန်တကယ် ပြောင်းလဲလာဖို့ ကြိုးပမ်းရတဲ့ အဆင့်ဖြစ်ပါတယ်။ နည်းလမ်းအဟောင်းကို ပယ်ပြီး နည်းလမ်းအသစ်၊အတွေးသစ် အမြင်သစ်တွေနဲ့ ဆောင်ရွက်လာနိုင်အောင် ကူညီပံ့ပိုးပေးရပါမယ်။

ပြန်လည်အေးခဲခြင်း(Refreezing)ကတော့ နောက်ဆုံးအဆင့်လို့ ပြောနိုင်ပါတယ်။ ပြောင်းလဲမှုကို တွန်းအားပေးဆောင်ရွက်လို့ နည်းသစ်ဆောင်ရွက်မှု အသစ်တွေဟာ ပုံမှန်အသားကျသွားတဲ့ အခြေအနေဖြစ်ပါတယ်။ အပြောင်းအလဲကို လက်ခံကျင့်သုံးပြီး ရလဒ်ကောင်းတွေ ထွက်ပေါ်လာအောင် တွန်းအားပေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ပြောင်းလဲမှုကို အတားအဆီးတစ်ခု၊ခြိမ်းခြောက်ဟန့်တားမှုတစ်ခု၊ပြဿနာတစ်ခုလို့ မမြင်ဘဲ၊ အခွင့်အလမ်းတစ်ခုလို့ မြင်တတ်ရမှာဖြစ်ပါတယ်။ အပြောင်းအလဲကို လိုလိုလားလား လက်ခံ၊ အတွေးအခေါ်အကြံ အစည်ကောင်းတွေ ထုတ်၊ပိုမိုကောင်းမွန်တဲ့နည်းလမ်းတွေရှာပြီး လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် ဘယ်လိုအခက်အခဲ ကိုမဆို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ နောက်အရေးကြီးဆုံးအချက်က “ ပြောင်းလဲမှုဟာ ထာဝရတည်ရှိတဲ့ အရာ။” ပြောင်းလဲမှုဟာ ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်တဲ့အရာ။ အမြဲလုပ်ဆောင်ရမယ့်အရာဖြစ်ပါတယ်။ မနေ့က အတွေးတွေနဲ့ ဒီကနေ့ပြဿနာတွေကို ဖြေရှင်းမရနိုင်ဘူး ဆိုတာဖြစ်ပါတယ်။

လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ အစီအစဉ်မကျ ပြောင်းလဲဖြစ်ပေါ်နေတဲ့ ခေတ်ကာလကြီးမှာ အပြောင်းအလဲနဲ့အညီ ပြောင်းလွယ်ပြင်လွယ် ပြုပြင်လွယ်ရှိဖို့၊ အတိတ်ကို တမ်းတမနေဖို့၊ အပြောင်းအလဲကို လက်ခံဖို့နဲ့ ထာဝရဆန်းသစ်နေဖို့ လိုအပ်ပါတယ်။ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီက အခုလိုမိန့်ဆိုဖူးပါတယ်။

“ တိုးတက်ချင်ရင် အပြောင်းအလဲလုပ်ပါ။ ပြီးပြည့်စုံချင်ရင် မကြာခဏ အပြောင်းအလဲလုပ်ပါ။ ”

“ To improve is change , to be perfect is to change often.”

 

မှူးခန့်စံ