【 ဆောင်းပါး 】အမျိုးသားဇာတ်ရုံအကြောင်း

【 ဆောင်းပါး 】အမျိုးသားဇာတ်ရုံအကြောင်း

လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း။  တိတိကျကျဆိုရသော် ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၁၀ ရက်။ ထိုရက်မှစ၍ မြန်မာနိုင်ငံ၏ အကြီးဆုံးပြဇာတ်ရုံဟုဆိုရမည့် ရန်ကုန်အမျိုးသားပြဇာတ်ရုံကို တရုတ်ပညာရှင်တို့က ခေတ်မီနည်းပညာများဖြင့် အကြီးစားပြင်ဆင် အဆင့်မြှင့်တင်မှုစတင်ခဲ့သည်။

ခေတ်မီအသံစနစ်၊ မီးအလင်းအမှောင်စနစ်၊ LED စနစ်၊ 4K ရုပ်ရှင်ပြစက်စနစ်၊ လေအေးပေးစနစ်၊ မီးငြှိမ်းသတ်ရေးစနစ်၊ အမျိုးသားဇာတ်ရုံ၏ ပင်မအဆောက်အအုံကြံ့ခိုင်မှု၊ လုံခြုံရေးစနစ်များကို အဓိကဦးစားပေး အဆင့်မြှင့်ပြုပြင်ပေးခဲ့ကြပြီး လက်ရှိတွင်မူ နိုင်ငံတကာအဆင့်မီ ပြဇာတ်ရုံတစ်ရုံ ဖြစ်လာခဲ့ပြီဖြစ်သည်။

၂၀၂၀  ခုနှစ်၊ ဒီဇင်ဘာလအကုန်က ရန်ကုန်အမျိုးသားပြဇာတ်ရုံ အဆင့်မြှင့် ပြင်ဆင်တည်ဆောက်မှု ၅၀ ရာခိုင်နှုန်းကျော်ပြီးစီးခဲ့သော်လည်း နောက်ပိုင်းတွင် ကိုဗစ်ကြောင့် တည်ဆောက်မှု နှောင့်နှေးခဲ့ရသည်။ သို့သော်လက်ရှိတွင် ပြင်ဆင်မှုအားလုံး ပြီးစီးခဲ့ပြီဖြစ်သည်။

ရန်ကုန်အမျိုးသားပြဇာတ်ရုံသည် နိုင်ငံတကာနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ရာတွင် နေရာကောင်းဖြစ်ရုံသာမက ဘာသာရေးဆိုင်ရာအခမ်းအနားများကိုလည်း စည်ကားစွာကျင်းပတဲ့နေရာဖြစ်သည်။ မြန်မာပြည်သူတို့၏ အနုပညာလက်ရာများ စုစည်းပြသသည့်နေရာဖြစ်သကဲ့သို့ တေးဂီတအစွမ်းလက်စွမ်းပြ ဖျော်ဖြေကြရာ နေရာလည်းဖြစ်သည်။ အရေးကြီးအစည်းအဝေး၊ အခမ်းအနားများ ကျင်းပရာနေရာလည်းဖြစ်သည်။ ထိုသို့ မြန်မာပြည်သူတို့အတွက် အထူးအရေးပါလှသည့် ရန်ကုန်အမျိုးသားပြဇာတ်ရုံသည် တရုတ်အစိုးရနှင့် ပြည်သူများကပေးသည့် “အဖိုးတန် လက်ဆောင်” ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ “အမျိုးသားအဆင့်” သတ်မှတ်ထိန်းသိမ်း တန်ဖိုးထားရသည့် ပြဇာတ်ရုံလည်းဖြစ်သည်။

တရုတ်တို့ကပေးသည့် “အဖိုးတန် လက်ဆောင်”ဟုဆိုရခြင်းမှာ ထိုပြဇာတ်ရုံကို တရုတ်အစိုးရက ငွေကျပ် မီလီယံ အကုန်ကျခံ တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ထိုမျှသာမကသေး။ တည်ဆောက်ပေးခဲ့ပြီး နှစ်ပေါင်း ၂၉ နှစ် အကြာတွင်လည်း တရုတ်ယွမ် သန်းရာချီ ထပ်မံအကုန်ကျခံကာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ခမ်းနားထည်ဝါလှသည့် ပြဇာတ်ရုံ ဖြစ်လာအောင် ခေတ်မီနည်းပညာများဖြင့် အဆင့်မြှင့်တင် ပြုပြင်ပေးခဲ့ပြန်လေသည်။ ထိုသို့ တည်ဆောက်ပေးရုံမက ထပ်မံအဆင့်မြှင့်တင် ပြင်ဆင်ပေးခဲ့သည့်  တရုတ်အစိုးရ၏ လုပ်ဆောင်မှုကပင် “အဖိုးတန်လက်ဆောင်”ဖြစ်သည်ဟု ဆိုရမည်။

“ ရိုးရိုးလေးပဲစဉ်းစားကြည့်ဗျာ။ ကျွန်တော် အိမ်နီးချင်းကို TV တစ်လုံးလက်ဆောင်ပေးမယ်။ ပေးပြီးရင် ပြီးသွားရောလေ။ ဟောင်းနေလို့ ပြင်ပေးမယ်။ ပျက်နေလို့ ပြင်ပေးမယ်ဆိုတာမျိုး ထပ်မလုပ်ဖြစ်ဘူး။ အခုက ဆောက်ပေးတဲ့အပြင် နှစ်ပေါင်း ဆယ်ချီကြာတဲ့အချိန် ထပ်ပြီးအသစ်နီးပါး အဆင့်မြှင့် တည်ဆောက်ပေးပြန်တယ်။ ဒါကြောင့်  ဒီရန်ကုန်အမျိုးသားပြဇာတ်ရုံက ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် တရုတ်နိုင်ငံသားတွေကပေးတဲ့ အဖိုးတန်လက်ဆောင်လို့ ဆိုရတာပါ။ ဒီတစ်ခုတည်းမှမဟုတ်ဘူး။ တရုတ်က မြန်မာနိုင်ငံအတွက် ဆိုရင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသဖြင့်ပေါ့ ကဏ္ဍစုံ၊ နေရာစုံတွေမှာ ပုံစံအမျိုးမျိုးနဲ့ ကူညီပံ့ပိုးပေးနေတာ အများကြီးပဲ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မြန်မာပြည်သူတွေကို ပစ်မထားဘူး။ အိမ်နီးချင်းကောင်းနိုင်ငံပါပဲ။”ဟု အမည်မဖော်လိုသည့် တရုတ်- မြန်မာ အရေးလေ့လာသုံးသပ်သူတစ်ဦးက သူ၏အမြင်ကို ဆိုသည်။

ရန်ကုန်အမျိုးသားပြဇာတ်ရုံ တည်ဆောက်ရန်ဖြစ်ပေါ်လာပုံကို သိသူလည်းရှိမည်။ မသိသူလည်း ရှိနိုင်သည်။ လိုတိုရှင်းဆိုရင်သော် လွန်ခဲ့သည့် ၁၉၈၅ ခုနှစ်၊ မတ်လအတွင်း တရုတ်နိုင်ငံသမ္မတကြီး လီရှန်နင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့စဉ် ရန်ကုန်အမျိုးသားပြဇာတ်ရုံကို တရုတ်အစိုးရနှင့် ပြည်သူများ၏ ကိုယ်စား “မေတ္တာလက်ဆောင်”အဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။

ရန်ကုန်အမျိုးသားပြဇာတ်ရုံ တည်ဆောက်မှုမှာ ထိုစဉ်က ကုန်ကျစရိတ်စုစုပေါင်း ၂၁၅ ဒသမ ၄၇ မီလီယံ ကျပ်ရှိခဲ့ပြီး တရုတ် အစိုးရမှ ၁၅၀ မီလီယံကျပ် အကူအညီပေးခဲ့သည့်အတွက် မြန်မာဘက်မှ ကျန်ငွေသာ ကုန်ကျခဲ့သည်။ ထိုသို့ တည်ဆောက်မှုအပြီး နှစ်ပေါင်း ၂၉ နှစ်အကြာ ယခုအချိန်တွင် တရုတ်အစိုးရဘက်မှ ထပ်မံ ယွမ် ၁၇၃ သန်း အကုန်ကျခံကာ အသစ်နီးပါးကဲ့သို့ ခေတ်မီပြဇာတ်ရုံအဖြစ် ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်ပေးခဲ့ ပြန်သည်။

လက်ရှိတွင် ရန်ကုန်အမျိုးသားပြဇာတ်ရုံသည် ခေတ်မီအဆင့်မြင့်နည်းပညာ ဒီဇိုင်းသစ်များနှင့်အတူ ခမ်းနားထည်ဝါနေလေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး Mr. Chen Hai က ရန်ကုန် အမျိုးသားပြဇာတ်ရုံကို မြန်မာလက်ထဲ လွှဲပြောင်းပေးခဲ့သည်။

“ကပ်ရောဂါတွေနဲ့ တခြားအခက်အခဲမျိုးစုံကို ကျော်ဖြတ်ပြီး ပြုပြင်မွမ်းမံတဲ့စီမံကိန်းကို အဆက်မပြတ် ဖော်ဆောင်ခဲ့တဲ့အခါ လက်ရှိမှာ  ရန်ကုန်အမျိုးသားဇာတ်ရုံကတော့ အဆင့်မြင့်ခေတ်မီအနုပညာဇာတ်ရုံအဖြစ်ရောက်လာပါပြီ။ အမျိုးသားဇာတ်ရုံပြုပြင်မွမ်းမံပြီးစီးခဲ့လို့ လွှဲပြောင်းပေးပြီးရင်လည်း ကျွန်တော်တို့ နိုင်ငံဘက်က အချိန်တစ်ခုထိ နည်းပညာထိန်းသိမ်းမှုနဲ့ လေ့ကျင့်မှုတွေလုပ်ပေးသွားမှာပါ။”ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး Mr. Chen Hai က ပြောသည်။

ထိုပြဇာတ်ရုံကြီးမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို တိုးပွားစေသလို ယဉ်ကျေးမှုဖလှယ်ရာ အဖြစ်လည်း အထောက်အကူ ပြုစေသည့်အပြင် မြန်မာနိုင်ငံ၏ အနုသုခမလောကအတွက်လည်း အနာဂတ်ကာလတွင် များစွာအထောက်အကူပြုစေမည်ဖြစ်သည်။

ဘုန်းမြတ်(အုန်းတောမြေ)