【 ဆောင်းပါး 】အရှိန်အဟုန်ဖြင့်ရွေ့ခဲ့သည့် တရုတ် - အာဆီယံ (၁၀) နှစ်တာခရီး

【 ဆောင်းပါး 】အရှိန်အဟုန်ဖြင့်ရွေ့ခဲ့သည့် တရုတ် - အာဆီယံ (၁၀) နှစ်တာခရီး

ယနေ့ကမ္ဘာကို ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် တွေ့မြင်လာရသည်က နိုင်ငံများအကြား ချိတ်ဆက် ပူးပေါင်းဆောင်ရွက်လာမှုများပင် ဖြစ်သည်။ သီးခြားရပ်တည်လျက်ရှိသောနိုင်ငံတချို့ ကမ္ဘာပေါ်တွင် ရှိနေသော်လည်း နိုင်ငံအများစုသည် နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာမူဝါဒများကို ထောက်ရှုခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အရေးပေးလုပ်ဆောင်လာကြသည်။ ယင်းတို့တွင် နိုင်ငံတစ်နိုင်ငံချင်းစီက ကမ္ဘာပေါ်ရှိအသင်းအဖွဲ့များဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းများလည်း အပါအဝင်ဖြစ်သည်။

ထို့ကြောင့်ပင် အာရှဒေသတွင် အင်အားကြီးတရုတ်နိုင်ငံနှင့်အာဆီယံတို့ကြားဆက်နွယ်ကာ ပူးပေါင်းဆောင်ရွက်မှုများအပြင် အမေရိကန်နှင့်ရုရှားကဲ့သို့ အင်အားကြီးနိုင်ငံကြီးများ၏ အရှေ့အာရှသို့ ပူးပေါင်းပါဝင်လာကြခြင်းများကို မြင်တွေ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာ ၂၂ ရက်တွင် ဒေသတွင်းအင်အားကြီး တရုတ်နိုင်ငံနှင့်အာဆီယံတို့ကြား အာဆီယံ-တရုတ် ဆွေးနွေးဖက်နိုင်ငံဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့်မြောက်ခဲ့သလို တစ်ဖက်တွင်လည်း ယခု ၂၀၂၂ တွင် အမေရိကန်-အာဆီယံ ဆက်ဆံရေးထူထောင်သည့် ၄၅ နှစ်ပြည့် ထိပ်သီးအစည်းအဝေးများ ကျင်းပခဲ့ကြသည်။ ဒါ့အပြင်အီးယူ - အာဆီယံ ဆက်ဆံရေးများအပြင် ယခုနှစ်တွင် ရုရှားနိုင်ငံနှင့်လည်း ပူးပေါင်းလုပ်ဆောင်မှုများကို တွေ့ရမည်ဖြစ်သည်။

ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ထိုင်းတို့သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များ၏ အစည်းအဝေးများ၊ G20 ထိပ်သီးအစည်းအဝေးနှင့် APEC စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးများကို အသီးသီး လက်ခံကျင်းပ ခဲ့ကြသည်။ ကိုဗစ်အလွန် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်က အာရှဒေသကို ဦးတည်လာကာ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အာရှအသံကို ဂရုတစိုက် နားထောင်လာကြသည်။

တစ်နည်းအားဖြင့် အင်အားကြီးနိုင်ငံများသည် အာဆီယံနှင့် ဆက်နွယ်မှုကိုတို့မြှင့်ရန် လိုလားလာသည်ကို တွေ့နေရတာလည်းဖြစ်သည်။ထို့ကြောင့် အမေရိကန်သည် အာရှပစိဖိတ်ဒေသအား လျစ်လျူရှုထားခြင်းမရှိကြောင်း ဘိုင်ဒင်အစိုးရက အမေရိကန်-အာဆီယံ ဆက်ဆံရေးထူထောင်သည့် ၄၅ နှစ်ပြည့် ထိပ်သီးအစည်းအဝေးလုပ်ဆောင်လာခဲ့သည်။

“အာဆီယံနဲ့ အမေရိကန်နိုင်ငံကြား သမိုင်းစာမျက်နှာသစ်နဲ့အပြန်အလှန်ဆက်ဆံရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့တာလည်းဖြစ်တယ်။ အာဆီယံဟာ အင်ဒို-ပစိဖိတ် မူဘောင်များနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ နှလုံးသားအဖြစ် အမြဲတမ်းရှိနေမှာပါ။ အမေရိကန်အစိုးရအနေနဲ့ အာဆီယံ-အမေရိကန် မဟာဗျူဟာ မိတ်ဖက်ဆောင်ရွက်မှုကို တိုးမြှင့်နိုင်ခဲ့လို့ ကျေနပ်မိတယ်” လို့ အမေရိကန်သမ္မတက ဆိုသည်။

သို့သော် ၂၀၁၆ ခုနှစ်ပြီးနောက် ပထမဆုံးအကြိမ် အမေရိကန်သမ္မတမှ ဦးစီးကျင်းပသည့် အမျိုးအစားတူ အစည်းအဝေး ဖြစ်နေခဲ့သည်။

တစ်ဖက်တွင်မှာတော့ တရုတ်နိုင်ငံနှင့် အာဆီယံတို့ကြားမှာ  နီးကပ်မှုအဖြစ် နှစ်ဘက်ကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးကို ထူထောင်လိုက်ကြောင်း ပူးတွဲကြေညာခဲ့ပြီး ဒေသတွင်းနှင့် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ချမ်းသာသုခနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားသစ်ဖြည့်တင်းပေးမည့် အရွေ့တစ်ခုအဖြစ် တရုတ်က ကြွေးကြော်လာခဲ့သည်။

“အေးတူပူအမျှနေထိုင်၍ မိသားစုဥယျာဉ် အတူတကွတည်ဆောက်မည်”ဟု တရုတ် သမ္မတရှီကျင့်ဖျင်က ၂၀၂၁ ခုနှစ် ဆွေးနွေးဖက်နိုင်ငံဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အစည်းအဝေးမိန့်ခွန်းပြောကြားခဲ့သည်။

တရုတ် - အာဆီယံတို့ကြားက ဆက်နွယ်မှုများသည် ကိန်းဂဏန်းများကိုကြည့်လျှင်လည်း အနီးကပ်ဆုံးတွင် ရှိနေသည်။ တရုတ်နိုင်ငံသည် ၂၀၀၉ ခုနှစ်မှစကာ အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ရပ်တည်ခဲ့သလို အာဆီယံနှင့် တရုတ်အကြား ကုန်သွယ်မှုသည် ၂၀၁၀ ခုနှစ်မှ စတင်ကာ နှစ်ဆကျော် တိုးလာခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် လေးဆနီးပါး တိုးလာခဲ့သည်။ ၂၀၂၁ ခုနှစ် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ကာလမှာပင် ဖေါ်ပြချက် စာရင်းများအရ တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်တိုက်ရှိနေခဲ့သလို အာဆီယံသည်လည်း တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရှိနေသည်။ယင်းသည် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသည့်ကြားက တရုတ် -  အာဆီယံကြားတွင် မြင်သာသော နီးကပ်မှုဟု ရှုမြင်ကြသည်။

စီးပွားရေးအရွေ့များအဖြစ် ၂၀၀၄ ခုနှစ်တွင် စတင်ကာ နှစ်စဉ် ကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည်လည်း တရုတ်နိုင်ငံ နှင့် အာဆီယံကြား ကုန်သွယ်မှုနှင့် နှစ်ဘက်ဆက်ဆံရေး မြှင့်တင်ခြင်း အတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။၂၀၁၀ ခုနှစ်တွင် လွတ်လပ်သောကုန်သွယ်မှုဧရိယာ (FTA) အရ စည်းကြပ်ခွန်များအား လျှော့ချကာ နှစ်ဘက်ကုန်သွယ်ရေးမှာ တိုးတက်မှု ခိုင်မာလာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ရှေးခေတ်ပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်း ကို ကျော်လွန်ကာ ပိုးလမ်းမ စီးပွားရေးရပ်ဝန်းနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမကို ရည်ညွှန်းခြင်း ဖြစ်ပြီး BRI ကိုမိတ်ဆက် အဆိုပြုခဲ့ပြီး အာရှတိုက်၊ ဥရော ပတိုက်နှင့် အာဖရိကတိုက်၏ ကုန်သွယ်ရေးနှင့်အခြေခံအဆောက်အအုံ ကွန်ရက်ကို ချိတ်ဆက်ရန် လုပ်ဆောင်ခဲ့သည်။ လက်ရှိတွင် အကောင်အထည်ဖော်မှုများအဖြစ် လာအိုသို့ ရထားလမ်းဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သလို ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၊ တရုတ်-ထိုင်း ရထားလမ်း၊ တရုတ်-မလေးရှားနှင့် တရုတ်-အင်ဒိုနီးရှား "စက်မှုဇုန် နှစ်ခု" ကဲ့သို့ Belt and Road စီမံကိန်းများတွင် ကောင်းမွန်သော တိုးတက်မှုများ ရရှိခဲ့ကြောင်း အချက်အလက်များကိုတွေ့ရမည်ဖြစ်သည်။

ဒါ့အပြင် အရှေ့အာရှဒေသတွင် စီးပွားရေးပေါင်းစည်းမှုကို မြှင့်တင်ရန် အရေးပါသည့် ဖော်ဆောင်မှုတစ်ခုအဖြစ် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် ဘက်စုံစီးပွားရေး ပူပေါင်းဆောင်ရွက်မှု သဘောတူညီချက် (Regional Comprehensive Economic Partnership) RCEP ကို လက်မှတ်ရေးထိုးအကောင်အထည်ဖေါ်ခဲ့ကြပြီး တရုတ် - အာဆီယံကြားက တိုးတက်မှုများရှိနေခဲ့သည်။ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုအတွက် ၉၂ ရာခိုင်နှုန်းကျော်သည် RCEP သဘောတူညီမှုစတင်အသက်ဝင်သည့် ယခု၂၀၂၂ ခုနှစ်တွင် စတင်ကာ အခွန်စည်းကြပ်မှုမှ ကင်းလွတ်ခွင့် ခံစားခွင့်ရရှိနေပြီဟု ဆိုသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် အာဆီယံတို့သည် နည်းပညာမြင့်၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် အစိမ်းရောင် စီးပွားရေးကဲ့သို့ စီးပွားရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများလည်း တိုးမြှင့်လုပ်ဆောင်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုများအပြင် အာဆီယံနိုင်ငံများသို့ တရုတ်နိုင်ငံမှ အဆင့်မြင့်နှင့် ဆက်စပ်နည်းပညာများ အမျိုးအစား ၁,၀၀၀ ပံ့ပိုးခဲ့ပြီး အာဆီယံမှ လူငယ်သိပ္ပံပညာရှင် ၃၀၀ အား တရုတ်နိုင်ငံသို့ လေ့လာရေးအစီအစဉ်များလည်းပါဝင်ခဲ့သည်။

တစ်ဖက်တွင်လည်း အငြင်းပွားမှုများဖြစ်ပေါ်လျှက်ရှိသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ အရေးတွင်လည်း တည်ငြိမ်မှုအတွက် ပူးပေါင်းဆောင်ရွက်နေသလိုစီးပွားရေးအပြင် စစ်ရေးနှင့် လုံခြုံရေးဖလှယ်မှုများသည်လည်း ပိုမိုနက်ရှိုင်းမှုရှိနေသည်။၂၀၁၈ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် အာဆီယံမှ ရေတပ်များနှင့် တရုတ်ရေတပ်တို့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သည်။

လုံခြုံရေးနယ်ပယ်များဖြစ်သည့် အကြမ်းဖက်မှု တန်ပြန်ရေး၊ ရာသီဥတုတုံ့ပြန်မှု၊ ဆိုက်ဘာလုံခြုံရေး၊ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှု တိုက်ဖျက်ရေး၊ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုများမှစလို့ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသလို ယဉ်ကျေးမှုလည်းယှက်သွယ်နေသောကြောင့် ပေကျင်းနှင့် အာဆီယံကြားနီးကပ်မှုသည် ပိုနေကာပူးပေါင်းဆောင်ရွက်မှုသည် ဆယ်စုနှစ်အတွင်း တိုးတက်ပြောင်းလဲမှုများစွာရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး နှစ်(၃၀)ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဇွန်လ ၇ ရက်က တရုတ်နိုင်ငံ ချုံချင့်၌ ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

 

   မိုးသား