【 ဆောင်းပါး 】အရှိန်အဟုန်ဖြင့် ကာကွယ်ရန် လိုနေသည်

【 ဆောင်းပါး 】အရှိန်အဟုန်ဖြင့် ကာကွယ်ရန် လိုနေသည်

ဥပဒေအရ တားမြစ်ထားသည့်အပြင် မျိုးသုဉ်းအန္တရာယ်နှင့်နီးကပ်နေသည့် ရှားပါးတောရိုင်းတိရစ္ဆာန်ပစ္စည်းများ တရားမဝင်ရောင်းဝယ်မှုများမှာ မြေပြင်သာမက အွန်လိုင်းဖြင့်ပါ ရောင်းဝယ်မှုတွင်ကျယ်လာနေသည်။ ၂၀၂၀ မှ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်ပစ္စည်းများ ရောင်းချသည့် Facebook ပို့စ်များ ၇၄ ရာခိုင်နှုန်းအထိတိုးလာကြောင်း တွေ့ရှိရသည်။ အဆိုပါ အရောင်းပို့စ်များတွင် ပါဝင်သော မျိုးစိတ်များ၏ ၇၁ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ ၂၀၁၈ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ  “လုံးဝကာကွယ်ထားသည့်” တိရစ္ဆာန်မျိုးစိတ်များဖြစ်ကြောင်း WWF အာရှ-ပစိဖိတ်ဒေသဆိုင်ရာရုံး၏ သုတေသန ပြုထားချက်တွင် ဖော်ပြထားသည်။

“ အခုက ပိုဆိုးတာပေါ့။ ဖမ်းဆီးအရေးယူတာတွေလည်း မလုပ်နိုင်တော့ ဆောင်းခိုငှက်တွေကအစ တခြားသားကောင်ကြီးတွေကအဆုံး အမဲလိုက် သတ်ဖြတ်ရောင်းချနေကြတာပဲ။ တောထဲက ဆေးဖက်ဝင်အပင်တွေရော နုတ်ကြ၊ ခုတ်ကြနဲ့ ရောင်းနေကြတာပဲ။ ငှက်တွေကိုဆိုရင်လည်း ပထမတော့ ဝမ်းစာအဖြစ် ဖမ်းရောင်းကြတာပေါ့။ နောက်ပိုင်းစီးပွားဖြစ်ကို လုပ်လာကြတယ်။ ဆောင်းခိုငှက်တွေဆိုရင် ဖေ့ဘွတ်ခ်မှာ မတွေ့ချင်မှအဆုံး အကောင်လိုက် တင်ရောင်းနေကြတာ။ မျောက်ဆိုရင်လည်း ဒီအတိုင်း အွန်လိုင်းတွေကနေကို ရောင်းနေကြတာ။ ”ဟု ရခိုင်ပြည်နယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ဆောင်နေသူ (အမည်မဖော်လိုသူ) တစ်ဦးက ဆိုသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် မျိုးသုဉ်းအန္တရာယ်အဆင့် သတ်မှတ်ထားသည့် တောရိုင်းတိရိစ္ဆာန်၊ အပင်အရွက်များနှင့် သားငှက်မှောင်ခို စျေးကွက်မှာ နည်းလမ်းမျိုးစုံဖြင့် တွင်ကျယ်နေသေးကြောင်း မြင်သာနေသည်။ ဇီဝမျိုးစုံ၊ မျိုးကွဲ ထိန်းသိမ်းကာကွယ်ရေးအတွက် သက်ဆိုင်ရာက လွန်ခဲ့သည့် နှစ်များကတည်းက ဘေးမဲ့တော များစွာဖြင့် လုပ်ဆောင်နေသော်လည်း တစ်ဖက်တွင် မှောင်ခိုစျေးကွက်မှာ ကြီးစိုးနေဆဲ ဖြစ်သည်။ ထိုအခြေအနေကို ပြောင်းလဲရန်၊ ကာကွယ်ရန် သက်ဆိုင်ရာအပါအဝင် အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများက ပညာပေးခြင်း ဖြင့်လည်းကောင်း၊ သုတေသနပြုလုပ် မှတ်တမ်းပြုစုထိန်းသိမ်းကာကွယ်ခြင်းဖြင့်လည်း ကောင်း ဇီဝမျိုးစုံ၊ မျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် အင်တိုက်၊ အားတိုက်လုပ်ဆောင်ခဲ့ကြသည်။

“ကျွန်တော်တို့ရဲ့အပြုအမူကို မပြောင်းလဲဘဲ ဆက်ပြီး တောရိုင်းတိရစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် မွေးနေကြမယ်၊ တောကောင်သားတွေကို စားသုံးနေကြမယ်ဆိုရင် အကျိုးဆက်ကို ပြန်ပေးဆပ်ရပါလိမ့်မယ်။ လူနဲ့ တိရစ္ဆာန်တွေကြား ကူးစက်ရောဂါတွေ ဖြစ်လာနိုင်တာကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်ပြီး ကမ္ဘာတစ်ဝန်းက လူတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်။” ဟု WildAid ၏ လုပ်ငန်း အစီအစဉ်များဆိုင်ရာ အရာရှိချုပ် John Baker ကပြောကြားခဲ့သည်။

 ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း  Wold Wildlife Fund (WWF) အာရှ - ပစိဖိတ်ဒေသဆိုင်ရာရုံးနှင့် WildAid တို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့သည့် တောရိုင်းတိရစ္ဆာန်များအား အွန်လိုင်းမှ တရားမဝင် ရောင်းဝယ်နေမှု များပြား လာခြင်းကြောင့် ဝယ်လိုအားလျှော့ချရန်နှင့် ကပ်ရောဂါဆိုးထပ်မဖြစ်စေရန်"The Price We Pay” ဟုခေါ်သည့် ပညာပေးအစီအစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကြိမ်ဖန်များစွာ အသိပေး၊ သတိပေးနေသော် လည်း မှောင်ခိုစျေးကွက်မှာ  အွန်လိုင်းပလက်ဖောင်းအထိပင် တွင်ကျယ်လာသည်မှာ စိတ်မကောင်းစရာဖြစ်နေသည်။

မြန်မာနိုင်ငံအနေဖြင့် ဘေးမဲ့တောများဖြင့် ဇီဝမျိုးစုံ၊ မျိုးကွဲများ ထိန်းသိမ်းကာကွယ်ဆောင်ရွက်ရာတွင် အောင်မြင်မှုများရှိနေသည်ကိုလည်း မေ့ထား၍မရ။ ဥပမာ မှောင်ခိုစျေးကွက်၌ ရောင်းဝယ်မှု တွင်ကျယ်နေသည့် ကြယ်လိပ်များကဲ့သို့ ရှားပါး လိပ်မျိုးစိတ်များကို ထိန်းသိမ်းကာကွယ်မွေးမြူရာမှ ဆယ်ဂဏန်းမှသည် လက်ရှိတွင် အကောင်ရေ သောင်းနှင့်ချီ ပြန်တိုးပွားနေပြီဖြစ်သည်။ သို့သော် ထိန်းသိမ်းကာကွယ်ရန်ခက်သည့် ဆင်ကဲ့သို့၊ ကျား၊ ကျားသစ် စသည့် ကြောင်ကြီးအမျိုးအနွယ်ဝင် တောရိုင်း တိရစ္ဆာန် များကဲ့သို့၊ ဧရာဝတီလင်းပိုင်များကဲ့သို့ မျိုးစိတ်များမှာ တဖြည်းဖြည်း ရှားပါးလာနေသည်။

ထိုအခြေအနေကို ဖြေရှင်းရန် သက်ဆိုင်ရာ အစိုးရ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများက ပူးပေါင်းကာ ပညာပေးခြင်းများဖြင့်လည်းကောင်း၊  ဇီဝမျိုးစုံ၊ မျိုးကွဲများကို သုတေသနများ လုပ်ပြီး ထိန်းသိမ်းကာကွယ် ခြင်း များဖြင့်လည်းကောင်း တစ်နှစ်ထက်၊ တစ်နှစ် အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ကြသည်။ လက်ရှိ မဟုတ်၊ ယခင်နှစ်များက ဖြစ်သည်။  မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံ မျိုးကွဲများထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပြီးခဲ့သည့် နှစ်များကတည်းက အိမ်နီးချင်းတရုတ်နိုင်ငံ၏ နည်းပညာ အထောက်အပံ့များရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် သစ်တောသုတေသနဌာနနှင့် တရုတ်သိပ္ပံနည်းပညာအကယ်ဒမီတို့ ၅ နှစ်သက်တမ်းရှိ နားလည်မှု စာချွန်လွှာရေးထိုးကာ မြန်မာနိုင်ငံအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများနှင့် သုတေသန လုပ်ငန်းများ၊ သက်ဆိုင်ရာသုတေသီများ မွမ်းမံသင်တန်းပေးခြင်းများ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

ထိုသို့ လုပ်ဆောင်ခြင်း၏ အကျိုးရလဒ်အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ သဘာဝအတိုင်း ကျက်စားနေထိုင်နေသည့် နို့တိုက်သတ္တဝါ (၄၂)မျိုးကို လျှို့ဝှက်ကင်မရာများဖြင့် မှတ်တမ်း တင်နိုင်ခဲ့သလို ငှက်မျိုးစိတ်ပေါင်း (၃၁၉)မျိုးကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။ ခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီ၊ မဒွယ်ရာဇီနှင့် တမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့တွင်လည်း တရုတ်သုတေသီများနှင့် ပူးပေါင်းကာ အပင်မျိုးစိတ် စာရင်းကောက်ယူခဲ့ပြီး ပန်းပုံစံနမူနာပေါင်း(၉၄၀၀၀)ကျော်နှင့် မျိုးရိုးဗီဇနမူနာ (၃၃၅၀)ကို မှတ်တမ်းတင်နိုင်ခဲ့သည်ဟု သုတေသနတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနမှ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာသုတေသီတစ်ဦးက ပြောထားသည်။

ထိုလေ့လာမှုတွင် အပင်မျိုးစိတ်သစ်(၁၅)မျိုးကို တွေ့ရှိခဲ့ပြီး ငါးနမူနာ(၈၁၅၈)မျိုးကိုလည်း  မြန်မာနိုင်ငံရှိ မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှ စစ်တမ်းကောက်ယူနိုင်ခဲ့သည်ဟုဆိုသည်။

တရုတ်နိုင်ငံသည် ၎င်းတို့နိုင်ငံတွင်း၌လည်း အလားတူ ပြဿနာများကို ရင်ဆိုင်နေရသည့် နိုင်ငံဖြစ်သည်။ အချက်အလက်အချို့ကို ဆိုရလျှင် တရုတ်နိုင်ငံအတွင်း လွန်ခဲ့သည့်နှစ်များကတည်းက ပဏာမစာရင်း ကောက်ယူမှုအရ ထူးခြားမျိုးစိတ် ၂၀၀ နီးပါး ပျောက်ကွယ်သွားပြီဖြစ်သည့်အပြင် မျိုးသုဉ်းအန္တရာယ် ကျရောက်နေသည့် တိရစ္ဆာန်နှင့် အပင်မျိုးစိတ် စုစုပေါင်း အရေအတွက် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ရှိနေကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

လက်ရှိတွင် တစ်နှစ်ထက်တစ်နှစ်တိုး၍ ဇီဝမျိုးစုံမျိုးကွဲများကို သုတေသနပြု စာရင်းကောက်ကာ ထိန်းသိမ်းကာကွယ်မှုများလုပ်ဆောင်နေသည့်အတွက် မျိုးသုဉ်းမှု အန္တရာယ်ဘေးမှ လျင်မြန်စွာ ပြန်လျော့ကျနေပြီ ဖြစ်သည် ဟုဆိုသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာအတွင်းကျင်းပသော COP15 ဇီဝမျိုးစုံမျိုးကွဲဆိုင်ရ အွန်လိုင်းအစည်းအဝေး၌ တရုတ်သမ္မတရှီကျင့်ဖျင်က မိန့်ခွန်းပြောကြားရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဇီဝမျိုးစုံမျိုးကွဲကာကွယ်ရန် ဒေါ်လာ ၂၃၂ ဒသမ ၄၇ သန်း ရန်ပုံငွေ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ကိုတွေ့ရသည်။

၂၀၂၁ ခုနှစ်၊ မေလအတွင်း ကုလသမဂ္ဂအစီရင်ခံစာတစ်ခုတွင်လည်း မြေယာသဘာဝကို ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ရန် ကမ္ဘာလုံးဆိုင်ရာနှစ်စဉ်အသုံးစရိတ်သည် ဆယ်စုနှစ်အတွင်း ၃ ဆတိုးလာနိုင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၃၅၀ ဘီလီယံခန့်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ဒေါ်လာ ၅၃၆ ဘီလီယံ အထိ မြင့်တက်လာလိမ့်မည်ဟု ဆိုထားသည်။ ထိုအချက်များကိုကြည့်ခြင်းအားဖြင့် ကမ္ဘာမြေ၏ အပင်များ၊ တိရစ္ဆာန်များနှင့် ဂေဟစနစ်ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံအများစုက အင်တိုက်အားတိုက် လုပ်ဆောင်သွားရန် ရည်မှန်းထားကြပြီဖြစ်ကြောင်း မြင်နိုင်သည်။ သက်ဆိုင်ရာနိုင်ငံအလိုက် ဥပဒေများ ချမှတ်ကာ တင်းတင်းကျပ်ကျပ် အရေးယူ ဆောင်ရွက်များလည်းရှိနေသည်။

မြန်မာနိုင်ငံတွင်လည်း ထိုသို့ ဇီဝမျိုးစုံမျိုးကွဲများကို ဥပဒေအရ တားမြစ်ကာကွယ်ထားသည်။ ပြစ်ဒဏ်များလည်း သတ်မှတ်ထားသည်။ ၂၀၁၈ ခုနှစ် မေလတွင် ပြဋ္ဌာန်းခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေတွင် သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို အမဲလိုက်ခြင်း သို့မဟုတ် ရောင်းချခြင်း၊ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊ သာမန် ကာကွယ်ထားသည့် သဘာဝအပင်တစ်မျိုးမျိုးကိုလည်း ထိုသို့ ထုတ်ယူ၊ စုဆောင်း၊ ဖျက်ဆီးပါက ကျူးလွန်သူကို  ၅ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၁၀ သိန်း အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။

လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် သို့မဟုတ် နိုင်ငံတကာကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်သည့် တိရစ္ဆာန်ကိုသတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရဖြစ်စေခြင်း၊ စုဆောင်းခြင်း၊ ရောင်းချခြင်း သို့ မဟုတ် တစ်နည်းနည်းဖြင့်လွှဲပြောင်းခြင်း၊ ယင်းတိရစ္ဆာန်ကိုဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကိုဖြစ်စေ၊ သွေးရည်ကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း သို့မဟုတ် သယ်ဆောင်ခြင်း၊ လုံးဝကာကွယ်ထားသည့် သဘာဝအပင်များကိုလည်း ထိုသို့ ကျူးလွန်ပါက ပြစ်မှုထင်ရှားလျှင် ထိုသူကို အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ဖော်ပြပါရှိသည်။

“ အခုကတော့ အိမ်နီးချင်း တရုတ်အပြင် ထိုင်းတို့ဘာတို့မှာလည်း မျိုးသုဉ်းအဆင့် တိရစ္ဆာန်တွေနဲ့ အပင်တွေကို အသေအချာကို သုတေသနလုပ်၊ စစ်တမ်းကောက်ပြီး စနစ်တကျ အင်တိုက်အားတိုက် ကာကွယ်ထိန်းသိမ်း နေကြပြီ။ သူတို့မှမဟုတ်ဘူး နိုင်ငံတိုင်းလိုလိုပါပဲ။ မြန်မာနိုင်ငံမှာက လုပ်နေတယ်ဆိုပေမယ့် ထိရောက်မှုမရှိသေးဘူးလို့ ဆိုရမယ်။ အခုနိုင်ငံရေးအခြေအနေနဲ့က ဘာမှလုပ်လို့ မရတာလဲ အားလုံးအသိပဲလေ။ ဥပဒေအရလည်း အရေးယူနိုင်ဖို့ကမလွယ်တော့ အခုချိန်က ဒီအတိုင်းကြည့်နေရတဲ့အနေအထားပါပဲ။”ဟုအမည်မဖော်လိုသည့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူတစ်ဦးက ပြောထားသည်။

ဘုန်းမြတ်(အုန်းတောမြေ)